သားဖြစ်သူပြန်လာမည်ဆိုလို့သာ ရန်ကုန်လေဆိပ်မှာ လာစောင့်နေရသည်။
ဟုတ်မှဟုတ်ပါ့ မလားဟူသော အတွေးက အသက် ၆၂ နှစ်အရွယ်မိခင်တစ်ယောက်ကို
ဒွိဟပွားစေသည်။
အမိမြေကနေ သားဖြစ်သူ
ထွက်ပြေးတိမ်းရှောင်မသွားခင် သူ့ဆီသို့ နောက်ဆုံး ကသုတ်ကရက်
ရေးသားပေးပို့ခဲ့သော စာတိုလေးထဲမှာ “အမေ ကျွန်တော်မသေပါ။ စိတ်မပူပါနဲ့။
အခြေအနေအရ နယ်စပ်ကိုထွက်သွားပါတယ်။ တစ်ပတ် သို့မဟုတ် အလွန်ဆုံး
နှစ်လလောက်ကြာမယ်”တဲ့။
ထို “အလွန်ဆုံးနှစ်လ” ဟူသော
အချိန်ကာလသည် ကုန်လွန်သွားခဲ့သည်။ သားဖြစ်သူပြန်မလာ။ နှစ်နှစ်ကုန်သွားသည်
ဘာသတင်းမှ မရ။ သေပဲသေသွားပြီလား။ နောက်ထပ် အနှစ် ၂၀ ကျော်
ထပ်ကုန်သွားပြန်သည်။ သားတစ်ယောက် ပေါ်မလာနိုင်အား။
အခု
သားဖြစ်သူပြန်လာမည်ဆိုသည့်အခါ ရင်ခုန်စွာနှင့်ပဲ အိပ်မက်မဖြစ်ပါစေနှင့်ဟု
အကြိမ်ကြိမ် ဆုတောင်းရင်း လေဆိပ်သို့ ဒေါ်နွယ်နွယ်ဝင်းရောက်လာခဲ့သည်။
ထိုနေ့က ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်။ သားဖြစ်သူလိုက်ပါ စီးနင်းလာသည့်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ပျံသန်းလာသော ထိုင်းလေကြောင်း TG-305 သည်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ
ဆိုက်ရောက်လာသည်။
ခရီးသည်တွေ တစ်ယောက်ပြီး တစ်ယောက်
ထွက်လာကြသည်။ ထိုအထဲမှာ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရသော သားဖြစ်
သူပါလေမည်လား လည်ပင်းတရှည်ရှည်နှင့် စောင့်နေရသည့် ဒေါ်နွယ်နွယ်ဝင်း
တစ်ယောက်မှာ ရင်ဖိုလှိုက်မောနေသည်။ လေဆိပ်ထဲမှ ထွက်သည့်အခါ
အနှောင့်အယှက်တစ်စုံတစ်ရာ ကြုံရမှာကိုလည်း တွေးပူနေမိသည်။
အဝေးကနေ
လွမ်းဆွတ်ခဲ့ရသော အမေဖြစ်သူနှင့် ပြန်တွေ့ရတော့မည်ဆို သည့်အခါ
သားဖြစ်သူမှာလည်း စိတ်တွေ တအားလှုပ်ရှားနေသည်။ လေယာဉ်က အဆင်း၊
ခရီးသွားအထောက်အထားတွေ အစစ်ဆေးခံ ပြီးထွက်အလာ မိတ်ဆွေ၊ အပေါင်းအသင်းများက
ဝမ်းပန်းတသာ စွပ်ပေးကြသောပန်းကုံးတွေ၊ ကမ်းပေး ကြသော ပန်းစည်းတွေ
ပိုက်လျက် အမေ ဖြစ်သူကိုရှာသည်။ ချက်ချင်းမတွေ့။ နေ မကောင်းလို့ လာမကြို
နိုင်တာပဲလား။
သည်လိုနှင့်ပဲ လူအုပ်ကြီးနှင့် တအိအိ၊
တရွေ့ရွေ့ ထွက်လာလိုက်တာ တစ်နေရာမှာ မတ်တတ်ရပ်လို့ စောင့်လင့်နေသော
အမေဖြစ်သူကို သွားတွေ့သည်။ မြင် မြင်ချင်း အမေဖြစ်သူကို ပြေးဖက်လိုက်သည်။
သားအမိနှစ်ယောက် တစ်ယောက် ကိုတစ်ယောက် တင်းတင်းကျပ်ကျပ်ဖက်ထားရင်းက
ရင်ထဲမှာ ဆို့နင့်လာကြပြီး မျက်ရည်တွေသာ တွင်တွင်စီးကျလာကြသည်။
ထိုအခိုက်မှာ သားအမိနှစ်ယောက် စလုံးဆီမှ စကားတစ်ခွန်းမှထွက်မလာ။
“သေသွားတဲ့သား အသက်ပြန်ရှင်လာသလိုခံစားလိုက်ရတယ်””
အမေဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းက ရင်ဖိုလှိုက်မောစွာဆိုသည်။
အမေဖြစ်သူ၏အသံမှာ
သားဖြစ်သူ နှင့်တွေ့ဆုံပြီး တစ်ပတ်လောက်ကြာသည်အထိ သားနှင့်ပြန်တွေ့ရသည့်
ထိုနေ့ကအကြောင်းကို ပြန်ပြောရတိုင်း ရင်တွေခုန်နေဆဲ။ အသံတွေ တုန်ခါနေဆဲ။
“ကျေးဇူးအရမ်းတင်ပါတယ်၊ သမ္မတ ကြီးကိုလေ။ ဒီတစ်သက် သားကြီးနဲ့ ပြန်ဆုံရလိမ့်မယ်လို့ကို မထင်တော့တာ”
ထိုအမေ၏ သားနာမည်က“ဦးအောင် မျိုးမင်း”။
သူက
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) (Human
Rights Education Institute of Burma - HREIB) ၏ ညွှန်ကြားရေးမှူး။
ယနေ့တော့၂၄ နှစ်လုံးလုံးအမိမြေကိုလွမ်းပြီး မက်ခဲ့ရသည့်အိပ်မက် အမှန်တကယ်
ဖြစ်လာပြီဟုဆိုကာ ဦးအောင်မျိုးမင်း တစ်ယောက် ကျေနပ်ပီတိဖြစ်နေမိ သည်။
ဦးအောင်မျိုးမင်းကား
သမ္မတ ဦးသိန်းစိန်က ပြည်ပသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအား
ဖိတ်ခေါ်ခဲ့ သည့် တစ်နှစ်ကာလအတွင်း ပြည်တော် ပြန်လာခဲ့ကြသူများထဲက တစ်ယောက်။
ရာစုနှစ်တစ်ဝက်နီးပါး
မြန်မာနိုင်ငံအတွင်း ဖြေရှင်းရခက်သည့် နိုင်ငံရေးကျပ်တည်းမှုများ၊
လွတ်လပ်စွာ ဝေဖန်ပြောဆိုပိုင်ခွင့် ကင်းမဲ့မှုများ၊ လူထုလှုပ်ရှားမှုများကို
အင်အားသုံးဖြိုခွင်းမှုများကြောင့် ပြည်ပနိုင်ငံများသို့ ဦးအောင်မျိုးမင်း
အပါအ၀င် မြန်မာနိုင်ငံသားပေါင်း မြောက်မြားစွာ
ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
၁၉၈၈
အရေးအခင်းဖြစ်ပြီးချိန်နှင့် ၂၀၀၇ အရေးအခင်းပြီးချိန်တို့သည်
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အ မြောက်အမြား ပြည်ပသို့ အစုလိုက်၊
အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ကြရသော နိုင်ငံရေးအရ မွန်းကျပ်သည့်
ခေတ်ကာလများ ဖြစ်ခဲ့ကြပါသည်။
ပြည်ပသို့
ထွက်ပြေးတိမ်းရှောင်နေရသူများအနေနှင့် နိုင်ငံပြင်ပကနေ တိုင်းပြည်အတွင်း
ပြုပြင်ပြောင်းလဲရေး များ ဖြစ်ထွန်းရေးအတွက်
အချိန်ပြည့်အရေးဆိုကြသူများရှိသလို တိုင်းပြည်ပြန်လည်ထူ ထောင်ရေးလုပ်သည့်
အခါ လိုအပ်သော နယ်ပယ်အသီးသီးမှာ အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများ
လုပ်ဆောင်နိုင်ရေးအတွက် ပညာသင်သူတွေကလည်း သင်ယူနေကြသည်။
ပြန်ကြမည့်နေ့
တစ်ဖက်နိုင်ငံမှာ
ဒုက္ခသည်အဖြစ် ခံယူထားသူများရှိသလို တစ်ဖက်နိုင်ငံသားအဖြစ်
ခံယူထားကြသူများလည်း ရှိသည်။ နယ်ပယ်အစုံကို ရောက်ရှိနေကြပြီး
ကိုယ့်ဝမ်းကိုယ်လည်း ကျောင်းရင်း၊ တိုင်းပြည်အတွက်လည်း တတ်စွမ်းသလောက်
ပြင်ပကနေ အားပေးကူညီကြရင်းဖြင့် သူတို့တစ်တွေသည် တစ်ခုသောနေ့ရက်ကို
မျှော်လင့်နေကြသည်။
ယင်းနေ့ကား စိတ်ချလက်ချ
ပြည်တော်ပြန်နိုင်မည့်နေ့။ တစ်နည်းအားဖြင့် ကိုယ့်တိုင်းပြည် ပြန်လည်ထူ
ထောင်ရေးမှာ ကိုယ်စွမ်းသလောက် ၀င်ရောက်လုပ်ကိုင်ကြဖို့ ဘေးအ္တရာယ်ကင်းကင်း၊
ဂုဏ်သိက္ခာရှိရှိနှင့် အမိမြေကို ပြန်လည်ခြေချခွင့်ရကြမည့်နေ့။
“ဘယ်သူအိမ်မပြန်ချင်ရှိမလဲဗျာ။
အထူးသဖြင့် ကျွန်တော်တို့လို ဘယ်တခြားနိုင်ငံကိုမှ ဆက်မသွားဘဲ ဒီမှာပဲ
နိုင်ငံမဲ့တွေအဖြစ်နဲ့ ကုတ်ကပ်နေရတဲ့ဘ၀တွေ ဆိုတော့ ပိုပြန်ချင်တာပေါ့” ဟု
ထိုင်း- မြန်မာနယ်စပ်ကို ရောက်ရှိပြီး နိုင်ငံရေးလှုပ်ရှားနေသူ
ကိုသွင်လင်းအောင်က ဆိုသည်။
ကိုသွင်လင်းအောင်သည် ၉၆
ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ
ဒီမို ကရက်တစ်အင်အားစု နိုင်ငံခြားရေးရာ ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးအဖြစ်
တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတ
ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သားအစိုးရတက်လာချိန်မှာတော့
ဆယ်စုနှစ်များစွာ အဖက်ဖက်မှ ယိုယွင်းနေသည့် တိုင်းပြည်အတွက်
မျှော်လင့်ချက်ရောင် ခြည်များ စတင်ပျို့သန်းလာတော့သည်။
အပြောင်းအလဲတွေလုပ်လာပြီး လူထု၏ ထောက်ခံအားပေးမှုကို ရရှိလာသော
ဦးသိန်းစိန်အစိုးရကို တစ်ကမ္ဘာလုံးက အံ့အားသင့်စွာ စောင့်ကြည့်နေချိန်မှာ
ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော
မြန်မာနိုင်ငံသားများကို ဦးသိန်းစိန်က ဖိတ်ခေါ်လိုက်သည်။
“စစချင်းကြားရတဲ့အခါ ၀မ်းသာတယ်။ ပြန်များပြန်ရရင် ဘယ်လောက် ကောင်းမလဲဆိုပြီး စိတ်ကူးတောင် ယဉ်မိတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
“စိတ်ကူးယဉ်မိရုံနဲ့တင် ကြည်နူး မှုနဲ့ မျက်ရည်ဝဲမတတ် ဖြစ်ခဲ့ရတယ်”
သမ္မတကြီး၏
ဖိတ်ခေါ်သံကြားရသည့်အချိန်မှာ ၀မ်းသာစရာဖြစ်ခဲ့သော်လည်း တစ်ချိန်တည်းမှာ
မေးခွန်းထုတ်စ ရာတွေ၊ စိုးရိမ်စရာတွေ၊ ပြီးတော့ သံသယဖြစ်စရာတွေက ပြည်ပသို့
နိုင်ငံရေးအရ တိမ်းရှောင်နေကြရသူတို့၏ ခေါင်းထဲသို့ ကဆုန်ပေါက်
ဝင်ရောက်လာကြသည်။
သံသယ
ယမန်နှစ်
သြဂုတ် (၁၇) ရက်နေ့၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး၊ အသင်း၊
အဖွဲ့အစည်းအသီးသီးမှ တာ ၀န်ရှိသူများနှင့် တွေ့ဆုံသည့် အခမ်း အနားတွင်
အမှာစကားပြောကြားသည့် မိန့်ခွန်းထဲမှာ “အကြောင်း အမျိုးမျိုး ကြောင့်
ပြည်ပကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားများကို လည်း
ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သွားတာ မရှိဘူးဆို ရင်
အချိန်မရွေးပြန်လာနိုင်ဖို့ စဉ်းစားပေးမှာဖြစ်ပါတယ်” ဟု သမ္မတ ကြီးက ပြော
ကြားသွားခဲ့သည်။
“ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်တဲ့
ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ်ဆိုရင်တောင် ကျွန်တော်တို့ သဘော ထားကြီးစွာနဲ့
စဉ်းစားပေးမှာဖြစ်ပါတယ်” ဟူ၍လည်း အဆိုပါမိန့်ခွန်းတွင်
ထည့်သွင်းပြောကြားသွားခဲ့သည်။
သမ္မတကြီး၏ မိန့်ခွန်းကို
အကြိမ်ကြိမ်ဖတ်ပြီး သူတို့တစ်တွေ မေးခွန်းထုတ် ကြသည့်အထဲမှာ ဘယ်သူတွေကို
ရည် ရွယ်ပြီး ဖိတ်ခေါ်တာလဲ။ ထိုက်သင့်သည့် အပြစ်ဒဏ်ဆိုတာ ဘယ်လိုလူတွေ
ကျခံကြရမှာလဲ။
နိုင်ငံရေးအရ တိမ်းရှောင်နေကြသူတွေ
စိတ်ထဲမှာတွေးလိုက်မိသည်က သူတို့ကို ယခုအရပ်သားအစိုးရက မည်သို့
သဘောထားမည်နည်းဆိုသော အချက်ဖြစ်သည်။ သူတို့ကို
ပြစ်မှုကျူးလွန်သူတွေဟုမြင်မည်လား။ မြင်မည်ဆိုလျှင် မည်သို့ သော ပြစ်ဒဏ် တွေ
သူတို့ခံကြရမည်နည်း။
သေချာသည်ကတော့ ၁၉၈၀ ခုနှစ် တုန်းက
ဆိုရှယ်လစ်အစိုးရ ဖိတ်ခေါ်ခဲ့သလို လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး ခေါ်သည့်
ပုံစံမျိုးမဟုတ်လေရာ စိုးရိမ်မည်ဆိုလျှင် ဘက်ပေါင်းစုံမှလှည့်တွေးပြီး
စိုးရိမ်စရာ တွေချည်းဖြစ်နေသည်။
နောက်ပြီး ယုံကြည်စိတ်ချရမှု။
ရှစ်လေးလုံးဖြစ်ပြီးခါစတုန်းကလည်း ပြည်ပသို့ထွက်ပြေးတိမ်းရှောင်သူများကို
ထိုစဉ်က တပ်မတော်အစိုးရက ပြန်လာကြဖို့ ဖိတ်ခေါ်ခဲ့ဖူးသည်။ သို့သော်
မြန်မာပြည် ပြန်ရောက်သည့်အခါ အချို့အဖမ်းခံထိပြီး အချို့မှာ
စောင့်ကြည့်ခံကြရသဖြင့် ဒီမိုက ရေစီရရှိရေး လွတ်လွတ်လပ်လပ် မလုပ်
ဆောင်နိုင်ခဲ့ကြပေ။
နှစ်ပေါင်းများစွာ အစိုးရနှင့် ပြည်သူ
ကြား ယုံကြည်မှုတွေ ပျောက်ဆုံးလာပြီး အစိုးရ ဘာတွေပြောပြော၊ ဘာတွေလုပ်
လုပ်သံသယမျက်လုံးများဖြင့် စောင့် ကြည့်၊ ဝေဖန်၊ ဆက်ဆံနေခဲ့ကြရသည့်
အနေအထားတွင် အရပ်သားအစိုးရ တက်လာသော်လည်း အခြေအနေအားလုံးကို
အစိုးရပြောတိုင်း မျက်စိစုံမှိတ်၊ ယုံလိုက် ကြဖို့က ခက်နေပြန်သည်။
“ခံခဲ့ရပေါင်းကလည်း ထပ်နေတော့”” ဟု ကိုသွင်လင်းအောင်က အစချီသည်။ ပြီးတော့ အခုလို ဆက်ပြောသည်။
“ရင်ထဲမှာတော့
နှစ်မျိုးခံစားရတယ်။ တစ်မျိုးကတော့ ဒီလိုပဲကြားကောင်းအောင်
ပြောတာနေမှာပါဆိုတာမျိုး။ သိပ် မမျှော်ပေမယ့် နောက်တစ်ခုကတော့ တကယ်
ပဲဒီဟာက အစဖြစ်ပြီး တဖြည်းဖြည်းနဲ့ တကယ်ပြောင်းလဲ လာပြီး ကျွန်တော်တို့
ပြန်လို့ရတဲ့အခြေအနေဖြစ်သွားမလားလို့ ရင်ခုန်မိတာလည်း တကယ်ဖြစ်မိပါတယ်”
အများစု
စောင့်နေကြသည့်အချက်ကတော့ ပြည်တော်ပြန်လိုသူများ ဂုဏ်သိက္ခာရှိရှိ
ပြန်လာနိုင်ရေးအတွက် ညွှန်ကြားချက်တစ်စုံတစ်ရာ၊ သို့မဟုတ် ဥပဒေ ဘယ်တော့
ပြဌာန်းပေးမလဲဟူသော အချက်ဖြစ်သည်။
“ကျွန်တော်တို့က
အပြင်ရောက်နေတဲ့ လူတွေဖြစ်နေတော့ ဂုဏ်သိက္ခာရှိရှိ ပြန်ဝင်ရေးဆိုတာကိုပါ
ထည့်စဉ်းစားရ တယ်” ဟု ကိုသွင်လင်းအောင်က ဖြည့်စွက်ပြောသည်။
“အဲဒီစကားကို ရှင်းရှင်းလေးပြောရရင်တော့လက်နက်ချအရှုံးပေး ပြန်တာမျိုး မဖြစ်အောင်ဆိုတဲ့ သဘောပါ”
၈၈
မျိုးဆက်တစ်ဦးဖြစ်သည့် ကိုညီညီအောင်ကလည်း “ကျွန်တော်တို့ကို
ဝန်ခံကတိတောင်းပြီးမှ လက်ခံတဲ့ သဏ္ဍန်ကို လုံးဝလက်မခံဘူး။ စစ်မှန်တဲ့
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ချင်တဲ့ လက္ခဏာ၊ လုပ်ရပ်၊ သဏ္ဍန်တွေ
သဘောထားတွေပေါ်လွင်တဲ့ အုပ်ချုပ်မှုနဲ့ အစိုးရ
တစ်ရပ်မျိုးဖြစ်နေဖို့လိုပါတယ်” ဟုဆိုသည်။
အရပ်သားအစိုးရကို
ယုံကြည်ဖို့ဆိုလျင် ပြည်တွင်းအင်အားစုများနည်းတူ
ပြည်ပနိုင်ငံရေးအင်အားစုများက တညီတညွတ်တည်း တောင်းဆိုကြသည်က
နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရေးဖြစ်သည်။
တောင်းဆိုသည့်အတိုင်းလည်း
ဦးသိန်းစိန်က ပြည်သူ့အသည်းနှလုံး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
များအပါအ၀င် ယုံကြည်မှုဖြင့်အကျဉ်းကျခံနေကြရသူ (နိုင်ငံရေးအကျဉ်းသား)
အတော်များများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပါသည်။ ယင်းအတွက်
ပြည်ပသို့ နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်သူ အတော်များများ၏
အသိမှတ်ပြုမှုကို ဦးသိန်းစိန်အစိုးရ အတိုင်းအတာတစ်ခု အထိ
ရရှိခဲ့သည်ဟုဆိုနိုင်ပါသည်။
သို့သော်လည်း
နိုင်ငံရေးအင်အားစုတွေ တောင်းဆိုထားသည်က မြန်မာနိုင်ငံတွင်းက
အကျဉ်းထောင်များမှာ နိုင်ငံရေး အကျဉ်းသားတစ်ဦးတစ်ယောက်မှ
မကျန်ရှိရေးဖြစ်သည်။
“အာဏာရှိနေတဲ့ လူတွေနဲ့
သဘောထားမတိုက်ဆိုင်လို့၊ ကိုယ့်စိတ်ထဲမှာရှိတဲ့ ဟာကို
ထုတ်ဖော်ပြောဆိုလို့ဆို တဲ့ ရာဇ၀တ်မှုနဲ့ ထောင်သွင်းအကျဉ်းကျခံရတဲ့
နိုင်ငံရေးအကျဉ်းသားတစ်ယောက်တည်းပဲရှိတယ် ဆိုရင်တောင် မြန်မာပြည်မှာနေရတာ
လုံခြုံမှုရှိမှာမဟုတ်ပါဘူး” ဟု Free Burma Coalition ကို ထူထောင်ခဲ့သူ
ဒေါက်တာ ဇာနည်က ဆိုပါသည်။
မျှော်သာမျှော် မပေါ်
ပြည်ပရောက်မြန်မာများ
ဂုဏ်သိက္ခာရှိရှိ ပြန်လာခွင့်ရရေးဟူသောကိစ္စကို လွှတ်တော်အမတ်တစ်ဦးက
ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါသည်။
ကချင်ပြည်နယ်၊
မဲဆန္ဒနယ် အမှတ် (၁၀)မှ ဦးသန်းမြင့် မေးမြန်းခဲ့သည့် မေးခွန်းက
“ပြည်ပရောက် မြန်မာနိုင်ငံ သားများ ပြန်လာရေးအတွက် တိကျသည့်
ပြဋ္ဌာန်းချက်တစ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းသွားရန် အစီအစဉ် ရှိ၊
မရှိ” ဟူ၍ ဖြစ်သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်၍
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ပြန်လည်ဖြေ
ကြားခဲ့သည်မှာ နိုင်ငံတော်သမ္မတ၏ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးနေသည်ဖြစ်၍
ဥပေဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် မလိုအပ်ဟူ၍ဖြစ်သည်။
“နိုင်ငံတော်သမ္မတ၏ ဖိတ်ခေါ်ချက်နှင့်အညီ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေသည့်
`မြန်မာနိုင်ငံ သားဟောင်း´ များ
ပြန်လာရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် တိကျခိုင်မာသည့်
အခြေခံမူများ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန်
လိုအပ်မည် မဟုတ်ပါ ကြောင်းနှင့် ကာယကံရှင် မြန်မာနိုင်ငံသား များအနေနှင့်
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်သာ လိုအပ်ပါကြောင်း”
ဒုတိယ၀န်ကြီးက ဖြေကြားသွားခဲ့သည်ဟု ဇူလိုင် ၂၅ ရက်နေ့ထုတ်
နိုင်ငံပိုင်သတင်းစာ များမှာ ဖော်ပြပါရှိသည်။
သို့ဖြစ်ရာ ပြည်တော်ပြန်မည့်သူများ မျှော်လင့်နေကြသည့် ဥပဒေပြဌာန်းပေးရေးဆိုသည့် မျှော်လင့်ချက်မှာေ၀၀ါးသွားခဲ့ရပြီဖြစ်သည်။
ထိုအခြေအနေတွင်
ပြန်လာလိုသူများအနေနှင့် ပြည်ဝင်ဗီဇာဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်း၊
လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာရန်သာ ရှိတော့သည်။
ပြည်ထဲရေးဒုတိယ၀န်ကြီး
ဖြေကြားချက်အရ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် ဗီဇာလျှောက်ထားရန် အတွက်
ပထမဦးစွာ မိမိရောက်ရှိနေထိုင်သည့် နိုင်ငံတွင်ရှိသည့် မြန်မာသံရုံးများကို
ဆက်သွယ်ပြီး သတ်မှတ်သည့် လျှောက်လွှာပုံစံများဖြည့်စွက်ကာ
နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြရပါမည်။
ထို့နောက်တွင်
မြန်မာနိုင်ငံသားဟောင်းများ ပြန်လာရေးကိစ္စနှင့် ပတ်သက်၍
ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကြသည်ဟု
ပြည်ထဲရေး ဒုတိယ၀န်ကြီးက ဆိုသည်။
သြဂုတ်လ ၁၇ ရက်နေ့မှာ
သမ္မတကြီးဖိတ်ခေါ်ခဲ့တာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ တစ်နှစ်ဆိုသည့်
ကာလအတွင်း သံသယများကိုခွာချပြီး ပြည်တော်ပြန်လာကြသူများ ရှိသလို
စိတ်ချလက်ချ ပြန်နိုင်မည့် အနေအထားတစ်ခု မဟုတ်သေးဟုဆိုကာ အခြေအနေကို
ဆက်လက်စောင့်ကြည့်သူအများအပြားလည်းရှိနေ သေးသည်။
နေပြည်တော်
နိုင်ငံခြားရေးဌာနနှင့် နီးစပ်သူတစ်ဦးကို ကိုးကားထားသော
မဇ္ဈိမသတင်းတစ်ပုဒ်တွင် ပြည်တော်ပြန်ရန် ပြည်ပရောက်မြန်မာများ
လျှောက်ထားမှုသည် ငါးထောင်ဝန်းကျင်ရှိနေသည်ဟု ဆိုပါသည်။
နိုင်ငံရေးရှုထောင့်မှကြည့်ပြီး
ပြန်မလာနိုင်သေးသူအမြောက်အမြားရှိသည် မှန်သော်လည်း မီဒီယာလုပ်ငန်းတွင်
လုပ် ကိုင်နေသူများမှာ ယမန်နှစ် စက်တင်ဘာ လလောက်ကစပြီး မြန်မာပြည်သို့
ဥဒဟို ၀င်ထွက်လှုပ်ရှားနေ ကြပြီဖြစ်သည်။
BBC, VOA, RFA, DVB
ကဲ့သို့ သော ပြည်ပအသံလွှင့်ဌာနများကို ထိုးနှက်တိုက်ခိုက်သည့် စာသားများ
သတင်း စာ နောက်ဆုံးစာမျက်နှာများတွင် ကာလအတန်ကြာ နေ့စဉ်ရက်ဆက်ပါရှိရာကနေ
ပြုတ်အကျ၊ ယခင်က ပိတ်ပင်ထားခဲ့သော အင်တာနက် စာမျက်နှာများ ပွင့်အကျ၊ ပြည်ပက
မြန်မာမီဒီယာသမားများဆိုတာ ပြည်တွင်းက သတင်းသမားများနှင့်အတူ အပြေးအလွှား
သတင်းယူခွင့်များရသွားကြသည်။
လွန်ခဲ့သည့် နှစ်နှစ်လောက်ကအထိ
ပြန်လာလျှင် လေဆိပ်မှာပဲ အဖမ်းခံထိနိုင်သည့် အဆိုပါ သတင်းသမားများမှာ
အခုဆိုလျှင် လွှတ်တော်အတွင်းသို့ပင် ၀င်ရောက်ပြီး သတင်းရယူ၊
ရုပ်သံရိုက်ကူးနိုင် ကြပြီဖြစ်သည်။
မဇ္ဈိမသတင်းအေဂျင်စီသည်
ယနေ့အခါမှာ ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ပြီး
မီဒီယာထုတ်လုပ်မှုလုပ်ငန်းများကို လုပ်ကိုင်နေပြီဖြစ်သည်။ “m-zine+”အမည်ရှိ
စီးပွားရေးမဂ္ဂဇင်းတစ်စောင်ကိုပင် ပြည် တွင်းမှာ ထုတ်လုပ်နေ ပြီဖြစ်သည်။
မဇ္ဈိမသတင်း
အေဂျင်စီကို ထူထောင်သူ ဦးစိုးမြင့်သည် ၁၉၉၀ ခုနှစ်က မြန်မာ့အရေးကို
ကမ္ဘာကသိအောင်ဟု ဆိုကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ
ရန်ကုန်မြို့သို့ ဦးတည်ပျံသန်းလာသည့် ထိုင်းလေယာဉ်အား အိန္ဒိယနိုင်ငံ၊
ကိုလ်ကတ္တားမြို့သို့ ပြန်ပေးဆွဲသွားပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သူ
ဖြစ်သည်။
မျှော်ရည်ကာမှန်း
မော်ကွန်းက
မေးမြန်းကြည့်သမျှ ပြည်ပရောက် မြန်မာနိုင်ငံရေးလှုပ်ရှားသူများနှင့်
တတ်သိပညာရှင်များက အမိမြေသို့ ပြန်လာသည့်တစ်နေ့တွင် ဘယ်နယ်ပယ်မှာ
ဘာတွေလုပ်ကြမည်ဆိုပြီး မျှော် မှန်းချက်တွေ ပြည့်နှက်နေကြသည်ကို တွေ့ရသည်။
၈၈
မျိုးဆက် ကိုညီညီအောင်ကတော့ သူပြည်တော်ပြန်လာသည့်အခါ
တိုက်ပွဲအတူဝင်ခဲ့ကြသည့် ၈၈ မျိုးဆက် ရဲဘော်၊ ရဲမေများနှင့်
အတူဆုံးဖြတ်ချက် ချကာ “ပြည်သူ့ကိုယ်စားလှယ်အဖြစ်ရပ်တည်ပြီး လွှတ်တော်တွင်း
နိုင်ငံရေးကို ဆောင်ရွက်သွားမယ်” ဟု ဆိုသည်။
တိုင်းပြည်
ဘက်ပေါင်းစုံတိုးတက်ရေးအတွက် နိုင်ငံရေးစနစ်တစ်ခုတည်း ကောင်းနေလို့ကမပြီး။
သက်ဆိုင်ရာ နယ်ပယ်တွေမှာ ကျွမ်းကျင်သည့် ပြည်ပရောက် ပညာရှင်များကိုလည်း
ဖိတ်ခေါ်ဖို့ လိုအပ်လိမ့်မည်ဟု ပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများ
လုပ်ဆောင်နေသူများက ထောက်ပြပြောဆိုလာကြသည်။
ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ
ပြောကြားခဲ့သည့် အမှာစကားထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်က ပြည်ပသို့ ရောက်ရှိနေကြသော မြန်မာပညာတတ်များကို သူက
အခုလို ဖိတ်ခေါ်ခဲ့ပါသည်။
“ပြည်ပက မြန်မာပညာတတ်များ . . .
ကျွန်တော်တို့ပြည်တွင်းမှာ လမ်းခင်းနေပါပြီ။ အဲဒီခင်းတဲ့လမ်းဟာ ပန်းခင်းတဲ့
လမ်းဖြစ်စေချင်ရင်တော့ ခင်ဗျားတို့ ကိုယ် တိုင် ပန်းတွေစိုက်ပျိုးမှ
ဖြစ်ပါလိမ့်မယ်”
ပြန်လည်ထူထောင်စ မြန်မာနိုင်ငံမှာ
လက်ရှိအခြေအနေအရ ပညာရှင်တွေက နေရာတိုင်းမှာ လိုအပ်နေကြောင်း
အရပ်ဘက်လူမှုရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ
လိုက်ပါဆောင်ရွက်နေသူများကဆိုသည်။
လူမှုရေးလုပ်ငန်းများ
လုပ်ဆောင်နေသည့် စာရေးဆရာမ သန်းမြင့်အောင် က “ပညာရှင်တွေ ပြန်လာဖို့ဆို တာက
ပညာရှင်တွေနဲ့ထိုက်တန်တဲ့ ရပ်တည်မှုနဲ့ လုပ်ပိုင်ခွင့်
အကုန်လုံးပေးထားဖို့လိုတယ်။ သူတို့ပေးတဲ့အကြံဉာဏ်တွေ၊ ထောက်ပြမှု တွေကို
လိုက်နာဖို့လည်း လိုတယ်” ဟု သူက ထောက်ပြသည်။
သင်ရိုးညွှန်းတမ်း
လေ့လာရေးနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ နံပါတ် တစ်အဆင့်ရှိသည့်
Wisconsin တက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာ ဇာနည်ကတော့
သူပြည်တော်ပြန်သည့် အခါ တိုင်းပြည်၏ ပညာရေးစနစ် တည် ဆောက်ရေးမှာ
ပါဝင်ကူညီဖို့ စိတ်အ၀င်စားဆုံးဟုဆိုသည်။
“ပညာရေးစနစ်ဆိုရာမှာ
မြို့ပေါ်က လက်တစ်ဆုပ်စာ လူနည်းစုတွေတင်မကဘဲ တိုင်းရင်းသားပေါင်းစုံ၊
ယဉ်ကျေးမှု ပေါင်းစုံရှိတဲ့ မြန်မာတွေ ကိုယ့်ကိုယ်ကိုယ် တွေးတတ်၊
ခေါ်တတ်အောင်ကျောင်းတွင်း ပညာရေးစနစ်ရော ကျောင်းပြင်ပ ပညာရေးစနစ်ပါ
ဒီနှစ်ခုလုံးပါတယ်” ဟု ကျောင်းဆရာလုပ်ခဲ့ဖူးသူ ဒေါက်တာ ဇာနည်က ဆိုပါသည်။
“ဆရာက
အသိဆုံး၊ အဖေက အသိ ဆုံး၊ ဗိုလ်ချုပ်တွေ အသိဆုံး၊ ဒေါ်အောင်ဆန်းစုကြည်
အသိဆုံးဆိုတဲ့ ဒီမိုကရေစီလူ့ အသိုင်းအ၀ိုင်းနဲ့ အံမ၀င်တဲ့အတွေးအခေါ်တွေအစား
အတွေးအခေါ်သစ်တွေရှိဖို့လို အပ်တယ်”
မြန်မာပြည်၏
လူမှုအသိုင်းအ၀ိုင်းမှာ သည်းခံတတ်ရန် စိတ်ဓာတ်အသစ်တွေ လိုသလို
မတူကွဲပြားသည့် ဘာသာဝင်တွေ အကြား အချင်းချင်းနားလည်နိုင်ရေး၊
ယဉ်ကျေးမှုပေါင်းစုံဝါဒကို လက်ခံတတ်ရေး၊ ဒီမိုကရေစီပညာရေး၊ သို့မဟုတ်
“ယဉ်ကျေးမှုစုံ ဒီမိုကရေစီ” သင်ရိုးညွှန်းတမ်းတွေ လိုအပ်ကြောင်းလည်း သူက
ထောက်ပြပြောဆိုပါသည်။
စိန်ခေါ်မှုများ
ဖရိုဖရဲဖြစ်နေသော
နိုင်ငံအဖြစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစ မြန်မာနိုင်ငံမှာ
နေရာတိုင်းမှာ စိန်ခေါ်မှုတွေ အမြောက်အမြား ရှိနေပေလိမ့်မည်ဟု ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့အခြေစိုက် ဧရာဝတီမဂ္ဂဇင်း၏ မန်နေဂျင်း အယ်ဒီတာ
ကိုကျော်စွာမိုးက ဆိုပါသည်။
“ဒါတွေကိုတော့ ကျွန်တော်တို့ သည်းခံရမှာပဲ၊ transitional period (အကူးအပြောင်းကာလ)မှာ”ဟုသူက ဆိုသည်။
မကြာမီ
လွှတ်တော်ထဲတွင် တင်သွင်းဆွေးနွေး၊ အတည်ပြုပြဋ္ဌာန်းဖွယ်ရှိသည့်
စာနယ်ဇင်းဥပဒေ အနေ အထားကို ဧရာဝတီမဂ္ဂဇင်းအနေဖြင့် သုံးသပ်ကာ
လာရောက်အခြေချဖို့ စဉ်းစားနေကြောင်းလည်း ကိုကျော်စွာမိုးက ဆိုပါသည်။
ပြည်တွင်းသို့
လာရောက်အခြေချ မည့် မီဒီယာများအနေနှင့် လောလောဆယ်ကာလတွင် ပြည်ပမှာ
ရေးသားခွင့်ရခဲ့သည့်အတိုင်း အတွင်းမှာ အလုံးစုံ လွတ်လွတ်လပ်လပ်
ရေးသားခွင့်ရဦးမည်မ ဟုတ်သလို ပြည်တွင်းမှာ အခြေကျပြီး သား
သတင်းစာစောင်များနှင့် ဈေးကွက် ယှဉ်ပြိုင်ပြီး ဈေးကွက်ဝေစုရရှိရေးမှာ
လည်း လွယ်ကူလှသည်တော့မဟုတ်။
ထို့ထက် ပြည်တွင်းမှာ
ထုတ်လုပ်ခွင့် ရဖို့ကြိုးစားရသည်မှာ ပြည်ပရှိ မြန်မာ မီဒီယာသမားများအတွက်
တော်တော် ခေါင်းခဲရသော ကိစ္စတစ်ခုဖြစ်သည်ဟု အဆိုပါမီဒီယာသမားများက
ဖွင့်ဟပြော ဆိုလာပါသည်။
“တကယ့်တကယ်ကျတော့ အစိုးရအနေနဲ့
mechanism (လုပ်ထုံးလုပ်နည်း) မရှိသေးဘူး။ တချို့ဝန်ကြီးဌာနတွေ
တက်တက်ကြွကြွလုပ်နေတာရှိတယ်။ ဒါပေမဲ့ မီဒီယာပြန်လာလုပ်မယ့်သူအတွက် လုပ်
ရမယ့် mechanism က ရှင်းရှင်းလင်းလင်းမရှိဘူး” ဟု မဇ္ဈိမသတင်းဌာနက
ဦးစိုးမြင့်ကဆိုသည်။
ပြည်တော်ပြန်များ ပြည်တွင်းမှာ
နေထိုင်၊ လုပ်ကိုင်နိုင်ရန်အတွက် အစိုးရအနေဖြင့် စီစဉ်ပေးသင့်သည်များကို
စီစဉ်ထားသင့်ကြောင်းလည်း သူက ဆိုသည်။
“တို့ဆို
မှတ်ပုံတင်လုပ်ရတာကအစ ခက်ခဲတယ် ... မှတ်ပုံတင်မရှိရင် အိမ်တောင်
ငှားလို့မရဘူး” ဟု မြန်မာပြည်မှာပဲ မီဒီယာအလုပ်ကို လုပ်ကိုင်တော့မည်ဟု
စိတ်ပိုင်းဖြတ်ကာ ပြန်လာခဲ့သော ဦးစိုးမြင့်က ပြောပါသည်။
လူမှုအဖွဲ့အစည်းများ အပါအ၀င် အခြားနယ်ပယ်များတွင် လုပ်ကိုင်မည့်သူများအတွက် မည်မျှလုပ်ခွင့်သာ၊ မသာဟူသော မေးခွန်းကလည်း ရှိသေးသည်။
လုပ်ခွင့်မသာနိုင်မှန်းသိလျက်နှင့် ရသည့်အနေအထားကနေ ရအောင်လှုပ်ရှားကြဖို့ စိတ်ပိုင်းဖြတ်ထားသူများလည်းရှိပါသည်။
လူ့အခွင့်အရေး ပညာပေးနေသူ ဦးအောင်မျိုးမင်းကတော့ ဖြစ်လာနိုင်စရာရှိသည့် စိန်ခေါ်မှုများကို သူက ကြိုတင် တွက်ဆထားသည်။
“လူ့အခွင့်အရေး
လှုပ်ရှားတဲ့သူတွေရဲ့ဘ၀ဟာ ဘယ်နိုင်ငံမှာမှ ပန်းမွေ့ရာ
ကော်ဇောခင်းထားတာမရှိဘူး။ အနည်းနဲ့ အများ စွန့်စားရတာ၊ အခက်အခဲကြုံရ
တာရှိပါတယ်”
“ဒါမျိုးတွေရှိမှပဲ လူ့အခွင့်အရေး လှုပ်ရှားမှု စစ်စစ်ဖြစ်တယ်လို့တောင် ပြောလို့ရနိုင်တယ်” ဟု သူက ဖွင့်ဟပါသည်။
စိုးတထိတ်ထိတ်
မွန်းကျပ်၊
လှောင်ပိတ်၊ အလင်းမဲ့ခဲ့သော အနေအထားမှ မျှော်လင့်ချက်
လင်းရောင်ခြည်အမျှင်တန်းလေးများကို မြင်တွေ့နေရသည့် သည်ကနေ့ခေတ်သစ်
မြန်မာနိုင်ငံမှာ ပြည်တော်ပြန်များအတွက် စိန်ခေါ်မှုများစွာ
ရှိနေဦးမည်ဖြစ်သလို တချို့သောသူများအတွက်လည်း ရန်ကုန်လေဆိပ်ကို
စိတ်ချလက်ချ ခြေထောက် ချဖို့ မ၀ံ့ရဲသည့် အနေအထားများကလည်း ဆက်လက်
ရှိနေဦးမည်သာ။
အကြောင်းကတော့ မည်သို့သော သူများမှာ
မည်သို့သော အပြစ်ရှိသည်၊ မည်သည့်ပမာဏလောက်ကြီး လေးသော အပြစ်ကို အစိုးရက
မည်သည့်အဆင့်ထိ လျှော့ချမည်၊ သို့မဟုတ် သက်ညှာသည့် အနေဖြင့် အပြစ်မယူ၊
ကြည်ဖြူစွာနှင့် ခြေချခွင့်ပြုမည်ကို တိတိပပ òန်ကြား ချက်တစ်စုံတရာ
ထွက်မလာသေးသော ကြောင့်ပင်။
ဘယ်အချိန်၊ ဘယ်အခါကျမှ
ပြည်တော်ပြန်မည့်သူများအတွက် ညွှန်ကြားချက်တစ်စုံတစ်ရာ၊ သို့မဟုတ်
လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပေးမည်ကို မသိရှိနိုင်တော့သည့်
သည်ယနေ့အနေအထားတွင် သားဖြစ်သူများ ပြန်လာရေးနှင့် ပတ်သက်ပြီး
စဉ်းစားမိတိုင်း ပူဆွေးဝမ်းနည်းရပါသည်ဟု ကိုညီညီအောင်၏မိခင် ဒေါ်စန်း
စန်းတင်ကဆိုသည်။
သားနှစ်ယောက်တည်းသာရှိသော ဒေါ်စန်းစန်းတင်မှာ ထိုသားနှစ်ယောက်နှင့် အတူမနေရသည်မှာ နှစ်ပေါင်း ၂၄ နှစ်ကြီးများတောင်ရှိခဲ့ပြီ။
တကယ်တော့
ဒေါ်စန်းစန်းတင်တို့ မိသားစုသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသော
မိသားစုဟုဆိုနိုင်ပြီး သူ၏ဆွေမျိုးများမှာလည်း နိုင်ငံရေးနှင့်နွယ်သော
ဆွေမျိုးအသိုင်းအ၀ိုင်းဟုဆိုနိုင်ပါလိမ့်မည်။
သားဖြစ်သူ
နှစ်ယောက်မှာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြရစဉ် သူနှင့်
သူ့ဆွေမျိုးထဲမှ သုံးယောက်သည် ၂၀၀၇ အရေးအခင်းထဲမှာ ပါဝင်ခဲ့သည်ဟုဆိုကာ
ထောင်သွင်းအကျဉ်းချ ခံကြရသည်။ (အခုတော့ သူတို့လေးယောက် စလုံး
လွတ်မြောက်လာခဲ့ကြပြီဖြစ်သည်။)
ဒေါ်စန်းစန်းတင်
အစိုးရိမ်ဆုံးကား အငယ်ဆုံးသားဖြစ်သည့် ကိုညီညီအောင်အတွက်ဖြစ်သည်။ အမေဖြစ်သူ
မိတ္ထီလာထောင်မှာ အကျဉ်းကျနေစဉ် အမေကို လာတွေ့မည်ဟူသော ရည်ရွယ်ချက်နှင့်
၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံသားခံယူထားသူ ကိုညီညီအောင်တစ်ယောက်
မြန်မာပြည်ပြန်လာခဲ့သည်။
သို့သော် အမေဖြစ်သူနှင့်
တွေ့ခွင့်မရလိုက်။ ရန်ကုန်လေဆိပ်မှာပဲ သူ့ကို အာဏာပိုင်များက
ဖမ်းဆီးလိုက်ကြပြီး ထောင် သုံးနှစ်ချလိုက်ကြသည်။ ထောင်ထဲတွင် ၆
လခန့်နေပြီးသောအခါ ၎င်းကို ထိုစဉ်က တပ်မတော် အစိုးရက ပြည်နှင်ဒဏ်ပေးလိုက်သည်။
ထောင်ထဲတွင် အနှိပ်စက်ခံခဲ့ရသဖြင့် ကိုညီညီအောင်မှာ ဒဏ်ရာ
ပြင်းထန်စွာရသွားခဲ့သည်။
နောက်တစ်ခါလည်း ထိုသို့သော အခြေအနေမျိုးနှင့် သားငယ်တွေ့ကြုံရမည်ကို ဒေါ်စန်းစန်းတင် အကြီး အကျယ် စိုးရိမ်နေသည်။
“ဟင့်အင်း၊
သားကို ဘယ်လိုနည်းနဲ့မှ ပြန်လာခွင့်မပြုနိုင်သေးဘူး၊
လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတာမှ မဟုတ်တာ” ဟု ဒေါ်စန်းစန်းတင်က ဆိုသည်။
သားများနှင့်ဝေးနေရသော
အသက် ၆၀ ၀န်းကျင်ရှိနေပြီဖြစ်သည့် ဒေါ်စန်းစန်းတင်၏ ကျန်းမာရေးက
ကောင်းလှသည်မဟုတ်။ လောလောဆယ်မှာ နှလုံးရောဂါ၊ သွေးချိုရောဂါတို့ရှိနေပြီး
လည်ပင်းမှာလည်း အဖုအကျိတ်တို့ ရှိနေသောကြောင့် နေ့စဉ်နေ့တိုင်း
ဆေးရှစ်မျိုး (ဆေးအလုံးပေါင်း ၁၁ လုံး) သောက်နေရသည်ဟု ဆိုသည်။
ထိုသို့ကျန်းမာရေးမကောင်းသည့်ကြားက
သားများအပါအ၀င် ပြည်ပသို့ ရောက်ရှိနေသူများ ဂုဏ်သိက္ခာရှိရှိ ပြန်
လာနိုင်ရေးအတွက် ဒေါ်စန်းစန်းတင် လုံးပန်းနေသည်။
သူ့ကို
အင်တာဗျူးနေချိန်မှာ ဒေါ်စန်းစန်းတင်သည် ရှစ်လေးလုံးနှစ်ပတ်
လည်အခမ်းအနားတက်ရောက်ပြီး အိမ် ပြန်နေချိန်ဖြစ်သည်။ သြဂုတ် ၈ ရက်နေ့
မှာကျင်းပသည့် ရှစ်လေးလုံးအမှတ်တရ အခမ်းအနားတွင်လည်း ပြည်ပရောက်
မြန်မာနိုင်ငံသားများ စိတ်ချလက်ချ ပြန် လာနိုင်ရေး အရေးဆိုခဲ့ကြသည်ဟု
ဒေါ်စန်းစန်းတင်က ဆိုသည်။
“ညတိုင်း သားတွေကိုအိပ်မက်မက် တယ်...သားနှစ်ယောက် ပြန်မလာနိုင်သေး သရွေ့စိတ်ချမ်းသာ နိုင်မှာမဟုတ်ဘူး”
စိတ်ကို
အားတင်းပြီး ပြောနေရသော်လည်း ဒေါ်စန်းစန်းတင်၏အသံက ဖုန်းထဲမှာတုန်နေသည်။
ထိုသို့ အသံတုန်နေသည့်ကြားမှသူ့ရင်ခွင်နှင့်နှစ်ပေါင်း
များစွာထိတွေ့ခွင့်မရသည့် သားနှစ်ယောက်အတွက် ဒေါ်စန်းစန်းတင် ဆက် ကာ၊ ဆက်ကာ
တောင်းဆိုနေမိသည်က-
“အစိုးရကို တောင်းဆိုပါတယ် . . . လွတ်ငြိမ်းချမ်းသာခွင့် ပေးပေးပါလို့”။
ဉာဏ်လင်း၊ ဇေယျာလှိုင်၊ ၀င်းဇော်လတ် ရေးသားသည့် မော်ကွန်းမဂ္ဂဇင်း အမှတ် ၁ တွင် ပါရှိသော မျက်နှာဖုံးဆောင်းပါး ဆောင်းပါးကို YPI မှနေ၍ ဘလော်ဂါ အကျွန်ုပ်မှ ကူးယူဖော်ပြပါသည်။