ဝတုတ်

ဒီမိုကရေစီစနစ်မှာ တပ်မတော်ဟာ အမိ၊ တပ်မတော်ဟာ အဖ မဟုတ်ဖူး။ အလားတူပဲ ဒီမိုကရေစီစနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမိ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖ မဟုတ်ဖူး။ ပြည်သူလူထုသာ အမိ၊ ပြည်သူလူထုသာ အဖ ဖြစ်တယ်။ ပြည်သူလူထုက သူတို့ဆန္ဒကို ဖော်ဆောင်ပေးဖို့ အစိုးရကို အတိုက်အခံကို ရွေးချယ် တာဝန်ပေးရတာမျိုးဖြစ်တယ်။ အစိုးရပဲ ဖြစ်ဖြစ်၊ တခြားအတိုက်အခံပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ဆောင်ပေးရမယ့် တာဝန်က သွေဖည်လာပြီဆိုရင် ဒီတာဝန်ကို သက်ဆိုင်ရာအားလုံးကို သတိပေးဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိတယ်။

ဖျာပုံတရားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့ရွေးကောက်ပွဲဝင်မှာကို ကန့်ကွက်ဝေဖန်မှုတွေကို တုံ့ပြန်ပြောသွားတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ နေရာအားလုံး ရရင်တောင် ဒီအမတ်အရေအတွက်က ထိထိရောက်ရောက် လုပ်နိုင်မယ့် အရေအတွက်မဟုတ်တဲ့အတွက် ဘာထူးမှာလဲဆိုပြီး ဝေဖန်တာကို အရေအတွက်က အဓိက မကျပါဘူးတဲ့၊ အရည်အချင်းက အဓိကကျပါတယ်ဆိုပြီး ပြောသွားတယ်။ ဒါဟာ စိတ်တိုင်းကျစရာကောင်းတဲ့ အဖြေမဟုတ်ဘူး။ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အရွေးခံရလို့ လွှတ်တော်ထဲရောက်ရင် သူတို့အရည်အချင်းနဲ့ ကျန်တဲ့လူတွေကို စည်းရုံးသိမ်းသွင်းနိုင်မယ်ထင်လို့ ပြောတာပဲလား။

ကမ္ဘာတဝှမ်းက လွှတ်တော်တွေကို ကြည့်ရင် အမတ်တယောက်က သူ့ပါတီက ချပေးတဲ့လိုင်းအတိုင်း မဲပေးရတာပဲ။ အဆိုတခုကို လွှတ်တော်မှာ မဲခွဲပြီဆိုရင် ဒီအဆိုကို ကြံ့ဖွံ့ပါတီက မကြိုက်ရင် ကြံ့ဖွံ့ပါတီ အမတ်အားလုံးက မကြိုက်ဘူးဆိုတဲ့ မဲပဲ ပေးရတယ်။ ကြံ့ဖွံ့အမတ်တယောက်တလေက ချွန်ပြီး ဆန့်ကျင်ဘက်မဲ ပေးရင် အဲဒီကြံ့ဖွံ့အမတ်ကို သူ့ပါတီ စည်းကမ်းထိန်းသိမ်းရေးမှူးက သတိပေးတန် သတိပေးပြီး နောက်ဆုံး တခြားတယောက်ယောက်နဲ့ အစားထိုးပစ်တဲ့ထိ လုပ်မှာပဲ။ ဒီတော့ ကြံ့ဖွံ့ပါတီ အမတ်တဦးချင်းဆီကို စည်းရုံးသိမ်းသွင်းပြီး ကိုယ်ဖြစ်စေချင်တဲ့ ပေါ်လစီတွေ ချမှတ်နိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

“ရုပ်ပုံတခုကိုပဲ ကျနော်တို့က စက်ဝိုင်းလို့ ရှင်းရှင်းကြီး မြင်နေပြီး သူတို့က စတုရန်းလို့ ရှင်းရှင်းကြီး မြင်နေပြီဆိုရင် သဘောထားကွဲလွဲမှုဟာ သာမန်ကာလျှံကာ သဘောထားကွဲလွဲမှု မဟုတ်တော့ဘဲ တကယ့်ကို ကြီးမားနက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီး ဖြစ်နေပြီ။ ဒီတော့ ဒီလောက်ကြီးမား နက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီးကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်သင့်တယ်။”

လွှတ်တော်ထဲမှာ ဘယ်အဆို တင်တင် လွှတ်တော်အမတ်တယောက်ရဲ့ မဲကို တမဲပဲ သတ်မှတ်တယ်။ အောင်ဆန်းစုကြည်မို့ သူ့မဲက သူများမဲထက် ပိုသာတယ်ဆိုတာ လက်လွတ်စပယ် ပြောတာ။ ဒေါ်အောင်ဆန်းစုကြည်ကသာ အရည်အချင်းက အရေအတွက်ထက် အရေးကြီးတယ် ပြောနေပေမယ့် ဟိုတနေ့က အန်အယ်လ်ဒီကနေ မိထ္ထီလာမှာ အမတ်အဖြစ် ဝင်အရွေးခံမယ့် ဗိုလ်ကြီးဟောင်း ဝင်းထိန်နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ပါရင် ပြည်သူလူထုက မဲထည့်မှာပဲလို့ ခပ်ပေါ့ပေါ့ ပြောတယ်။ နောက်လိုက်တွေက ကိုယ့်အရည်အချင်းထက် ခေါင်းဆောင်အရှိန်အဝါကို မှီပြီး လိုက်မယ့်သူတွေ၊ ကိုယ်ပိုင်အရည်အချင်းမရှိသူတွေ ဆိုတဲ့ သဘောသက်ရောက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းက အဓိက ဆိုတဲ့အပြောကို သူ့ပါတီက လူတွေဆီက ထွက်လာတဲ့ စကားတွေက ပြန်ချေနေတာကို ပြနေတယ်။

လွှတ်တော်ထဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်ရှိ အန်အယ်လ်ဒီ ကျင့်သုံးနေတဲ့ပုံစံနဲ့ တိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အတွက်က ရှင်းနေပြီးသားပါ။ ရှင်းနေပြီးသားကို အချိန်ကုန်ခံ၊ ကြောင့်ကြစိုက်ပြီး ရှင်းသထက်ရှင်းအောင် တချို့က ကျကျနန တင်ပြပေးလာတာတောင် (Swe Swe Kyi Facebook ရဲ့ wall ပေါ်က ပို့စ်ကို ကြည့်ပါ။) ခုလက်ရှိ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို ဇွတ်ကြီး အကောင်းမြင်တဲ့ လူတွေကလည်း ဒီပုံစံနဲ့ သွားမှရမယ်ဆိုတာ ရှင်းနေတာပဲဆိုပြီး ပြောတယ်။ ရုပ်ပုံတခုကိုပဲ ကျနော်တို့က စက်ဝိုင်းလို့ ရှင်းရှင်းကြီး မြင်နေပြီး သူတို့က စတုရန်းလို့ ရှင်းရှင်းကြီး မြင်နေပြီဆိုရင် သဘောထားကွဲလွဲမှုဟာ သာမန်ကာလျှံကာ သဘောထားကွဲလွဲမှု မဟုတ်တော့ဘဲ တကယ့်ကို ကြီးမားနက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီး ဖြစ်နေပြီ။ ဒီတော့ ဒီလောက်ကြီးမား နက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီးကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်သင့်တယ်။

လွှတ်တော်ထဲ ဝင်ပြီးလုပ်မှ ရမယ်ဆိုတာ ရှင်းနေတာပဲလို့ ပြောတဲ့အုပ်စုရဲ့ စဉ်းစားချက်ကို အဓိက ပင့်ထောက်ထားတဲ့ အကြောင်းပြချက်တွေကို ကြည့်ရင် လွှတ်တော်ထဲ မဝင်ရင် တရားဝင် ပါတီအဖြစ်နဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် တရားဝင်ပါတီအဖြစ် ဆက်ရပ်တည်နိုင်ဖို့ လွှတ်တော်ထဲ ဝင်ကို ဝင်ရမယ်လို့ အကြောင်းပြတယ်။ တရားဝင်ပါတီအဖြစ်နဲ့ ရပ်တည်ဖို့ အရေးကြီးတယ်ဆိုတာကလည်း တရားဝင်ပါတီအဖြစ်နဲ့ ရပ်တည်နိုင်မှ နိုင်ငံရေးကို ဆက်လုပ်နိုင်မှာမို့လို့ ဆိုပြီး ထပ်အကြောင်းပြကြတယ်။ ဒါပေမယ့် လွှတ်တော်ထဲ မဝင်ရင် တရားဝင် နိုင်ငံရေးပါတီအဖြစ် မရပ်နိုင်၊ နိုင်ငံရေးလုပ်လို့ မရနိုင်ဘူး ဆိုတာ လက်ခံရင်တောင် လွှတ်တော်ထဲ ဝင်လိုက်တာနဲ့ နိုင်ငံရေး လုပ်နိုင်ပြီလို့ ကောက်ချက်ချလို့မရဘူး။ လွှတ်တော်ထဲမှာ ရှိနေတဲ့ အတားအဆီးတွေ စိန်ခေါ်မှုတွေဟာ မျက်ရည်ခံထိုးပြရုံနဲ့ ကျော်လွှားနိုင်တဲ့ အတားအဆီးတွေ မဟုတ်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီနဲ့ သူတို့ကို ထောက်ခံနေသူတွေက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ပြီး ချော့လိုက်တာနဲ့ အားလုံးပျော့ပြီး သူ့နောက်လိုက်လာမယ် ထင်နေကြတယ်။

လွှတ်တော်ထဲ ဝင်ရုံကလွဲပြီး တခြားလမ်းမရှိဘူးလို့ ပြောတဲ့အခါ ဖြစ်နိုင်ခြေရှိတဲ့ လမ်းအားလုံးကို စဉ်းစားရဲ့လား ဆိုတာလည်း မေးစရာပဲ။ အန်အယ်လ်ဒီက လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးဟာ ပြည်သူလူထု ထိခိုက်နစ်နာစေမယ်၊ လွှတ်တော်နည်းလမ်းက ထိခိုက်နစ်နာမှုမရှိဘဲ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်လို့လည်း အကြောင်းပြပြန်တယ်။ ဒါပေမယ့် အန်အယ်လ်ဒီ လွှတ်တော်ထဲ ဝင်တဲ့အခါ ကျတော့ရော ပြည်သူလူထု ထိခိုက်နစ်နာမှုတွေ လျော့သွားအောင် အန်အယ်လ်ဒီက ဘာလုပ်ပေးမှာလဲ။ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေ ဖိနှိပ်ခံရတာတွေကို သူတို့ဘက်က လူသိရှင်ကြား ထောက်ခံမှုပြဖို့ သူတို့ရဲ့ အားကိုးအားထားရာဆိုတာ ပြနိုင်ဖို့၊ ဦးဂမ္ဘီရကို မတရား ဖိနှိပ်အနိုင်ကျင့်နေတာကို ကြားက ဝင်ပြောဖို့ဆိုတာ လမ်းပေါ်ထွက်စရာ မလိုပါဘူး။ အဲ့သလို လမ်းပေါ်ထွက်စရာမလိုဘဲ လူသိရှင်ကြား ပြောရုံပြောဖို့ကိုတောင် နှာစေးနေတဲ့နောက် လွှတ်တော်ထဲရောက်ရင် အားလုံး လုပ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်ကို ဘယ်လိုယုံရမလဲဆိုတာ မေးစရာဖြစ်နေတယ်။

ဒီတော့ စစ်အုပ်စု ငြိုငြင်မှာမို့ ဖြစ်နိုင်ခြေရှိတဲ့ ရွေးစရာ နည်းလမ်းတွေထဲက ကိုယ်မလုပ်ချင်တဲ့ ဒါမှမဟုတ် မလုပ်ဝံ့တဲ့ လမ်းကြောင်းကို ရွေးစရာနည်းလမ်းအဖြစ် စကတည်းက မစဉ်းစားဘဲ ပယ်ထားပြီး ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို စကတည်းက ကြိုတင်နှပ်ကြောင်းပေးထားတာလားဆိုတာ ယူဆစရာ ဖြစ်လာတယ်။ စစ်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်ပေးရင် တိုင်းပြည်မှာ ဆင်းရဲမွဲတေမှုလျော့ကျအောင် လုပ်နိုင်မယ်ဆိုပြီး ပေးတဲ့ ဆင်ခြေနဲ့ အန်အယ်လ်ဒီက လွှတ်တော်ထဲရောက်အောင် ပို့ပေးရင် ပြည်သူလူထုအတွက် လုပ်ပေးနိုင်မယ်ဆိုတဲ့ ဆင်ခြေနှစ်ခုဟာ တပုံစံထဲပဲလား ဆိုတာကို ခု ဦးဂမ္ဘီရတို့ကိစ္စ၊ အလုပ်သမားသပိတ်တွေ၊ လယ်သမားတွေ လယ်သိမ်းခံရတဲ့ ကိစ္စတွေကို ကြည့်ပြီး မေးစရာဖြစ်လာနေတယ်။

တကယ်က ကိုယ့်ပြည်သူလူထု ဆင်းရဲမွဲတေမှု လျော့ကျစေချင်ရင် စစ်အုပ်စုအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ယိုးမယ်ဖွဲ့မနေဘဲ လုပ်နိုင်တာတွေ ရှိတာပဲ။ အစိုးရက ပြည်သူလူထုအတွက် စေတနာကို မရှိလို့ကို မလုပ်တာ။ အန်အယ်လ်ဒီအနေနဲ့လည်း ပြောခဲ့တဲ့ လူထုကို၊ အကာအကွယ်မဲ့ရှာသူတွေကို ဖိနှိပ်တဲ့ ကိစ္စတွေမှာ သူတို့ဘက်ကနေ လူသိရှင်ကြား ရပ်တည်ပေးဖို့ဆိုတာ ဘာဖြစ်မှ ညာဖြစ်မှ လုပ်နိုင်မယ်ဆိုပြီး အကြောင်းပြနေတယ်ဆိုရင် စစ်အုပ်စုဆင်ခြေနဲ့ အန်အယ်လ်ဒီဆင်ခြေ အတူတူပဲလားဆိုပြီး မေးစရာ ဖြစ်လာနေတယ်။ တချို့ကတော့ အန်အယ်လ်ဒီက လူသိရှင်ကြား ထောက်ခံတယ်လို့ မပြောပေမယ့် ကချင်ဒေသတွေကို ဒေါ်စုကိုယ်တိုင် ငွေလှူတယ်။ နောက် လယ်သမားတွေ မြေသိမ်းခံရတဲ့ ကိစ္စ၊ တိုင်ရီ အလုပ်သမားတွေ ဆန္ဒပြနေတဲ့ ကိစ္စတွေမှာ ကိုဖိုးဖြူတို့၊ မစုစုနွေးတို့တွေကို လွှတ်တယ်ဆိုပြီး ကျိုးကြောင်းခိုင်လုံမှုမရှိတဲ့ ဆင်ခြေမျိုးတွေနဲ့ ဖာထေးပေးကြတယ်။

တကယ်က မစုစုနွေးက သူ တိုင်ရီ အလုပ်သမားတွေဆီ သွားတာ အန်အယ်လ်ဒီက လွှတ်လို့ သွားတာလို့ ပြောသံမကြားဘူး။ ပါတီဝင်တယောက်က သူ့သဘောနဲ့သူ သွားတာနဲ့ ပါတီကို ကိုယ်စားပြုသွားတာ လေးနက်မှုချင်း ဘာမှမဆိုင်ဘူး။ အဲသလို မဆိုင်တာကို ဆိုင်သယောင် ပြောတာကိုက ရိုးသားမှုမရှိတာကို ပြနေတယ်။ နောက်တခုက အန်အယ်လ်ဒီက ဦးဂမ္ဘီရတို့၊ ကိုဖိုးဖြူတို့၊ မစုစုနွေးတို့လုပ်နေတဲ့ သက်ဆိုင်ရာ အာဏာရှိသူတွေကို တိုက်ရိုက်အရေးဆိုတဲ့ ပုံစံ၊ မတရားတဲ့ အာဏာတွေ ဥပဒေတွေကို ဖီဆန်တဲ့ ပုံစံမျိုးကို မူအားဖြင့် လက်မခံဘူး။ ဒီအချက်ဟာ အဓိက အချက်ပဲ။ အဲဒီ့အတွက်ကြောင့် ဒီလူတွေကို သူတို့နဲ့ မဆိုင်သလို သဘောထားနေတာ။ သူတို့အမြင်မှာ အန်အယ်လ်ဒီကို ဒီလူတွေနဲ့ တွဲမြင်နေတာ အန်အယ်လ်ဒီအတွက် အာဏာပိုင်တွေ ငြိုငြင်စရာဖြစ်မယ်လို့ တွက်နေတယ်။ အာဏာပိုင်တွေ မျက်မုန်းကျိုးအောင် မလုပ်မိဖို့ သတိထားနေရင်းနဲ့ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုရမယ့် အဖွဲ့အစည်းဟာ ပြည်သူ့ဆန္ဒကို မသိကျိုးကျွန်ပြုရုံမက ပြည်သူ့ဆန္ဒကို ဖော်ဆောင်တဲ့ အလုပ်တွေကိုပါ ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားနေတယ်။

ဒေါ်နော်အုန်းလှရဲ့ လှုပ်ရှားမှုတွေကို အန်အယ်လ်ဒီက အဖွဲ့ချုပ် ဒုက္ခရောက်အောင် တမင်လုပ်နေတာ၊ ဒေါ်နော်အုန်းလှကို မယုံရဘူးဆိုပြီးတောင် သွားပုပ်လေလွင့် ပြောသေးတယ်။ ဒါ ကျနော်ကိုယ်တိုင် နားနဲ့ ကြားခဲ့ရတာ။ နောက်တခါ ခုအချိန်ဟာ အင်မတန်မှ သိမ်မွေ့တဲ့ အချိန်ကာလမို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို အကုန်ထုတ်မပြောသေးတာကို ဝေဖန်မစောသင့်ဘူးလို့ ပြောကြတယ်။ အမှန်က ခုလို အပြောင်းအလဲကို ဖော်ဆောင်နေတဲ့ကာလမှာ ခေါင်းဆောင်လုပ်သူအနေနဲ့ ပိုတောင်မှ ပွင့်လင်းထင်သာမှု ရှိသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းအလဲတွေရဲ့အကျိုးဆက် ဒါမှမဟုတ် ထိရောက်တဲ့ အပြောင်းအလဲ မရှိခြင်းရဲ့အကျိုးဆက်ကို ပြည်သူလူထုက အဓိက ရင်ဆိုင်ရမှာမို့လို့ပဲ။ အစိုးရ ချထားတဲ့ ခွင်ထဲမှာ ဝင်ကစားနေရတဲ့အချိန်မှာ အမှားအယွင်းကို ပြည်သူလူထုက အရင်ဆုံးခံရမှာ။ ဒါ့ကြောင့် အန်အယ်လ်ဒီက ဘာ့ကြောင့် ဝင်ကစားတယ်၊ ဘယ်လို ကစားမလဲ ဆိုတာ ပြည်သူလူထု ရှင်းရှင်းလင်းလင်း သိခွင့်ရှိတယ်။ တကယ်တော့ တရားဝင်ပါတီအဖြစ်နဲ့ ဆက်ရပ်တည်မှ ဖြစ်မယ်ဆိုတဲ့ အပြောက ဒေါ်အောင်ဆန်းစုကြည် အပြင်ထွက်လာပြီးမှ ကြားလာရတဲ့ စကားပါ။ ဘာလို့ဆို ဦးဝင်းတင်ကိုယ်တိုင်က နိုင်ငံရေးပါတီရယ် ဆိုပြီး ရှိမှ နိုင်ငံရေးလုပ်လို့ရတာ မဟုတ်ဘူးလို့ ပြောဖူးတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ ပြန်မလွတ်သေးခင် အန်အယ်လ်ဒီက ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ပြီး နောက်ပိုင်း အန်အယ်ဒီပါတီရဲ့ တရားဝင်ပါတီအဖြစ် ရပ်တည်မှုကို မေးခွန်းထုတ်လာကြချိန်မှာ သူတို့ရဲ့ ပြောခွင့်ရတာဝန်ခံ ဉီးဉာဏ်ဝင်းကိုယ်တိုင်က ပြည်သူလူထုရဲ့ရင်ထဲမှာ အန်အယ်လ်ဒီ ရှိတယ်ဆိုရင် အန်အယ်လ်ဒီပါတီဟာ ပျက်မသွားဘူး၊ ရှိနေတာပဲဆိုပြီး ပြည်ပမီဒီယာတခုနဲ့ မေးမြန်းခန်းမှာ ပြောခဲ့တယ်။ ဒီတော့ ပါတီရှိမှ နိုင်ငံရေးလုပ်နိုင်မယ် ဆိုတာထက် မှန်ကန်တဲ့ဘက်က ရပ်ပြီး အားနည်းသူ၊ အကာအကွယ်မဲ့သူ ပြည်သူလူထုအတွက် သူတို့ကိုယ်စား ဖိနှိပ်ချုပ်ချယ်သူကို ပြတ်ပြတ်သားသား ရင်ဆိုင်တဲ့နည်းနဲ့ နိုင်ငံရေးမီးကို မသေအောင် ဆက်ဖိုထားနိုင်တယ်ဆိုတဲ့ အယူအဆကို အန်အယ်လ်ဒီဟာ မှန်ကန်တဲ့နည်းအဖြစ် ဆုပ်ကိုင်ခဲ့ဖူးတာပဲ။

အန်အယ်လ်ဒီက တိကျရေရာမှုမရှိတဲ့ အပြောတွေကို ပြောနေတာကို ထိန်းကျောင်းဖို့ ပြည်သူလူထုမှာ တာဝန်ရှိတယ်။ ပြည်သူလူထုမှာ အဓိက တာဝန်အရှိဆုံးလို့တောင် ပြောရမယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုဟာ ကိုယ့်ကို ကိုယ်စားပြုမယ့်လူကို ကိုယ်က ပုံဖော်ရမယ့် တာဝန်ရှိတယ်။ ခေါင်းဆောင်လုပ်သူ ချပေးထားတဲ့ ပုံစံခွက်ထဲမှာ ကျေကျေနပ်နပ်နဲ့ မနေသင့်ဘူး။ ငါ့နောက်က လိုက်ခဲ့လို့ ပြောတာနဲ့ ကျေကျေနပ်နပ် လိုက်နေလို့ မရဘူး။ ကိုယ်နဲ့တကွ ကိုယ့်ပြည်သူလူထုကို ကိုယ်စားပြုမယ့် ပြည်သူ့ကိုယ်စားလှယ်ကို ဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံတာဟာ အချောင်သမားစိတ်ဓာတ်ပဲ။ လူမုန်းခံရဲရမယ်၊ မှန်တယ်ထင်ရင် ပြောရဲရမယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုဟာ အမိ၊ ပြည်သူလူထုဟာ အဖတဲ့။ သူတို့ကို ကိုယ်စားပြုမယ့် ခေါင်းဆောင်က သူတို့ရဲ့ ကျေးကျွန် အစေအပါး၊ သားသမီးပေါ့။ ဒီတော့ သားသမီး မကောင်း မိဘခေါင်း မဖြစ်ရအောင် ကိုယ့်သားသမီးနဲ့ တူတဲ့၊ ကိုယ့်ကို ကိုယ်စားပြုမယ့်လူကို လမ်းမှားမရောက်အောင် လမ်းညွှန်ရမယ့် တာဝန်ရှိတယ်။ ခေါင်းဆောင်လုပ်သူက ပေးနေတဲ့ ကတိတွေကို သူ့အနေနဲ့ တကယ်တည်နိုင်စွမ်းရှိမရှိကို တာဝန်သိတဲ့ ပြည်သူလူထုက သတ္တိရှိရှိ ထောက်ပြဝေဖန်သင့်တယ်။

ဒီတော့ ဘာတွေ ထောက်ပြဝေဖန်သင့်လဲ။ အခုလောလောဆယ်မှာ ဇေကမ္ဘာက မြေတွေ သိမ်းနေတဲ့ ကိစ္စ၊ တိုင်ရီ ဖိနပ်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြမှု၊ ဆရာတော် ဦးဂမ္ဘီရကို မတရား အနိုင်ကျင့်နေတဲ့ ကိစ္စတွေကို အန်အယ်လ်ဒီက အစိုးရကို အရေးဆိုပေးဖို့ တောင်းဆိုသင့်တယ်။ စုပေါင်းလက်မှတ်ထိုးပြီး အန်အယ်လ်ဒီကို သွားတင်ပြတာတွေ လုပ်သင့်တယ်။ အန်အယ်လ်ဒီကို ဒီနည်းနဲ့ နည်းလမ်းမှန်ပေါ် လျှောက်နိုင်အောင် ထိန်းကျောင်းသွားရမယ်။ ဒီလိုပြောတာဟာ ကျနော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ကနေ့ချိန်ထိ ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ထုတ်ပေးနိုင်မယ့် အဖွဲ့အစည်းအဖြစ်နဲ့ မြင်နေသေးလို့ပဲ။ အန်အယ်လ်ဒီကသာ ပြောခဲ့တဲ့ ကိစ္စတွေကို လူသိရှင်ကြား တခုခု စပြောလိုက်ပြီဆိုရင် အန်အယ်လ်ဒီကို သံသယရှိနေသူတွေရဲ့ ယုံကြည်မှုဟာ တက်လာမှာပဲ။

ပြည်သူလူထုမှာ အင်အားမရှိဘူးလို့ တချို့က ထင်နေကြတာ တကယ်တော့ မှားတယ်။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အစိုးရမှ လူထုထောက်ခံမှုမရှိဘဲ မရပ်တည်နိုင်ဘူး၊ နိုင်ငံရေးမလုပ်နိုင်ဘူး။ ဖျာပုံတရားပွဲမှာ အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်မှာကို ဝေဖန်သူတွေကို ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောလာတာကိုက ဒီဝေဖန်မှုတွေရဲ့အရှိန်ကို သူသတိပြုမိလို့ ပြောလာရတာပဲ။ ဒီတော့ ခုပြောခဲ့တဲ့ နည်းတွေနဲ့ ပြည်သူလူထုဟာ သူတို့ကို ကိုယ်စားပြုမယ့် အဖွဲ့အစည်းကို ကိုယ်လိုချင်တဲ့လမ်းကြောင်းအတိုင်း လျှောက်အောင် ထိန်းကျောင်းသွားနိုင်တယ်ဆိုတာ ပြရမယ်။ ပြည်သူလူထုတရပ်လုံးမှာ တာဝန်ရှိတယ်။

(ဒီဆောင်းပါးကို မတင်ခင် ဝေဖန်ထောက်ပြ အကြံပေးသူအားလုံးကို ကျေးဇူးပါ။)


ဝတုတ်
(Ko Watote's Facebook မှ ...)
ဒေါက်တာလွဏ်းဆွေ ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free