(ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဖြစ်လာမယ့် ကိုရီးယားလူမျိုး မစ္စတာကင် ရဲ့ အနုပညာဗီဇ)
ကမ္ဘာ့ဘဏ်ကို စတင်ထူထောင်တဲ့အချိန်ကစလို့ နှစ်ပေါင်း ၇၀ လုံးလုံး ဥရောပသား လူဖြူတွေကချည်း ကြိုးကိုင်လာရကနေ အခုတော့ အာရှနွယ်ဖွားတယောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ကိုရီးယားလူမျိုးတယောက်ကို ခန့်မလို့ လျာထားလိုက်တာပါ။ ကမ္ဘာ့ဘဏ် ဥက္ကဌနေရာကို မြန်မာလူမျိုးတယောက်ဖြစ်နိုင်၊ မဖြစ်နိုင် ကိစ္စကတော့ ဆက်ဆွေးနွေးတာပေါ့။
အာရှနွယ်ဖွားတယောက် ကမ္ဘာ့ဘဏ်ဥက္ကဌဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ အကြောင်း ဆက်ရရင် ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေအရပ်ရပ်ကြောင့် ကမ္ဘာ့ဘဏ်ဥက္ကဌကိုလည်း လူဖြူတွေချည်း မောင်ပိုင်စီးထားတာကို ပြောင်းလဲဖို့ အာရှနဲ့ အာဖရိက တောင်းဆိုလာကြပါတယ်။ စီးပွားရေးပညာရှင်တွေ၊ သံတမန်တွေ (လက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီင်္က လင်တန်တောင်ပါတယ်) တယောက်ပြီး တယောက် ခန့်မှန်းနေကြတုန်း၊ နောက်ဆုံးမှာတော့ ဘယ်သူမှ ထင်မထားတဲ့ အာရှနွယ်ဖွား တယောက်ကို အမေရိကန်သမ္မတ အိုဘားမားက အဆိုပြုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Dartmouth College ရဲ့ ကျောင်းအုပ်ကြီး Jim Yong Kim ပါ၊ မနေ့တနေ့ကအထိ ထိပ်ဆုံးက စာရင်းမှာ သူမပါဘဲ ဗြုန်းစားကြီးပေါ်ထွက်လာတာပါ။ ဒါပေမယ့် အမေရိကန်က ချယ်လှယ်ထားတဲ့ ကမ္ဘာ့ဘဏ်မှာ အိုဘားမားက အဆိုပြုတဲ့သူဟာ ကမ္ဘာ့ဘဏ် ဥက္ကဌလောင်းဖြစ်ဟာ ဖြစ်ဖို့ သေချာသလောက်ပါပဲ။
ကမ္ဘာ့ဘဏ်ဥက္ကဌကို အစဉ်အလာအနေနဲ့ ငွေရေးကြေးရေးကဏ္ဍမှာ အတွေ့အကြုံများသူ၊ သံတမန်တွေကိုပဲ ခန့်ခဲ့ပေမယ့် မစ္စတာ ကင်မ် ကတော့ ထူးထူးခြားခြား ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတယောက်ဖြစ်နေပါတယ်၊ ဒါကြောင့် မစ္စတာကင်မ် ကမ္ဘာ့ဘဏ်ဥက္ကဌဖြစ်လာရင် လူဖြူမဟုတ်တဲ့၊ အရင်လို ဘဏ္ဍာရေးကဏ္ဍ ကျွမ်းကျင်သူမဟုတ်၊ သံတမန်ကျွမ်းကျင်သူလည်း မဟုတ်တဲ့ ပထမဆုံးသော ကမ္ဘာ့ဘဏ်ဥက္ကဌ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
အသက် ၅၂ နှစ်အရွယ် မစ္စတာကင်မ် ဟာ ငါးနှစ်သားအရွယ်မှာ မိဘတွေနဲ့ အတူ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်ကို  ပြောင်းရွှေ့အခြေချခဲ့ပြီး၊ Brown University မှာ ဘွဲ့ယူ၊ အဲဒီနောက် ဟားဗတ်တက္ကသိုလ်မှာ ဆေးပညာဘွဲ့၊ မနုသဗေဒဘာသာရပ်တို့နဲ့ ပါရဂူဘွဲ့ နှစ်ထပ်ကွမ်း ထပ်ယူခဲ့ပါတယ်၊ သူဟာ Partners in Health  ပရဟိတအဖွဲ့ကို တည်ထောင်သူ၊  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှာလည်း HIV/AIDS ဌာနကို ကိုင်ခဲ့ဖူးပါတယ်။
စီးပွားရေးပညာရှင်တွေကြားထဲမှာတော့ နိုင်ငံရေးအတွေ့အကြုံလည်း မရှိတဲ့ ဖွံ့ဖြိုးရေး အတွေ့အကြုံလို့ ဆိုရအောင်လည်း ကျန်းမာရေးကဏ္ဍတခုလောက်ပဲ အတွေ့အကြုံရှိတဲ့ မစ္စတာကင်မ်တယောက် ကမ္ဘာ့ဘဏ်ကို ဦးဆောင်နိုင်မလားလို့ မေးခွန်းထုတ်နေကြပါတယ်။
အမေရိကန်သမ္မတ အိုဘားမားက အခုတကြိမ်မှာတော့ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သူက ကမ္ဘာ့ဘဏ်လို ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးရေးအဖွဲ့ကြီးကို ဦးဆောင်ရမယ့် အချိန်ပါပဲလို့ ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရာထူးကိုရဖို့ သောကြာနေ့အထိ အသည်းအသန် စည်းရုံးတာတွေ လုပ်ခဲ့တဲ့ ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေးပညာရှင် Jeffrey Sachs ကလည်း  ဒေါက်တာ ကင်မ် ဟာ ထူးချွန် ထက်မြတ်တဲ့ ဖွံ့ဖြိုးရေး ခေါင်းဆောင်၊ ဒီလိုအရည်အချင်းရှိတဲ့ လူမျိုးကပဲ ကမ္ဘာ့ဘဏ်ကို ပဲ့ကိုင်ရမယ်လို့ ပြောဆိုပြီး၊ ဥက္ကဌနေရာ သူ ၀င်မပြိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။
ဒေါက်တာကင်မ် သာ ကမ္ဘာ့ဘဏ်ဥက္ကဌဖြစ်လာရင် ကမ္ဘာ့ဇာတ်ခုံပေါ်ကို အာရှတိုက်သား၊ တိုက်တိုက်ဆိုင်ဆိုင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပြီးနောက်၊ နောက်ထပ် ကိုရီးယားနောက်တယောက် ထွန်းပေါက် ရောက်လာဦးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒေါက်တာကင်မ်ကတော့  အမေရိကန် နိုင်ငံမှာ ကြီးပြီး၊ အမေရိကန်မှာပဲ ပညာသင်ခဲ့တဲ့သူလို့တော့ ဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုရီးယားလူမျိုးတွေက ဂုဏ်ယူနေကြပါတယ်။ ဒေါက်တာကင်မ်ကို အိုဘားမားက အဆိုပြုပြီး နာရီပိုင်းအတွင်းမှာပဲ ကိုရီးယားအစိုးရက လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆို လိုက်ပါတယ်။
ဆက်စပ်လို့ နောက်ထပ် တိုက်ဆိုင်မှုတခုက ကိုရီးယားလူမျိုးတွေက ကမ္ဘာ့ကြီးကို ဦးဆောင်လာတဲ့ အချိန်မှာ ကိုရီးယားဂီတ၊ ကိုရီယား ရုပ်ရှင်တွေလည်း အာရှတိုက်ကို ကျော်ပြီး ကမ္ဘာ့ပတ်နေတဲ့ အချိန်လည်း ဖြစ်နေပါတယ်။  ကမ္ဘာ့ဘဏ်ဥက္ကဌလောင်းလျာ ဒေါက်တာကင်မ်ရဲ့ အကနဲ့ အနုပညာအစွမ်းအစကိုတော့ ဟောဒီမှာ ကလစ်ကြည့်နိုင်ပါတယ်။
ပြန်ကြည့်ရင် ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတာ အခုမှာ ဆယ်စုနှစ်ခု စွန်းစွန်းပဲရှိပါသေးတယ်။ ဒါပေမယ့် နိုင်ငံ့စီးပွားရေးကလည်း ကမ္ဘာ့ထိပ်တန်းဝင်၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေမှာလည်း ကမ္ဘာမှာ ခေါင်းမော့ထားနိုင်တဲ့ လူမျိုးဖြစ်နေတာကို ဆိုလိုချင်တာပါ။
ကိုရီးယားလူမျိုးတွေ ဘာကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်သလဲဆိုတာကို လေ့လာအတုယူဖို့ သူတို့ လူမျိုးစရိုက်၊ သူတို့ နိုင်ငံရေးစနစ်တွေကို လေ့လာသင့်ပါတယ်။ မြန်မာပြည်မှာကလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က ကိုရီးယားလိုပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတယ်လို့ ဆိုတယ်မဟုတ်လား။
မြန်မာလူမျိုးတွေ အတိတ်က ရွှေထီးဆောင်းတဲ့အကြောင်း ပြောရရင် သမိုင်းမှာ အာရှတိုက်သားတွေထဲက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအတွက် ပထမဆုံး ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်ဟာ မြန်မာပြည်က ဦးသန့်ဖြစ်ပါတယ်။
အခုအချိန်ထိလည်း ကိုရီးယားလူမျိုး ဘန်ကီမွန်း၊ ဒေါက်တာကင်မ်လောက် ထူးချွန်ထက်မြတ်တဲ့  မြန်မာပြည်သားများ ပညာရှင်တွေ၊ ပြည်တွင်းပြည်ပမှာ ရှိတန်သလောက်ရှိနေတယ်လို့ ယူဆပါတယ်။ ဥပမာ စီးပွားရေး နယ်ပယ်၊ ဖွံ့ဖြိုးရေးနယ်ပယ်မှာလည်း သူ့ခေတ်နဲ့သူ ကမ္ဘာကျော်ခဲ့တဲ့ မြန်မာပညာရှင် ဒေါက်တာ လှမြင့်တို့လို ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ကံဆိုးချင်တော့ ကမ္ဘာကျော်ပေမယ့် မြန်မာပြည်က မင်းဆိုးမင်းညစ်တွေက ချောင်ထိုးထားတာခံလိုက်ရပါတယ်။
သေချာအောင် ထပ်ပြောရရင် ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာတလွှားက နယ်ပယ်စုံမှာ သြဇာအကြီးဆုံး လူပုဂ္ဂိုလ်တွေ ရွေးချယ်တဲ့အခါမှာ အနုပညာနယ်ပယ်မှာ တောင်ကိုရီးယားက အဆိုတော်နဲ့ သရုပ်ဆောင် ရိန်း ပါဝင်သလို၊ နိုင်ငံရေးနယ်ပယ်မှာတော့ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပါတယ်၊ ဒါကြောင့် မြန်မာလူမျိုးတွေ၊ ကိုးရီယားလူမျိုးတွေထက် ဘယ်တုန်းကမှ မညံ့ခဲ့ပါဘူး။
ဒါပေမယ့် စောစောက မင်းဆိုးမင်းညစ်ကိစ္စကတော့ အလွန်အရေးကြီးပါတယ်။ ထပ်ပြောပါရစေ၊ မင်းဆိုးမင်းညစ်ကိစ္စက အလွန်အရေးကြီးပါတယ်ခင်ဗျာ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ဦးသန့်ကို ရွေးကြတဲ့ အကြောင်းတွေထဲမှာ ဦးသန့်ရဲ့ ကိုယ်ပိုင် အရည်အချင်းအပြင်၊ အဲဒီတုန်းက မြန်မာအစိုးရရဲ့ ဂုဏ်သိက္ခာရှိမှု၊ သမာသမတ် ကျမှုတွေကလည်း အကြောင်းရင်းတရပ်အနေနဲ့ ပါဝင်ပါတယ်။
အမေရိကန်အပါအ၀င် အင်အားကြီးနိုင်ငံတွေနဲ့ သင့်သင့်မြတ်မြတ်နေနိုင်တာက နောက်ခံအကြောင်းတရပ်ပါ။ ဦးသန့် ဘယ်လောက်တော်တော် မြန်မာပြည်မှာ ဦးနေ၀င်းအစိုးရအုပ်ချုပ်နေရင် ကမ္ဘာမှာ ဂုဏ်ယူစရာ မြန်မာလူမျိုးတယောက် ပေါ်ထွက်လာစရာ အကြောင်းမရှိပါဘူး။ ကမ္ဘာ့အလယ်မှာ မြန်မာတွေ တကယ်ပဲ ဂုဏ်ရှိခဲ့တဲ့အကြောင်း နိုင်ငံတကာမှာ သံတမန်လုပ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေက ပြန်ပြောပြဖူးပါတယ်။
မြန်မာလူမျိုးတွေ (ဗမာကြိုက်သူတွေက ဗမာလို့ ပြင်ဖတ်ကြပါခင်ဗျာ။ တိုင်းရင်းသားလူမျိုး အားလုံးကို ဆိုလိုတာပါပဲ) ဗီဇက မညံ့ပါဘူး၊ ဒါကြောင့် မြန်မာလူမျိုးတွေလည်း ကိုရီးယားတွေလိုပဲ အာရှကို၊ ကမ္ဘာကြီးကို ဦးဆောင်တဲ့ တနေ့တော့ မုချရောက်လာပါလိမ့်မယ်လို့ ရဲရဲပြောချင်ပါတယ်။ မြန်မာပြည်သားတွေ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ဘဏ်ဥက္ကဌ တို့လည်း သေချာပေါက် လာပါဦးမယ်လို့ ပြောရဲပါတယ်။
ဒါပေမယ့် မြန်မာတွေ ကမ္ဘာကြီးကို ကိုင်လှုပ်မယ့် အဲဒီတနေ့ကို ရောက်လာဖို့ကတော့ လွန်ခဲ့တဲ့ ရာစုနှစ်တ၀က်လုံး မှားယွင်းခဲ့တဲ့ လမ်းကြောင်းကိုတော့ သက်ဆိုင်သူတွေအားလုံး ဆန္ဒစွဲမပါဘဲ ၀ိုင်းဝန်းတည့်မတ်မှ ဖြစ်လာမှာပါခင်ဗျာ။
ညီစောလွင်
မတ်လ ၂၄၊ ၂၀၁၂

မောက်ခဆိုဒ်မှ ကူးယူဖော်ပြသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free