ဦးဝင်းတင်နဲ့ မေးခွန်းများ

၁၉၈၉ ဇူလိုင်မှာ စတင်ပြီးတော့ ၂၀၀၈ နိုဝင်ဘာလ အထိ ၁၉ နှစ်လုံးလုံး စစ်အစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့ သတင်းစာဆရာ၊ ဒီမိုကရေစီရေး အတိုက်အခံခေါင်းဆောင်၊ ၈၈ အရေးတော်ပုံကြီးရဲ့ သံမဏိသက်ရှည် အရေးတော်ပုံတပ်သား ဦးဝင်းတင် ဒီမတ်လ ၁၂ ရက်မှာ ၈၂ နှစ်ပြည့်မှာ ဖြစ်တယ်။ ၂၀၀၈ နိုဝင်ဘာလ လွတ်မြောက်ချိန်က စတင်ပြီးတော့ မရပ်မနား၊ မဆုတ်မနစ်နဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ဆက်လက်ပြီး ဦးဆောင်မှုပေးနေတဲ့ ဆရာဦးဝင်းတင်ဟာ ယခုအချိန်မှာလည်း သူရဲ့ မိခင်နိုင်ငံရေးပါတီရဲ့ သဘာပတိအဖွဲ့ဝင်၊ ရွေးကောက်ပွဲအောင်နိုင်ရေး ပြန်ကြားရေး တာဝန်ခံအဖြစ် စိုက်လိုက်မတ်တပ်ဖြင့် တက်ကြွစွာ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
၂၀၀၉  ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် တရားရုံးမှာ စစ်အစိုးရက ချုပ်နှောင် အရေးယူဖို့ ကြိုးစားခဲ့စဉ်က အင်းစိန်ထောင်အနီး လမ်းပေါ်မှာ လူထုနဲအတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးဝင်းတင် …
၂၀၁၀ ခုနှစ် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ပြီး ဖမ်းဆီးအရေးယူ ချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားခွင့်များ ရရှိရေးအတွက် ရပ်တည် ရင်ဆိုင်ခဲ့တဲ့ ဦးဝင်းတင် …
၂၀၁၀ နှစ်ကုန်မှ ၂၀၁၁ ခုနှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း အင်န်အယ်ဒီပါတီ ဆက်လက်ရှင်သန် ရပ်တည်ရေး၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်ဖော်ဆောင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အတိုက်အခံခေါင်းဆောင်များနဲ့ စည်းလုံးညီညွတ်စွာ လက်တွဲပြီး ဆက်လက်လှုပ်ရှားခဲ့တဲ့ ဦးဝင်းတင် …
၂၀၁၂ ခုနှစ် ယခု ကြားဖြတ်ရွေးကောက်ပွဲကာလ နိုင်ငံရေးအပြောင်းအလဲတွေ မျှော်လင့် လှုပ်ရှားနေကြတဲ့ အချိန်မှာလည်း ဆရာဦးဝင်းတင်ဟာ တက်ကြွ ရွှင်လန်းနေတဲ့ ပြည်သူလူထုကြီးနဲ့အတူ မမောမပမ်း ချီင်္တက်နေဆဲ ဖြစ်ပါတယ်။
မြန်မာပြည် နယ်အနှံ့ စည်းရုံးရေး ခရီးစဉ်တွေ ထွက်နေတဲ့ ဦးဝင်းတင်နဲ့ မေးခွန်းတွေ မမေးမြန်းဖြစ်တာလည်း တလနီးပါး ရှိပြီမို့ ယမန်နေ့က ခေတ္တဆုံတွေ့ခိုက်မှာ ဆရာရဲ့ ၈၂ နှစ်ပြည့် တဲ့အချိန် ဆက်လက်ရင်ဆိုင်ဖြတ်သန်းဖို့ ဘယ်လို အင်အားတွေ မွေးထားသလဲ၊ ဘယ်လို သန္နိဌာန်တွေ ရှိနေသလဲ ဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဆရာက ပြန်လည် ဖြေကြားရာမှာ …
ကျနော် ဒီလှိုင်းစာစောင်မှာလည်း ရေးခဲ့ပြီးပြီ။ အခြားမေးမြန်းကြသူတွေကိုလည်း ပြောပြခဲ့ပါတယ်။ အဲဒါကိုပဲ ကျနော် ဒီမှာ ထပ်ပြောချင်ပါတယ်။ လောကကြီးမှာ အများဆိုတာ၊ အခြားသူများဆိုတာ အများကြီးရှိတယ်။ ကျနော်တို့က ကိုယ်တဦးတည်းအတွက် နေထိုင်နေတာ မဟုတ်ဘူး။ တခြားသူတွေ၊ သူများတွေအတွက်လည်း အကျိုးရှိအောင်၊ ကောင်းကျိုးဖြစ်အောင် နေထိုင်လုပ်ကိုင်ကြရမယ်လို့ သဘောပေါက်မိတယ်။
ဂျာနယ်ကျော်ဦးချစ်မောင်က “သူ” ဆိုတဲ့ စာအုပ်ကို ရေးခဲ့တယ်။ ကျနော်ကတော့ အဲသည်လိုမျိုး “သူများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်တောင် ရေးချင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ စာမရေးတတ်သေးတော့ မရေးဖြစ်ခဲ့ဘူး။ အခုမှာလည်း အချိန်က မရတော့ မရေးဖြစ်သေးဘူး။ ဒါပေမယ့် လောကမှာ အများအတွက် သူများအတွက် ကောင်းကျိုးရှိအောင် လုပ်ကြဖို့ အကြောင်းကို တိုက်တွန်းချင်တယ်။ ကျနော်ကိုယ်တိုင်လည်း သည်လိုပဲ ခံယူထားတယ်ဆိုတာကို ပြောချင်ပါတယ်။
နောက်တချက် ကျနော် ပြောချင်တာကတော့ ကျနော်ကိုယ်တိုင် သူများတွေအတွက် အလုပ်လုပ်မယ်လို့ သဘေားထားရှိရုံနဲ့ မပြီးသေးဘူး။ ကိုယ့်လိုပဲ အများအတွက်၊ သူများအတွက် အလုပ်လုပ်တဲ့သူများတွေနဲ့လည်း လက်တွဲပြီး ပူးပေါင်းပြီးတော့ အတူတကွ လုပ်နိုင်ကြရမယ်။ လုပ်ကြရမယ်လို့လည်း ပြောချင်တယ်။
နောက်ပြီးတော့ ပြောချင်တဲ့ တချက်ကတော့ ကျနော်တို့တတွေက သူများတွေအတွက် အလုပ်လုပ်နေကြရုံနဲ့လည်း မပြီးသေးဘူး။ အဲသည်လို သူများတွေရဲ့ ကောင်းကျိုးစီးပွားကို လုပ်ဆောင်နေကြတာကို ဖျက်လို ဖျက်ဆီးလုပ်ကြတဲ့သူတွေ၊ နှောက်ယှက်မှုတွေ၊ အန္တရာယ်အမှုတွေ ပြုလာကြတဲ့ သူတွေဆီကလည်း ကာကွယ်ကြဖို့၊ တားဆီးကြဖို့လည်း လိုအပ်တယ်လို့လည်း ပြောချင်ပါတယ်။
ဆက်ပြီးတော့ တင်ပြလိုတာကတော့ ကျနော်လိုမျိုး အများအတွက်၊ သူများအတွက် လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ သူတွေနဲ့ လက်တွဲပြီး လုပ်ကိုင်နေရင်းကနေပြီးတော့ နောက်မျိုးဆက်အဆင့်ဆင့်မှာ နောင်ကို သူများတွေအတွက် ဆက်လက်လုပ်ကိုင်မယ့် လူငယ်တွေကိုလည်း လက်ဆင့်ကမ်းနိုင်အောင်၊ ရပ်တည်လာနိုင်အောင် ကြိုးပမ်းကြဖို့လည်း လိုတယ်ဆိုတာကို ပြောချင်ပါတယ်။
ဥပမာ သူများတွေအတွက် ကျနော်က လှုပ်ရှားနေသလိုမျိုး ကျနော့်ထက် ၃ နှစ်ကြီးတဲ့ ဦးတင်ဦးဆိုလည်း အများအတွက်ပဲ လှုပ်ရှားဆောင်ရွက်နေတယ်။ သူများတွေအတွက် ရှင်သန်ရုန်းကန်နေတဲ့ မြန်မာပြည်သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အသက် ၇၀ နားနီးနေပြီ။ ဒီတော့ ကျနော်တို့တတွေကလည်း လူကြီးတွေအနေနဲ့ သူများတွေအတွက် လုပ်ကိုင်နေကြသလို လူငယ်တွေမှာလည်း သူများတွေအတွက် အများအကျိုးအတွက် ဆောင်ရွက်လိုသူတွေ တိုးပွားလာအောင် ပြုစုပျိုးထောင်ကြရမယ်။ လမ်းဖောက်ပေးရမယ်။ လမ်းဖွင့်ပေးရမယ်။ အခုဆိုရင် ကျနော်တို့ သဘာပတိအဖွဲ့ကို သူများတွေအတွက် ဖွဲ့စည်းထားတာ ဖြစ်တယ်။
 နိုင်ငံရေးပါတီတခုအနေနဲ့ နိုင်ငံရေးသဘောထားတွေ၊ နိုင်ငံရေးစိတ်ဓာတ်တွေ၊ နိုင်ငံရေး အသိပညာတွေကို ဖြန့်ချိလက်ဆင့်ကမ်းနေတာနဲ့ ထပ်တူ  လူငယ်တွေဆီမှာ မျိုးဆက်သစ်တွေဆီမှာ … အများအတွက် သူများအတွက် ငါတို့ အလုပ်လုပ်ကြမယ်ဆိုတဲ့ စိတ်ဓာတ်၊ အခြေခံအဆောက်အအုံ စိတ်ဓာတ်ကို တည်ဆောက်ကြရမယ်။ လက်ဆင့်ကမ်းကြရမယ်လို့ ပြောချင်ပါတယ်။

မိုးမခမှ ကူးယူဖော်ပြသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free