မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံ၏ အထူးကိုယ်စားလှယ် Mr. Derek Mitchell က မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ၌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့စဉ် "အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဆင့် သို့ တိုးမြှင့်ဆက်ဆံသွားရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဆုံးဖြတ်ခဲ့သည်" ဟု ပြောကြားခဲ့ကြောင်း ၎င်းတွေ့ဆုံပွဲ တွင်ပါဝင်ခဲ့သော ပြည်သူ့လွှတ်တော် 'ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်' အဖွဲ့ဝင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြား ခဲ့သည်။
"မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု တွေကို သိသာထင်ရှားစွာ တွေ့နေရ ကြောင်း၊ ဒါကြောင့် အမေရိကန် - မြန်မာ ဆက်ဆံရေး ကောင်းမွန်လာကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးမှာ မြန်မာနိုင်ငံကို မိတ်ဖက်အဆင့်သို့ တိုးမြှင့်ဆက်ဆံသွား ဖို့ အမေရိကန်အစိုးရက ဖေဖော်ဝါရီလ ထဲမှာ ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ ဒီလို တိုးမြှင့်ရတဲ့ အဓိကအကြောင်းတွေထဲက တစ်ကြောင်းက လွှတ်တော်ရဲ့ တိုးတက် ပြောင်းလဲမှုတွေ၊ ကြိုးစားဆောင်ရွက်မှု တွေကို အသိအမှတ်ပြုတဲ့သဘောဖြစ် ကြောင်း၊ ပြုပြင်ပြောင်းလဲစ ကာလတို အတွင်းမှာ အခုလို အင်တိုက်အားတိုက် တက်တက်ကြွကြွလုပ်နိုင်တာကို အမေရိ ကန်နိုင်ငံအနေနဲ့ အသိအမှတ်ပြု၊ အံ့လည်းအံ့ဩ မိကြောင်း၊ ဒါကြောင့် အခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သူက ပြောသွားပါတယ်"ဟု အဆိုပါကော်မရှင် အဖွဲ့ဝင် ဦးတိုးနိုင်မန်းက ပြောသည်။
"လွှတ်တော်တွေက နိုင်ငံနဲ့လူမျိုး အတွက် သတ္တိရှိရှိနဲ့ လက်တွေ့အလုပ် လုပ်နေတာတွေ တွေ့ရလို့ ဖော်မပြနိုင် အောင် ၀မ်းမြောက် မိပါတယ်။ ကိုယ့် တာဝန်ကိုယ် ကျေပွန်အောင်ထမ်းဆောင် နေကြတဲ့ အချိန်မှာ စီမံအုပ်ချုပ်ရေး အပိုင်း၊ ဥပဒေပြုရေးအပိုင်းတို့ Debate လုပ်ကြရတာတွေ အမေရိကန်မှာလည်း ရှိပါတယ်။ ကိုယ့်ကိစ္စကိုယ်လုပ်ရင် ဒီလို Debate တွေ ရှိနေမှာပါ။ ဒါကြောင့် လက်ရှိသွားနေတဲ့လမ်းဟာ မမှားပါဘူး" ဟုလည်း Mr. Derek Mitchell က ပြောခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံတော် အတွက် အခြေခံဥပဒေနှင့်အညီ လွှတ် တော်များက ဆောင်ရွက်နိုင်မှုများ၊ အထူး သဖြင့် မြန်မာ နိုင်ငံကဲ့သို့ အသွင်ကူး ပြောင်းစ နိုင်ငံတွေမှာ ယခုကဲ့သို့ မယုံ နိုင်လောက်အောင် နိုင်ငံရေးအခင်း အကျင်းမျိုး ဖန်တီးပေးနိုင်သော လွှတ်တော်ကို အင်မတန်မှ အသိအမှတ်ပြုရ ပါကြောင်းဖြင့် Mr. Derek Mitchell က ပြောကြားအပြီး နိုင်ငံအတွက် အရေးကြီး လှသော ဘတ်ဂျက်ကိစ္စများအပေါ် လွှတ်တော်က မည်သို့ကိုင်တွယ်ဆောင် ရွက်နေပါသနည်းဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား မေးမြန်းခဲ့ရာ သူရဦးရွှေမန်း က ပြန်လည်ဖြေကြားခဲ့သည်။
"အဲဒီလိုပြန်ဖြေကြားရာမှာ ဖေဖော် ၀ါရီ ၇ ရက်နေ့က ဥက္ကဋ္ဌက ပြည်ထောင်စု လွှတ်တော်မှာ သူပြောခဲ့တဲ့မိန့်ခွန်းတွေ ကို ပြန်ရှင်းပြ ပါတယ်။ ဒီတော့ Mr. Derek Mitchell က 'ပြောင်းလဲတဲ့အခါမှာ အင် မတန်ခက်ခဲနိုင်တဲ့အတွက် သတိကြီးစွာ ထားဖို့ လိုအပ်ကြောင်း၊ လွှတ်တော် ဥက္ကဋ္ဌရဲ့ လက်တွေ့ကျတဲ့ Democratic Society ကို သွားတဲ့လမ်းကြောင်းကို လက်ခံနိုင်တဲ့သူ နည်းနေသေးလို့ အခက် အခဲတွေရှိမယ်ဆိုတာ နားလည်ပါတယ်။ ဒီလိုခက်ခဲနေတာ ကြုံရရင် ဥက္ကဋ္ဌအနေနဲ့ တစ်ဦးတည်းရင်ဆိုင်နေရတယ်လို့ မမှတ်ယူဘဲ အမေရိကန်အစိုးရနဲ့ အမေရိကန် ကွန်ဂရက်တို့က တတ်နိုင်သမျှ ကူညီဖို့ အသင့်ရှိနေ မယ်လို့ ကတိပေးပါတယ်"လို့ ပြောသွားပါတယ်။
"ပြီးတော့ မြန်မာနိုင်ငံကို နောက်ကြောင်းပြန် လှည့်သွားမှာ စိတ်ပူကြလို့ အားလုံးက လွှတ်တော် ဥက္ကဋ္ဌထံမှာ ကတိလာတောင်း ကြတဲ့အကြောင်း၊ Speaker ရဲ့ ကတိဟာ အရေးကြီးကြောင်း၊ သို့သော် နောက်ကြောင်း ပြန်မလှည့်ချင်ပေမယ့် ကြီးမားတဲ့ အခက် အခဲတွေရှိနေလို့ ရှေ့ဆက်သွားဖို့လည်း ခက်ခဲနေသေးကြောင်း၊ အထူးသဖြင့် ပိတ်ဆို့ တားဆီးမှုတွေ (Sanctions) ကြောင့်ဖြစ် ကြောင်း၊ ဒါတွေကို အမေရိကန်ဘက်က လျှော့ချပေးဖို့ လိုအပ်ကြောင်း၊ အရင်အစိုးရလက်ထက်မှာ အမေရိကန်က ပိတ်ဆို့မှုတွေကို အခုလွှတ်တော် ခေတ်မှာ ဆက်မထားဖို့ အမေရိကန်သမ္မတနဲ့ လွှတ် တော်တို့ကို တိုက်တွန်းပေးစေလိုကြောင်းလည်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက Mr. Derek ကို ပြောလိုက်ပါတယ်"ဟု ဦးတိုးနိုင်မန်းက ဖြည့်စွက်ပြောကြားသည်။
"ဒဲရစ်မစ်ချဲလ်က နိုင်ငံတစ်နိုင်ငံအား စီးပွားရေး ပိတ်ဆို့ရန် အကြောင်းပြချက်တွေ ပြနိုင်ရုံဖြင့် ချက်ချင်းပိတ်လို့ရသော်လည်း ပြန်ဖြေ လျှော့ဖို့က ခက်ခဲပါတယ်။ အရင်က ပိတ်ခဲ့တဲ့ အမတ်တွေက အခု ကွန်ဂရက်မှာမရှိတော့ဘူး။ ဒါတွေကို အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားပါ့မယ်။ ကြားဖြတ်ရွေးကောက်ပွဲကို Free & Fair ဖြစ်ဖို့ ဥက္ကဋ္ဌကြီး တိုက်တွန်းနေတာ ကြားရတဲ့အတွက် ၀မ်း မြောက် မိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကလည်း ဒီအတိုင်းလိုက်နာကြဖို့ လိုအပ်ပါတယ်' လို့လည်း ပြောသွားပါသေးတယ်'ဟု ၎င်းက ဆက်လက်ဖြေကြားခဲ့သည်။
မစ္စတာဒဲရစ်မစ်ချဲလ်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ နံနက် ၉ နာရီမှ ၁၀ နာရီ ၁၀ မိနစ်အထိ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ဤသို့ တွေ့ဆုံခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်အတူ ၎င်းလိုက်ပါ စဉ်က တွေ့ဆုံမှုနှင့်ပါဆိုလျှင် လေးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
၎င်းသည် ပြီးခဲ့သည့်ခုနစ်လအတွင်း တစ်လ တစ်ခေါက် (ဖေဖော်ဝါရီလမှလွဲ၍) မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားပြီး ယခု အခေါက်နှင့်ဆို လျှင် ခြောက်ကြိမ်ရှိပြီဖြစ်သည်ဟု သိရသည်။


မြန်မာတိုင်းမ်သတင်းဂျာနယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free