ယခုနှစ်တွင် ရောင်းချပေးမည့် ဂျီဖုန်းလေးသန်းအား ကျပ်နှစ်သိန်းနှုန်းဖြင့်သာ ရောင်းပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ  အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ “စီမံကိန်းအလိုက် ဖုန်းတန်ဖိုးတွေ လျှော့ချပေးမယ်ဆိုပေမယ့် တစ်နှစ်အတွင်း ရောင်းချပေးနေတဲ့ တန်ဖိုးကိုတော့ လျှော့ပေးမှာ မဟုတ်ပါဘူး။ ဥပမာ ဒီနှစ်အတွင်း ကျပ် နှစ်သိန်းကို ပထမအရစ်၊ ဒုတိယ အရစ်ဆိုပြီး ရောင်းတယ်။ ပထမအရစ်ကုန်လို့ ဒုတိယအရစ်ချပေးတဲ့ အခါမှာ ပထမအရစ်မှာ ရောင်းပေးတဲ့ တန်ဖိုးနှုန်းထားအတိုင်းပဲ ရောင်းမှာပါ။ လျှော့သွားဖို့တော့ မရှိဘူး။ နောက်နှစ် စီမံကိန်းမှာ ချမယ့်ဖုန်းတွေပဲ တန်ဖိုးလျှော့ချပေးမှာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိရောင်းချပေးသည့် ဖုန်းများမှာ ပထမနှစ် စီမံကိန်း ဖုန်းလေးသန်းတွင် ပါဝင်သည့် ပထမအရစ် ဖုန်းများဖြစ်ပြီး အရေအတွက်မှာ တစ်သန်းခွဲဖြစ်ကာ နံပါတ် မှာ ၀၉-၄၂ ဖြင့်စကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “အခုချပေးတဲ့ ဖုန်းတွေ ဒီနှစ်ထဲမှာပဲ နိုင်ငံခြား သယ်ဆောင် အသုံးပြုနိုင်မယ့်စနစ်ကို အသုံးပြုခွင့်နဲ့ အပြန်အလှန် စာတိုပို့စနစ်တွေ အသုံးပြုခွင့်ပေးမှာပါ။ အခုဒီနှစ်တွေအတွက် စတင် ဆောင်ရွက်ပေးနေပါပြီ။ ဘယ်တော့ အသုံးပြုခွင့် ပေးမယ်ဆိုတာကိုတော့ တရားဝင် ထုတ်ပြန် ကြေညာသွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောသည်။ ယင်းသို့ အသုံးပြုခွင့်ပေးရာတွင် ဘီလ်စနစ်ဖြင့် အသုံးပြုသော ဖုန်းများသာလျှင် နိုင်ငံတကာသို့ သယ်ဆောင် အသုံးပြုနိုင်မည် ဖြစ်ပြီး ကတ်စနစ်အသုံးပြုသည့် မိုဘိုင်းဖုန်းများ အသုံးပြုခွင့်ရမည် မဟုတ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ကျပ်နှစ်သိန်းတန် ဟန်းဖုန်းများအား ပြည်နယ်များတွင် ယခုလ ၁၄ ရက်နေ့မှ စတင်ရောင်းချပေးပြီး မတ်လ ၂၈ တွင်ရန်ကုန်၊ မန္တလေးမှလွဲ၍ အခြား တိုင်းဒေသကြီးများအားလည်းကောင်း ဧပြီ ၉ ရက်နေ့တွင် ရန်ကုန်၊ မန္တလေးအားလည်းကောင်း ရောင်းချပေးမည် ဖြစ်သည်။ ယင်းသို့ ရောင်းချပေးရာတွင်လည်း နယ်မြေကန့်သတ်ချက်ဖြင့်သာ သုံးစွဲနိုင်မည်ဖြစ်ပြီး မေလ ပထမပတ်မှသာလျှင် တစ်နိုင်ငံလုံး သယ်ဆောင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။ အဆိုပါ ဖုန်းများအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ဝယ်ယူနိုင်မည် မဟုတ်ဘဲ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများတွင်သာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။


GTU ONLINE မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free