အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ဗဟိုဦးစီးအဖွဲ့အဖြစ် သီးခြားဘက်ဂျက် (ရသုံး ငွေစာရင်း) ဖြင့် ရပ်တည်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ သဘောတူသော ဥပဒေနှင့်အညီ ဖွဲ့စည်းမည်ဖြစ်ကြောင်း ယင်းကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

ထိုသို့ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ယခုလောလောဆယ် လူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး လာမည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းကာ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကို ရယူမည်ဖြစ်သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဌက “ အခု ဥပဒေကြမ်းမူကြမ်းဆွဲနေပြီ။ အခုအချိန်မှာ ကျွန်တော်တို့က သီးခြားဘတ်ဂျက်ပေးလို့မရတဲ့အဖွဲ့ဖြစ်နေပေမယ့် ဥပဒေအရဖွဲ့ပြီးရင်တော့ သီးခြားဘတ်ဂျက်ရလာမှာပါ” ဟုပြောသည်။

လက်ရှိတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား သမ္မတ၏ အမိန့်ဖြင့်သာ ဖွဲ့စည်းထားသဖြင့် ဗဟိုဦးစီးအဖွဲ့အဖြစ် သီးခြားဘတ်ဂျက်ပေးရန် ပြန်ထောင်စုလွှတ်တော်မှ ငြင်းပယ်ခဲ့သည်။

ယင်းသို့ ငြင်းပယ်လိုက်ခြင်းကြောင့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆက်လက်တည်ရှိမည် မတည်ရှိမည် ဆိုသည့် မှန်းဆမှုများ ထွက်ပေါ်လျှက်ရှိစဉ် ကော်မရှင်က ယမန်နေ့ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

လွှတ်တော်မှ အတည်ပြုပေးသည့် ဘတ်ဂျက်မရရှိခဲ့သော်လည်း ကော်မရှင်အနေဖြင့် သမ္မတရုံးမှချပေးသော ဘက်ဂျတ်ဖြင့် ဆက်လက် ရပ်တည်လျက်ရှိကြောင်း ကော်မရှင်ဥက္ကဌ ဦးဝင်းမြကပြောသည်။
“ သီးခြားဘတ်ဂျက် ရလာရင်တော့ ပိုပြီးကောင်း၊ ပိုပြီးခိုင်မာတဲ့ကော်မရှင်ဖြစ်လာမှာပါ ” ဟု၎င်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်က “လွတ်လပ်ပြီးနှောင်ကြိုးမဲ့တဲ့ ကော်မရှင်ဖြစ်ရင် ပိုကောင်းမယ်။ နိုင်ငံတကာက ကော်မရှင်တွေလို လုပ်နိုင်ရင်ကောင်းမယ်။ နိုင်ငံတကာ ပေးသလိုတော့ပေးရမှာပေါ့ ” ဟုပြောသည်။

မကြာခင် ရက်ပိုင်းက ကျင်းပပြီးစီးသွားသည့် လွှတ်တော် နောက်ဆုံးရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို သမ္မတအမိန့်ဖြင့် ဖွဲ့စည်း ထားခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီကြောင်း အပါအ၀င် အခြားအဆို ၂ခုကို တင်သွင်းခဲ့ရာ လွှတ်တော်မှ မဲခွဲအတည်ပြုပေးခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် ၀န်ထမ်းပေါင်း ၂၂ ဦးဖြင့် လည်ပတ်လျက်ရှိသည်။
စတင်ဖွဲ့စည်းချိန်မှစပြီး ယနေ့အထိ တိုင်စာပေါင်း ၁၄၆၄ ခုကို လက်ခံဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်ကပြောသည်။       ။


YPI မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free