v

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို ရုပ်မြင်သံကြား၊
ရေဒီယိုတွေကနေ တဆင့် မတ်လ ၁၄ ရက်နေ့က တင်ပြသွားခဲ့တဲ့ နေရာမှာ နှစ်ပေါင်း ၂ဝ ကျော်အတွင်း ပါတီဝင်တွေ ဖိနှိပ်ခံရတာ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ လိုင်စင်ရုပ်သိမ်းခံရတာနဲ့ မတရားဖမ်းဆီးပြီး အမြင့်ဆုံးအထိ ပြစ်ဒဏ်တွေ ချမှတ်ခံရတာတွေ ရှိခဲ့တယ်ဆိုပြီး ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

အကြောင်း တိုက်ဆိုင်စွာနဲ့ပဲ နောက်နေ့မနက် Mutdfan က အယ်ဒီတာတဦးဖြစ်တဲ့ ကိုမှူးသခင်ရဲ့ဖခင် ပန်းချီဆရာကြီး ဦးမင်းစံချိန် ကွယ်လွန်ခြင်း အသုဘ အခမ်းအနားအတွက် ရေဝေးသုဿန်ကို စာရေးသူရဲ့ ကားနဲ့ ပင့်ဆောင်သွားပေးဖို့
ဖြစ်လာတာက သက်တော် ၈ဝ လောက်ရှိနေတဲ့ ဦးဇင်းကြီးတပါး ဖြစ်ပါတယ်။ စာရေးသူရဲ့ကား ဒက်ရှ်ဘုတ်ပေါ်မှာ NLD အလံနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ တခုကိုတခု ယှက်လို့ တင်ထားတာကို မြင်လိုက်တဲ့
ဦးဇင်းက ပြောပါတယ်။

"ဒါက NLD အလံမဟုတ်လား ဒကာကြီး”တဲ့။ စာရေးသူကလည်း
ubogyi
ဦးဇင်း ဦးပဏ္ဍိတ (ဦးဘိုကြီး) (ဓါတ်ပုံ ဇော်ဇော်)
“တင်ပါ့ဘုရား။ NLD အလံပါ။ အမေစုကို ကြည်ညိုလွန်းလို့
အမေစုပါတီရဲ့ အလံကို အမြတ်တနိုး တင်ထားတာပါ” လို့
ပြောလိုက်တော့ ဦးဇင်းက ပြုံးတယ်။ တည်တည်ငြိမ်ငြိမ်လေးနဲ့ စကားဆက်တာက “၁၉၉၀ ခုနှစ်မှာ ဦးဇင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန တိုင်းရုံးမှာ ဦးစီးမှူး ဘဝကနေ ပင်စင်ယူခဲ့တာ
ဘာကြောင့်လဲ သိလား”လို့ မေးပါတယ်။ “တင်ပါ့ဘုရား မိန့်ပါအုံးဘုရား”ဆိုတော့ ဦးဇင်းက ပြုံးပြီး ဆက်မိန့်တာက
၁၉၈၈ ခုနှစ် ကာလများက အဖြစ်အပျက်များကနေ အစချီ
ဇာတ်ကြောင်းပြန် မိန့်ကြားပါတော့ တယ်။

“ဦးဇင်းကို ရန်ကုန်တိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ
ဦးဘိုကြီး ဆိုပြီး လူသိများခဲ့တယ်။ ၁၉၈၈ ခုနှစ် အရေးအခင်း
ဖြစ်ပြီးတဲ့နောက် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဒေါ်ခင်ကြည် (အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး) ကွယ်လွန်သွားတော့ မစန္ဒီငြိမ်း က အိမ်လိုက်လာပြီး ပြောတယ်။

“ဦးဘိုကြီး… ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူ ဒီဇိုင်းလေးများ လုပ်ပေးနိုင်မလား။ သေသေချာချာတော့ စဉ်းစားပါ။ ဝန်ထမ်း ဆိုတော့ ရာထူးတော့ ထိခိုက်နိုင်တယ်နော်” လို့ ပြောတယ်။

အိမ်က မိန်းမနဲ့ မျက်နှာချင်းဆိုင် ကြည့်မိတယ် ဆိုရင်ပဲ မိန်းမလုပ်သူက ဂုဏ်ယူစွာနဲ့ “အမြန်ဆုံး လုပ်ပေးလိုက် ပါလား။ ဒေါ်ခင်ကြည်ဆိုတာ အမျိုးသားခေါင်းဆောင်ကြီးရဲ့ဇနီး မုဆိုးမကြီးလေ။ ရှင်အလုပ်ပြုတ်သွားရင် ကျူပ် စက်ချူပ်ပြီးကျွေးမယ် လုပ်ဖြစ်အောင် လုပ်ပေးလိုက်ပါ” လို့ တိုက်တွန်းတော့ ဦးဇင်းလည်း စိတ်က ပါပြီးသားမို့ အလုပ်ကိစ္စအတွက် ဒေါ်စုနဲ့ တွေ့ရဖို့ ချက်ခြင်း  ကောက်လိုက်သွားတာပေါ့။”

အတိတ်ကို သတိရနေတဲ့ပုံနဲ့ ဦးဇင်းက ဆက်မိန့်တာက…
“ဦးဇင်းလည်း ဟိုရောက်တော့ ဒေါ်စုကို အုတ်ဂူအတွက် ဘယ်လိုပုံစံများ လိုချင်သလဲ ဆိုပြီး မေးခဲ့တယ်။ ဒေါ်စုက သူလိုချင်တာကို ဒီလိုပြောတယ်။‘အမေက မကွယ်လွန်ခင်မှာ ဒီအိမ် (ယခု အမေစု နေအိမ်) ရဲ့ ဆင်ဝင်အောက်မှာ ထိုင်ပြီး အမြဲပုတီးစိတ်၊ တရားမှတ်လေ့ရှိတယ်။ အဲ့ဒီမှာ အမေထိုင်ရတာ သဘောကျပုံရတယ်။ အဲ့ဒီ ဒီဇိုင်းလေးများ ရနိုင်မလား’လို့ မေးတော့ ဖြစ်ရမယ်ဆိုပြီး ချက်ခြင်း ဆွဲပေးခဲ့တယ်။
Dawkhinkyi
မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အုတ်ဂူ အရှေ့ဘက် မြင်ကွင်း (photo :: yeenyoneyar.blogspot.in)

အခုဆောက်ထားတဲ့ အုပ်ဂူဒီဇိုင်းပုံစံဟာ ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့ ဆင်ဝင်ဒီဇိုင်းပါပဲ။ ကျနော် ဆွဲပေးတဲ့ပုံ ကို အမေစုက သိပ်သဘောကျသွားတယ်။ ဒါပေမယ့် ဆောက်မယ့်နေရာက ရွှေတိဂုံဘုရား တောင်ဖက်မုခ်။ သခင်ကိုယ်တော်မှိုင်းနဲ့ စုဘုရားလတ်တို့ရဲ့ အလယ်မှာ ဖြစ်နေတယ်။ ကျနော်ဆွဲပေးတဲ့ ဒီဇိုင်းက ၄၅ ပေ မြင့်ပြီး ဒါဟာ သခင်ကိုယ်တော်မှိုင်းရဲ့ အုပ်ဂူထက် ပိုမြင့်နေမှာမို့ အဲ့ဒါကိုတော့ နည်းနည်း ဖြတ်ပေးပါ။ သခင်ကိုယ်တော်မှိုင်းနဲ့တော့
မြင့်လည်း မမြင့်ပါစေနဲ့ အမြင့်လည်း မတူပါစေနဲ့လို့ ပြောလို့ ပြင်ပေးလိုက်ရတယ်။ ဒါလေးပဲ ပြင်လိုက်ရတယ်။

အဲ့ဒီအချိန်က ညမထွက်ရအမိန့် ထုတ်ထားတဲ့အချိန် ဖြစ်သလို ဝန်ထမ်းအားလုံးကိုလည်း ‘ဈာပန အခမ်းအနားနဲ့ မည်သို့မျှ မပတ်သက်ရ။ ပတ်သက်သူ အရေးယူခြင်း ခံရမယ်။ မိမိ အောက်လက် ငယ်သား ပတ်သက်ခဲ့သည်ကို သိရှိပါကလည်း ချက်ခြင်း သတင်းပို့ တင်ပြရမယ်။ မတင်ပြနိုင်ရင် အဲ့ဒီအရာရှိကိုပါ အရေးယူမယ်’လို့ တရားဝင် စာထုတ်ထားတဲ့ အချိန်လည်းဖြစ်တော့ အပြန်မှာ တိုင်းအင်ဂျင်နီယာဆီကို တန်းသွားလိုက်ပြီး ‘ကျနော်ကတော့ ဒီအလုပ်လုပ်ပေးနေပါပြီ’လို့ ပြောလိုက်တယ်။

တိုင်းအင်ဂျင်နီယာက မျက်နှာအရမ်းပျက်သွားပြီးတော့ ‘ခင်ဗျားကို လုပ်ပါလို့လည်း မတိုက်တွန်းဘူး။ မလုပ်ပါနဲ့ လို့လည်း မတားဘူး။ ခင်ဗျားသဘောနဲ့ ခင်ဗျားပဲ’ လို့ ပြန်ပြောတယ်။ ‘ခင်ဗျားကတော့ ကျားအမြီး ဆွဲတဲ့သူပဲ’လို့
ပြောပြီး သူထိုင်ရာက ချက်ခြင်းထပြီး ရုံးချူပ်နဲ့ ဝန်ကြီးဆီကို ဆက်သွယ် သတင်းပို့လိုက်တယ်။ မကြာခင်ပဲ ဦးဇင်း အလုပ်စားပွဲပေါ်ကို ထုချေလွှာတင်ဖို့ စာရောက်လာတယ်။

ဦးဇင်းလည်း ဒေါ်စုဆီ ချက်ခြင်းသွားပြီး ကျနော့်ကိုတော့ အရေးယူဖို့ လုပ်နေပြီဆိုတာ သတင်းပို့လိုက်တယ်။ ဒေါ်စုက ချက်ခြင်းထသွားပြီးတော့ တိုင်းမှူး ဗိုလ်ချူပ်မျိုးညွန့် ဆီကို ဖုန်းဆက်တယ်။ မကြာခင်ပဲ ဦးဘိုကြီးကို ဒီကိစ္စ အစအဆုံး လုပ်ဆောင်ပေးနိုင်ရေး တာဝန်ပေးတယ်ဆိုပြီး စာထွက်လာတယ်။

ဦးဇင်းရဲ့ အုတ်ဂူဒီဇိုင်းကို ဆောက်ပေးတာက  တပ်မတော် အင်ဂျင်နီယာတပ်က ဆောက်ပေးတာ။ ဦးဇင်းက ကြီးကြပ် ရတယ်။ နေ့ဖက် မဆောက်ရဘဲ ညဖက်မှ ဆောက်ရတာ။ ညဖက် စစ်ကားနဲ့ လာလာခေါ်တော့ ရပ်ကွက်ထဲက လူတွေကတောင် ဦးဇင်းကို ဖမ်းသွားပြီ ထင်ကြတာ” လို့ ဆက်ပြီး ရှည်ရှည်ဝေးဝေး ရှင်းပြခဲ့ပါတယ်။

ဦးဇင်းက ကွမ်းလေးမြုံ့ရင်း ဆက်ပြောတာက… “အသုဘ ချတဲ့နေ့က ဦးဇင်းက အခေါင်းပိတ်ဖို့ သံလက် ကိုင်ပြီး
စောင့်နေတုန်း အခေါင်းသယ်လာတဲ့ စစ်သားတွေ လက်ထဲကနေ ကျောင်းသားတွေက ဝင်လုကြတယ်။ သံရုံးတွေက အရာရှိတွေရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကြသေးတယ်။ နောက်ဆုံး အခေါင်းကို ဘိလပ်မြေ မဆလာနဲ့ ဦးဇင်း ပိတ်ပေး ခဲ့ရတာပေါ့။ အဲ့ဒီတုန်းက ဗီဒီယိုတွေထဲမှာ ဦးဇင်းပုံတွေ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
Dawkhinkyi1
မဟာသီရိ သုဓမ္မ ဒေါ်ခင်ကြည် အုတ်ဂူ ကမ္ဗည်း စာ (photo :: yeenyoneyar.blogspot.in)

“ဒါနဲ့ ဦးဇင်း ဘယ်လိုတွေ ဆက်ဖြစ်သေးလဲ” ဆိုပြီး မေးလိုက်မိတော့...
“အလုပ်ဖြုတ်မခံရပေမယ့် အဲ့ဒီနေ့က စပြီး ဦးဇင်းဟာ လူဆိုးစာရင်းဝင် တယောက်လို ဖြစ်သွားပြီး ဘေးကို ရောက်မှန်း မသိ ရောက်သွားတယ်။ ဦးဇင်းဟာ ၁၉၅၀ ခုနှစ် RIT ကျောင်းဆင်း တယောက်ပါ။ ဗိသုကာ ပညာရပ်နဲ့ ကျောင်း ပြီးတော့ ဘီအိုစီမှာ အလုပ်ဝင်တယ်။ ကော်ပိုရေးရှင်းတွေကို အစိုးရက လုပ်ခွင့်မပေးတော့တဲ့နောက် ဝန်ထမ်း ဝင်လုပ်တာ။ ဦးဇင်းရဲ့ တပည့်တွေက ဦးဇင်းထက် ရာထူးတွေ တဆင့်ပြီး တဆင့် တက်တက်သွားပြီး ဦးဇင်းက သူတို့တပည့် ပြန်ဖြစ်ရတော့ တပည့်တွေက ကိုယ့်ကိုအားနာ၊ ကိုယ်ကလည်း ပြန်အားနာ ဖြစ်ရတယ်။ ဒါပေမယ့် ပညာကြောင့် မဟုတ်ဘဲ အခုကိစ္စကြောင့်ဆိုတာ အားလုံးက သိပြီးသား ဖြစ်နေတယ်။

ဦးဇင်းလည်း နောက်ဆုံး ပင်စင်တင်တယ်။ ပင်စင်လည်း မပေးတဲ့ အဆုံး ကျန်းမာရေး အကြောင်းပြချက်နဲ့ ပင်စင် ထပ်တင်ပြီး ထွက်လိုက်တာပေါ့။ တပည့်တွေကတော့ ‘ဦးဘိုကြီး… ရုံးမလာနဲ့။ လခ ထုတ်ချိန်သာ လာခဲ့။ ပင်စင်တော့ မယူပါနဲ့’လို့ ပြောကြတယ်။ ဒါပေမယ့် ဘယ်ဖြစ်မလဲ၊ ပင်စင်ယူလိုက်တာ အကောင်းဆုံးပဲလေ” လို့ မိန့်ခဲ့ပါတယ်။

“ဦးဇင်းရယ် ဘယ်လိုပဲ အဖိနှိပ်ခံရ ခံရပါ။ သူတို့ ဖိနှိပ်နိုင်လှ နှစ် ၂၀ ပေါ့။ အခုဆိုရင် အဘဟာ သူရဲကောင်းတဦးပါ” လို့ ပြောလိုက်တယ်ဆိုရင်ပဲ ဦးဇင်းကလည်း  “ဒီအတွက် ဘယ်တော့မှ နောင်တ မရတဲ့အပြင် ဒါဟာ ဦးဇင်းရဲ့ ဘဝမှတ်တိုင်တခုအဖြစ် အမြဲတမ်း ဂုဏ်ယူနေတာပါ”လို့ မိန့်ကြားခဲ့ပါတယ်။
Dawkhinkyi2
မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အုတ်ဂူ အနောက်ဘက် မြင်ကွင်း (Photo :: yeenyoneyar.blogspot.in)

ဟုတ်ပါတယ်။ ဒါဟာ ဦးဇင်း ဦးပဏ္ဍိတ အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ မှတ်တိုင်ကောင်းပါပဲ။ ဗိသုကာ ပညာရှင်တဦးဖြစ်တဲ့ ဦးဇင်း ဦးပဏ္ဍိတ ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့စကားအတွက် အခုလည်း ဗိသုကာ ပညာရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တဦးအနေနဲ့ ရှိနေဆဲ ဖြစ်သလို မတ်လ ၁၆ ရက်နေ့မှာ ပထမအကြိမ် စတင်ပြသတဲ့ ဗိသုကာပြပွဲမှာလည်း ဖွင့်ပွဲ အခမ်းအနားအတွက် အထူးဖိတ်ကြားခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ဦးဇင်း ဦးပဏ္ဍိတဟာ အညာဒေသ မြစ်သားနားမှာ ရှိတဲ့ ကူမဲ ဆိုတဲ့ရွာလေးမှာ စေတီတဆူ တည်ထားမယ့် ဘုန်းကြီးကျောင်းမှာ သွားရောက်ကူညီ လုပ်ဆောင်ပေးရင်း အဲ့ဒီမှာပဲ ဝါကပ်မယ်လို့ သိရပါတယ်။

ဦးဇင်းကို ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူဒီဇိုင်းလုပ်ပေးဖို့ သင့်တော်ကြောင်း ဒေါ်စုတို့ကို အကြံပေးခဲ့သူတွေကတော့ ဦးဇော်ဝိတ်၊ ဦးဝင်းဖေ နဲ့ ဦးတင်မိုး (ကဗျာဆရာကြီး)တို့ ဖြစ်တယ်လို့လည်း ဦးဇင်းက ပြောပြပါတယ်။

အမေစုနဲ့ အနီးကပ် ကူညီပံ့ပိုးခဲ့ရသူတွေရဲ့ဒုက္ခ ဘယ်လောက် ကြီးခဲ့သလဲဆိုတာ အားလုံး စာနာနိုင်အောင် ဒီ နမူနာ အဖြစ်အပျက်လေးတခုကို ပြန်လည် တင်ပြပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကတော့ သခင်ကိုယ်တော်မှိုင်း၊ စုဘုရားလတ်၊ ဦးသန့်တို့နှင့်အတူ ရွှေတိဂုံဘုရား တောင်ဖက်မုခ်တွင် ရှိနေပါကြောင်း…။   ။



Mizzima သတင်းမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free