PDF Print

aungthaung
တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိစည်းရုံး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြောကြား ခဲ့ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရှိရသည်။
အဆိုပါဂျာနယ်မှ ငြိမ်းချမ်း ရေးအတွက် အားစိုက်နေရချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အားနည်း မသွားဘူးလား ဟူသော မေးမြန်းချက်အပေါ် ''မနည်းပါဘူး။ သေချာစီမံပြီးသားပါ။ မနည်းပါဘူး။ ကျွန်တော်တို့ အသားကျပြီးသား ဖြစ်ပါတယ်။ တစ်အိမ်ဆင်း တစ်အိမ်တက် ကိစ္စတွေ၊ ထိထိမိမိ စည်းရုံးနိုင်တဲ့ ကိစ္စတွေအားလုံးက ဆောင်ရွက်ပြီးသားပါ။ ဆောင်ရွက်နေတယ်၊ ဆောင်ရွက်နေဆဲပါ'' စသည်ဖြင့် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြန်လည်ဖြေကြားထားသည်ကို ဖော်ပြချက်အရ သိရသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မှု နှင့်ပတ်သက်၍လည်း ''မငြိမ်ပါဘူး။ သူ့လို အုန်းအုန်းကျွတ်ကျွတ် ဆိုတာကတော့ အရှေ့အလယ်ပိုင်း ပုံသဏ္ဍာန်တွေ ဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သူကပြနေတာ။ ဒါကတော့ နိုင်ငံရေးအရ image ကောင်းအောင်ပေါ့ဗျာ။ ဒါကလူထုတွေ တအားထောက်ခံတယ်၊ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါကလုပ်လို့ လွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင် ရပါတယ်။ မြို့ခံတွေ ဘယ်လောက်ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့'' စသည် ဖြင့် ဖြေကြားထားသည်ကို တွေ့ရသည်။
ထို့အပြင် ၄င်းက ''ဘာမှမလုပ်ပေးနိုင်ဘူး ဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူး ဆိုတာတွေက ကတိပေးထားတဲ့သူတွေကို သရော်တာ။ ပြည်သူ့အကျိုး လုပ်နေတဲ့သူ တွေကို ကိုယ်မလုပ်နိုင်လို့ ဝေဖန်တဲ့ သဘောလေးလည်း ဆောင်တယ်။ တကယ်တမ်းကျတော့ ဒါကမလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြု လုပ်တာကောင်းတယ်လို့ ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက် လုပ်ပေးတာကောင်းတယ် ဆိုတာမျိုးပဲ ပြောရမှာ။ ပြည်သူ့အတွက် လုပ်ပေးတာမကောင်းဘူးလို့ ပြောလာတာ တွေက ဒီနိုင်ငံရေး အဓိပ္ပါယ်ကို ကျွန်တော်လည်းနားမလည်ပါဘူး။ ဘာဖြစ်လို့ ပြောတာလည်းဆိုတာ ကျွန် တော်လည်းမသိဘူး။ ကျွန်တော်တို့ အဲဒီအဆင့်မမီဘူး။ ဒီတော့ ဒီမိုကရေစီလိုလားတယ်။ နောက်ပြီးတော့ မှ တရားဥပဒေစိုးမိုးရေး လိုလားတယ် လို့ အကြိမ်ကြိမ် နေရာတိုင်းမှာ ပြောတယ်။ တကယ့်လက်တွေ့မှာ သူတို့သွားတာ၊ လာတာတွေအားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို  တကယ်လိုက်နာသလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာပြန် ဆန်းစစ်လိုက်ရင် သိတယ်''ဟု ပြောကြားထားသည်ကို တွေ့ရပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ထဲရောက် ရှိပါက ဥပဒေပြင်မယ်ဟု ပြောဆိုနေခြင်းနှင့် ပတ်သက်၍ လျှပ်တပြက်ဂျာနယ် မှ မေးမြန်းချက်ကိုလည်း ''ရောက်ရုံနဲ့တော့ မပြင်နိုင်ပါဘူး။ ဥပဒေပြင်မယ်ဆိုတာ ပုဒ်မကရှိပြီးသားပါ။ လွှတ်တော်ထဲမှာ ပြင်နိုင်တဲ့ဥပဒေနဲ့ ပြည်သူကိုချပြပြီးမှ ပြင်နိုင်တဲ့ဥပဒေ အဲဒီတော့ သူရဲ့လုပ်ငန်း၊ လုပ်နည်း က ဘာလဲဆိုတော့ လွှတ်တော်ထဲမှာ ပြင်နိုင်တဲ့ဥပဒေက ဘာတွေလည်းဆိုတာ ပြဌာန်းပြီးသားပါ။ အဲဒီဥပဒေတွေလုပ်ရင် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၂၀ ရာခိုင်နှုန်းက ထောက်ခံပြီးတော့ တင်မှရနိုင်မှာ။ ၂၀ ရာခိုင်နှုန်းရအောင် လွှတ်တော်ကို တင်ရဦးမှာ။ တင်ရုံပဲရှိသေးတယ်။ တင်ပြီးရင် လွှတ်တော်အများစုက ၇၅ ရာခိုင်နှုန်းက ထောက်ခံမှပြင်လို့ရမှာ။ ဒါလွှတ်တော်တုန်းက ပြင်နိုင်တဲ့ဥပဒေ'' ဟု ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ဖြေကြားထားသည်ကို တွေ့ရပါသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်က မတ်လ ၁၆ ရက်နှင့် ၁၉ ရက်နေ့ ရက်စွဲဖြင့်  သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်များတွင် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများ၊ မဲစာရင်းများတွင် မှားယွင်းမှု၊ မပြည့်စုံမှုများနှင့် စပ်လျဉ်း၍ ဖော်ပြခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏မတ်လ ၁၉ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မတရားသော လုပ်ဆောင်မှုများ ပိုမို များပြားလာပါကြောင်း၊ မင်းကင်းမြို့ နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စမြင်ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုး ပါတီက ၄င်းတို့ပါတီ အစည်းအဝေးသို့ တစ်အိမ်တစ်ယောက် မတက် မနေရ တက်ရောက်ရန် ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အမိန့်ပေး ဖိတ်ကြားမှု ပြုလုပ်နေသည်ဟု သိရှိ ရပါကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ မင်းကင်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစန်းဝင်း ဆိုသူက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌကို ပုတ်ခတ်ပြောဆို ဟောပြောခြင်းသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ငြိစွန်းနေပါကြောင်း၊ ပျဉ်းကိုင်းကြီးအုပ်စ တဲကြီးရွာမူလလွန်ကျောင်းကို ငွေကျပ် ၃ သိန်းခွဲ လှူဒါန်းခဲ့ကြောင်း၊  ရွေးကောက်ပွဲအနိုင်ရပါက နောက်ထပ် ငွေ ၃ သိန်းခွဲ ပေးလှူမည်ဟု ဟောပြောခဲ့ကြောင်း ကြားသိရပါကြောင်း၊  ယင်းလုပ်ရပ်မှာ မဲဝယ်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေကြောင်း တွေ့ရှိရပါကြောင်း ဖော်ပြထားသည်။

weekly eleven ဂျာနယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free