ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်း မတ်လ ၂၀ ရက်နေ့က ‘ပုသိမ်သူ-၁၁’ သင်္ဘော နစ်မြုပ်သွားစဉ် သေဆုံးခဲ့ရသူများအတွက် တဦးလျှင် ကျပ် ၅ သိန်းစီ အာမခံ လျော်ကြေး ပေးအပ်မည် ဖြစ်ကြောင်း
မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

“မြန်မာ့ အာမခံလုပ်ငန်းက ပုသိမ်သူ သင်္ဘော နှစ်မြုပ်မှုမှာ သေဆုံးသွားခဲ့တဲ့သူ ၂၆ ဦးရဲ့ ကျန်ရစ်သူ မိသားစုတွေ အတွက် ကျပ်ငွေ သိန်း ၁၃၀ တိတိကို ဧရာဝတီတိုင်း အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ ရှေ့မှောက်မှာပဲ မြန်မာ့ အာမခံလုပ်ငန်း ပုသိမ်ရုံးခွဲက တာဝန်ရှိသူတွေဆီကတဆင့် မတ်လ ၂၆ ရက်နေ့မှာ ပေးအပ်ပြီး ဖြစ်ပါတယ်” ဟု
မြန်မာအာမခံ လုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိန်မင်း က ဆိုသည်။

ပုသိမ်သူ ၁၁ ရေယာဉ်သည် မတ်လ ၂၀ ရက်နေ့တွင် ခရီးသည် ၁၀၀ ကျော် တင်ဆောင်ကာ ပုသိမ်မှ ငပုတောမြို့သို့ အသွား နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ငပုတောမြို့နယ် ကန်ဆိပ်ကျေးရွာအနီး နှစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၂၆ ရက်နေ့အထိ ရုပ်အလောင်း ၂၆ ဦး ဆယ်ယူရရှိပြီးဖြစ်ကာ ခရီးသည် ၇၂ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း အချို့မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ငပုတောမြို့နယ် အုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

ခရီးသည်များတွင် အမျိုးသမီး အများစု ပါဝင်ပြီး၊ ကလေးငယ်များနှင့် ပုသိမ်မြို့တွင် ဆယ်တန်း စာမေးပွဲ ဖြေဆိုပြီး ငပုတောမြို့နယ်သို့ ပြန်လာသူများလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။

“သေဆုံးသူ ၂၆ ဦးမှာ ၂၁ ဦးက အမျိုးသမီးတွေ ဖြစ်ပြီး ၅ ဦးက အမျိုးသားတွေ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်အောက် ကလေး ၈ ယောက် ပါပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူများသည် ပြည်တွင်းမီဒီယာ တခုမှ လက်ကိုင်ဖုန်းသို့ ပေးပို့သော သတင်း
ပေးပို့ချက်အရ သင်္ဘော နစ်မြုပ်မှုကို သိသိချင်း ငပုတော မြို့နယ်သို့ သွားရောက် စုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟု
မြန်မာ့ အာမခံလုပ်ငန်းမှ ဦးစိန်မင်းက ဆိုသည်။

မတ်လ ၂၄ ရက်နေ့တွင် သေဆုံးသူ ရုပ်ကလာပ် စုစုပေါင်း ၂၄ ဦး တွေ့ရှိပြီးနောက် တဦးစီ၏ မိသားစုဝင်များကို အာမခံ လျော်ကြေးငွေ ကျပ် နှစ်သိန်းစီကို ကြိုတင်ငွေအဖြစ် ပေးအပ်ပြီး ဖြစ်သည်ဟု ဦးစိန်မင်းက ဆိုသည်။

သင်္ဘောနစ်မြုပ်မှုကြောင့် ဒဏ်ရာ ရသူများကိုလည်း ထိခိုက်မှုပေါ်မူတည်ကာ ဆေးကုသမှု ကုန်ကျစရိတ်၏ ၈၀ ရာခိုင်နှုန်း လျော်ကြေးပေးမည်ဖြစ်ပြီး အများဆုံး ကျပ်ငွေ လေးသိန်းအထိ ပေးအပ်နိုင်သည်ဟု ၎င်းက ဆိုသည်။

မြန်မာ့အာမခံ လုပ်ငန်းသည် သူတပါးထိခိုက်မှု အာမခံလျော်ကြေး အဖြစ် ၁၉၇၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူဝါဒအရ အာမခံထားရှိသော မည့်သည့် စက်တပ်ယာဉ်မှ ထိခိုက် သေဆုံးသူများအတွက်မဆို အာမခံကြေးများကို ပေးအပ်လေ့ ရှိသော်လည်း ထိုကဲ့သို့ အာမခံ လျော်ကြေး တောင်းခံနိုင်ကြောင်း သိရှိသူနည်းပါးကာ အာမခံလျော်ကြေးငွေ
တောင်းခံမှု နည်းပါးခဲ့သည်။

မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်း အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ နှင့် ပူးပေါင်းကာ ဒဏ်ရာရရှိသူများကို အာမခံကြေး လျော်ကြေး ဆက်လက် ပေးအပ်သွားမည်ဟု ဆိုသည်။

ရေယာဉ် နစ်မြုပ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ “ဒီကိစ္စက ပေါ့ပေါ့ဆဆ မောင်းနှင်မှုကြောင့် ဖြစ်ရတာပါ။ ဒါပေမယ့် လည်း သင်္ဘောက ကုန်တွေ၊ လူတွေ မတရား တင်လာပြီး အသက်ကယ်ဘော့တို့၊ ဖော့အင်္ကျီတို့ကလည်း မလုံလောက် ဘူး” ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ သင်္ဘောသည် ငပုတောမြို့မှ မိုင်ဝက်ခန့်အကွာ ကန်ဆိပ်ကျေးရွာ ဆိပ်သို့ ခရီးသည် အတင်အချပြုလုပ်ရန် ချိုးကွေ့စဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးသည် ၁၂ ဦးနှင့် ကုန်ချိန် ပိဿာချိန် ၂,၅၀၀ ခန့်သာ တင်ဆောင်ရန် မှတ်ပုံတင်ခွင့် ပြုထားသော အဆိုပါသင်္ဘောတွင် မြင်းကောင်ရေ ၂၀ အားရှိ အင်ဂျင်သာ တပ်ဆင်ထားပြီး၊ မြစ်ကမ်း မှ ပေ ၈၀ (၂၄ မီတာ) အကွာတွင် တိမ်းမှောက်နှစ်မြုပ်သွားခြင်း ဖြစ်သည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သင်္ဘော ဆိပ်ကမ်းသို့ ကပ်ရန် ချိုးကွေ့လိုက်ချိန် တွင် အရှိန်မထိန်းနိုင်ပဲ တဖက်သို့ တိမ်းစောင်းသွားခဲ့ပြီး ၄၅ ပေ (၁၄ မီတာ) အနက် ရေထဲသို့ ချက်ချင်း နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်ကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းမှ ရေယာဉ်များနှင့် ပတ်သတ်ပြီး၊ ခရီးသည်များ၏ လုံခြုံရေးအတွက် မေးခွန်းထုတ်စရာ ဝေဖန်မှုများ ပိုမို ပေါ်ထွက် ခဲ့သည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ခရီးသည် ၂၇ ဦးသား တင်ဆောင်ရန် မှတ်ပုံတင်ထားသော ‘နေမျိုးထွန်းကြီး’ အမည်ရှိ ရေယာဉ်သည် ငဝန်မြစ်အတွင်း ဆီတင်ရေ ယာဉ် `ဓန´ နှင့် တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့ရာ ရေယာဉ်
ပေါ်ပါ ခရီးသည် ၁၇၆ ဦးမှ သေဆုံးသူ ၄၇ ဦးအထိ ရှိခဲ့သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားရာတွင် ဌာနအနေဖြင့် ကုန်သည်ရေယာဉ် များနှင့် ခရီးသည်တင် ရေယာဉ်များကို စစ်ဆေးမှုများ ပိုမို ပြုလုပ်သွားမည်ဖြစ်ပြီး အသက်ကယ် လုံခြုံရေး ကိရိယာ များကိုလည်း ပိုမို စစ်ဆေးသွားမည် ဟု ဆိုသည်။

လက်ရှိ ပြဌာန်းထားသော ရေယာဉ်ဆိုင်ရာ သတ်မှတ်ချက်များအရ ခရီးသည် တဦးချင်းစီအတွက် အသက်ကယ်
ဖော့အင်္ကျီများ ရေယာဉ်များပေါ်တွင် ထားရှိရမည်ဟု ဆိုသော်လည်း လိုက်နာမှု အားနည်းလျက်ရှိသည်ကို တွေ့ရှိရပြီး အထူးသဖြင့် ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသတွင် ကုန်းလမ်းခရီး ခက်ခဲမှုကြောင့် ရေကြောင်းဖြင့် ခရီးသွားလာမှု များပြားလျက် ရှိရာ ခရီးသည် လိုအပ်ချက်နှင့် ရေယာဉ် အရေအတွက် လုံလောက်မှု မရှိသည်ကို တွေ့ရှိရသည်။


မဇ္ဈိမသတင်းဋ္ဌာနမှ ကူးယူသည်။

 
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free