ဘိန်းစိုက်တောင်သူများ အနေဖြင့် လက်နက်ကိုင်နှင့် အရပ်ဖက်အုပ်ချုပ်ရေး အဖွဲ့အစည်းအသီးသီးအား  အကောက်အခွန် ပေးဆောင်ရသဖြင့် အကျိုးခံစားခွင့် ထင်ထားသလောက်မရရှိကြကြောင်း ဆီဆိုင်မြို့နယ်မှ ဘိန်းစိုက်တောင်သူများက ပြောသည်။

တောင်သူများအနေဖြင့် ဘိန်းစိုက်ပျိုးသည့်အတွက် စစ်တပ်၊ ရဲ၊ ဒေသခံလက်နက်ကိုင်အဖွဲ့၊ သစ်တောဦးစီးနှင့် မြေစာရင်းရုံးကဲ့သို့သော အရပ်ဖက် အုပ်ချုပ်ရေး အဖွဲ့အစည်းများသို့ အခွန်အကောက်ပေးနေရကြောင်းလည်း ဒေသခံများက ဆိုသည်။

`ဘိန်းမစိုက်ဖို့တော့ ပိတ်ပင်ကြတယ် စိုက်ပြီဆို အခွန်ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာတောင်းကြတယ်´ ဟု လွယ်ပွတ် ကျေးရွာဒေသခံတစ်ဦးက YPI သို့ ပြောသည်။ ဘိန်းခွန်ကိုရွာသူကြီး လုပ်သူက ဦးစီး၍ မစိုက်ခင်က စုထားပေးကြကာ ဘိန်းပင်ပေါက်လာသည့်အချိန်တွင် လာတောင်းသည့် အဖွဲ့ရောက်လာပါက အဆင်သင့်ပေးနိုင်ရန် စုစည်းထားပေးသည်ဟု သိရှိရသည်။

ဆီဆိုင်မြို့နယ်မှ ဘိန်းခင်းတခင်း အားယခုလ ဆန်းပိုင်းက တွေ့မြင်ရစဉ်

ဘိန်းခွန်လာတောင်းသည့် အဖွဲ့တိုင်း တဦးလျှင် ကျပ်ငွေ ၅ ထောင်ပေးရကာ အရာရှိဆိုပါက ၎င်းထက်ပမာဏပိုပေးရသည်ဟုလည်း တောင်သူများက ပြောသည်။ ထို့ပြင် အဖွဲ့များအား အစားအသောက် ၊ဘီယာတို့ဖြင့် ဧည့်ခံရသဖြင့် အဖွဲ့တဖွဲ့လာတိုင်း ကျပ် ၁ သိန်းခန့်ကုန်ကျသည်ဟုလည်း တောင်သူများက ပြောသည်။

`ကျနော်တို့ကလည်းဘိန်းစိုက်တော့ စစ်တပ်တွေဘာတောင်းတောင်း ပေးရတယ် ရူပီဆေးလိပ်တစ်ထောင့် တောင်းတဲ့အပတ်ဆို နှစ်ဘူးပဲပို့တော့ နောက်သတင်းပို့တဲ့ အပတ်တော့ နှစ်ဆပိုတောင်းတယ်´ ဟုအသက် ၄၀ခန့် ထီလုံးဟီး ရွာသားတစ်ဦးက ပြောသည်။

ယင်းဒေသတွင် ဘိန်းစိုက်တောင်သူ တဦးအနေဖြင့် အနည်းဆုံး ဧက၀က်မှ အများဆုံး ၂ ဧကအထိသာ စိုက်ပျိုးကြပြီး ဧက၀က်စိုက်ပျိုးရာမှ ဘိန်းတပိသာ ထွက်ရှိလျှင် ရောင်းရငွေ ကျပ် ၈ သိန်းဝန်းကျင်ဈေးနှုန်းရှိသည်ဟု တောင်သူများက ပြောသည်။
ယင်းဧက၀က်အတွက် ကုန်ကျစရိတ်မှာ ကျပ် ၃ သိန်းဝန်းကျင်ရှိကာ အခြားအခွန်အကောက်များကြောင့် တောင်သူများအဖို့ အကျိုးအမြတ် သိပ်မရှိကြောင်း ၎င်းတို့၏ ပြောဆိုချက်အရ သိရှိရသည်။

ဆီဆိုင်မြို့နယ်တွင် ဘိန်းတစ်ခုတည်းကို မှီခိုစိုက်ပျိုးနေရသည့် ကျေးရွာများရှိသည့်အပြင် ဘိန်းအပြင် စပါး၊မြေပဲ၊ပန်းနှမ်း၊ ပဲစင်းငုံ လည်းစိုက်ပျိုးသည့်  ကျေးရွာများလည်းရှိသည်။

ဘိန်းကိုရှေးယခင်ကတည်းက စိုက်ပျိုးပြီး အာဏာပိုင်များနှင့် ဒေသခံလက်နက်ကိုင်များ၏ တားမြစ်မှု အခြေအနေအရ စိုက်ပျိုးမှုနှုန်းသာ ကွားခြားသည်ဟု ဒေသခံများက ပြောသည်။

ဘိန်းစိုက်ပျိုးမှုကို ရဲတပ်ဖွဲ့ ၊ စစ်တပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် PNO တို့ကအဓိက ပိတ်ပင်တားမြစ်သည် ဟုသိရသည်။
ဆီဆိုင်အရှေ့ဘက် လွယ်ထွယ်ကျေးရွာဒေသခံတစ်ဦးက`စစ်တပ်က အထက်လူကြီးတော့ ဘိန်းမစိုက်ဖို့ ပိတ်ပင်ပါ တယ် ဒါပေမဲ့ သူတို့ထဲကပဲ နင်တို့ဘိန်းမစိုက်ရင်ဘာစားမလဲ ပဲစင်းငုံတွေ၊ပြောင်းတွေက ဈေးမှမရှိတာ နင်တို့ ဘိန်းစိုက်ကြ လို့ပြောသည်´ဟုဆိုသည်။

လမ်းပန်းဆက်သွယ်မှု မကောင်းသည့် အချက်ကြောင့် အခြားသီးနှံများ စိုက်ပျိုးပြီးနောက် ရောင်းချရန် သွားရောက်သည့်အခါ စရိတ်စက ကုန်ကျလွန်း၍ တောင်သူများအနေဖြင့် အကျိုးအမြတ်မကျန်ကြောင်း ၊ ထို့ကြောင့် အခြားအစားထိုးသီးနှံဈေးကောင်းရဖို့ လိုအပ်ကြောင်း ဒေသခံ ဆရာတော်တပါးက မိန့်သည်။

PNO ကလည်း ဘိန်းကူးသန်းရောင်းဝယ်သူများ၊ သုံးစွဲသူများကို ဖမ်းဆီးအကျဉ်းချခဲ့ဖူးသည်။ အစိုးရ စရဖအဖွဲ့ဝင်တဦးကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ပြဿနာတက်ရာမှ ၂၀၀၅ခုနှစ်တွင် ဖမ်းဆီးခွင့်ကို နိုင်ငံတော်ကပိတ်ပင် ခဲ့သည်။

ဆီဆိုင်မြို့နယ်သည်စစ်တပ် ၊ PNO (ပအိုဝ်းဖြူ) နှင့် ယခင် ရှမ်းပြည်နယ်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ SNPLO (ပအိုဝ်းနီ) စသည့် အဖွဲ့အစည်းများအကြား ပဋိပက္ခဖြစ်ပွားလျှက်ရှိသောကြောင့် စီးပွားရေး၊ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ခေတ် နောက်ကျသောနယ်မြေဖြစ်သည်။

PNLO ပအိုဝ်းအမျိုးလွတ်မြောက်ရေးအဖွဲ့လှုပ်ရှားမှုရှိနေသဖြင့် ယခုထိ အမဲရောင်နယ်မြေ အဖြစ် သတ်မှတ်ထားသောမြို့နယ်လည်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာတ၀ှမ်းတွင် အဖဂန် နစ္စတန် နိုင်ငံပြီးလျှင် ဘိန်းထွက်ရှိမှု အများဆုံးနိုင်ငံဖြစ်သည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်သည့် အစီရင်ခံစာများအရ သိရှိရသည်။         ။ YPI မှ ကူးယူသည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free