အမေလုံးရီ

ဒီအရပ်ဒေသမှ ကျနော် စွန့်ခွာသွားခဲ့သည်မှာ ကြာခဲ့ပြီ။ လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ခန့်ကဖြစ်သည်။ အခုတော့ ကျနော် ချစ်မြတ်နိုးပျော်ပါးခဲ့ရာ ရွာလေးသို့ ဒုတိယအကြိမ် ပြန်ရောက်တော့မည်ဟူသော အတွေးတို့ဖြင့် စိတ်တို့သည် တက်ကြွ လန်းဆန်းနေသည်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ အတိတ်မှ အရိပ်တို့သည် ကျနော့် မျက်လုံးအိမ်မှာ တရိပ်ရိပ်နှင့် အဆက်မပြတ် မြင်ယောင်နေမိသည်။ ပြေးလွှားဆော့ကစားခဲ့သော ရွာလယ်လမ်းမ ရွာအနောက်ပိုင်းရှိ ကန်ဘောင်ကြီး ပေါ်မှ တူတူပုန်းတမ်းကစားခဲ့သော ကုက္ကိုပင်ကြီးများနှင့် နတ်စင်ကြီးတခုလုံးကို ၀ိုင်းရံထားသော ထန်းပင်ကြီးများကို လည်း အတွေးတို့ဖြင့် အစီအရီ ပုံဖော်နေမိသည်။
ကျနော်သိပ်ချစ်ရသော အမေလုံးရီတယောက် သားပျောက်ဘယ်နေ့ပြန်ရောက်လာနိုးနိုးနှင့် စောင့် မျှော်နေရမည့်ရက် များကို တွေးမိပြန်တော့ အလိုလိုဝမ်းနည်းလာမိသည်။ အမေလုံးရီ ကျနော့်ကို သိပ်ချစ်သလို ကျနော်ကလည်း အမေ့ကို သိပ်ချစ်ခဲ့သည်။ အမေသည် ကျနော့်ဘဝ၊ ကျနော့် ကမ္ဘာလေးဖြစ်သလို အမေလည်း ထိုနည်းအတိုင်းဖြစ်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲ။
အမေနှင့်ကျနော့်ကို ကံကြမ္မာကပေါင်းစည်းခွင့်ပေးခဲ့သလို ကြိုတင်မမြင်နိုင်သော ကံတရားကြောင့်ပင် ကွဲကွာစေခဲ့သည်။ အမေနှင့်ကျနော် စတင်တွေ့ရှိပုံကလည်း ထူးဆန်းလွန်းလှသည်။ ရှေးဘ၀အတိတ်ရေစက် တွေကြောင့်လား (သို့မဟုတ်) အမေ့မှာဝဋ်ကြွေးရှိနေ၍လားတော့ ကျနော် မဝေခွဲတတ်ခဲ့။ ကျနော်လူလောကကြီးထဲသို့ ဘဝမုန်တိုင်းကြမ်းကြီးနှင့်အတူ ဝင်ရောက်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော မွေးမေမာတာမိခင်သည် ကျနော့်ကိုမွေးပြီးပြီးချင်း လူလောကထဲမှာ စိတ်ချ လက်ချထားရစ်ခဲ့ပြီး တမလွန်သို့ အမေထွက်ခွာသွားခဲ့ပါသည်။ ကြမ္မာဆိုးသည် ထိုမျှနှင့်မရပ်သေး.. မိခင်ဆုံးပါးခြင်းက ကျနော် ဂြိုလ်ဆိုးနှင့်ဝင်လာခြင်းကြောင့် ဖြစ်သည်ဟုဆိုကာ နှစ်ဘက်ဘိုးဘွားတို့နှင့် ဖခင်ဖြစ်သူကိုယ်တိုင် အနှီးထုပ်နှင့် ကျနော့် စွန့်ပစ်တော့မည့်ဆဲဆဲ အမေလုံးရီ က ကောက်ယူကျွေးမွေး စောင့်ရှောက်ခဲ့ခြင်းဖြစ်ပါသည်။
ကျနော့် မိခင်ရင်းနှင့် အမေလုံးရီမှာ ညီအစ်မဝမ်းကွဲ။ အမေလုံးရီက အပျိုကြီး၊ အရပ်ထောင်ထောင်မောင်းမောင်း၊ အသား ဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း မျက်ခုံးမျက်လုံး အလွန်လှပကာ ထိုအချိန်က ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်တပွင့်ဟု သိခဲ့ရ သည်။ ပစ္စည်းဥစ္စာ ပြည့်စုံပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ လူသားဆန်သော အမျိုးသမီးတဦးဖြစ်သည်။ အနှီး ထုပ်နှင့် ကျနော့်ကို အမေလုံးရီ၏ ဇာတိမွေးရပ်မြေဖြစ်သော သန်လျင်ကျောက်တန်း အနောက်ဖက်ရှိ ကရက်ရွာကလေး ဆီသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ကျနော် သိရှိထားသည်။ အမေလုံးရီသည် ကျနော့်ကို နွားနို့ကိုယ်တိုင်ညှစ်၍တမျိုး၊ နွား တံဆိပ် နို့မှုန်ဘူးကိုဖျော်၍တဖုံ တိုက်ကျွေးကာ အသက်ဆက်စေခဲ့သည်။ အအိပ်ပျက် အစားပျက်ခံ၍ အမြဲတစေ အရိပ် တကြည့်ကြည့် ရှိနေတတ်သူ။ ရွာထဲရှိလူအများ ကဲ့ရဲ့မှုဒဏ်ကိုလည်း ဥပက္ခောပြုပြီး သူ့အပျိုစင်ဘဝ တခုလုံးကို ကျနော့် အား ချစ်တဲ့စိတ်တွေနှင့် ပုံအပ်ထားသူလည်း ဖြစ်သည်။
အမေသည် ကျနော့်ဘဝ၏ သူရဲကောင်းကြီးလည်း ဖြစ်သည်။ အမြဲတမ်းသွန်သင်ဆုံးမ လမ်းပြတတ်သူ၊ ဘဝကိုရဲရဲကြီး ရင်ဆိုင်တတ်ရန်အတွက် ပုံပြင်ဝတ္ထုပေါင်းများစွာနှင့် မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်ပါသည်။ အရွယ်ရောက်ချိန်တွင် ပညာ သင်ကြားစေပြီး ကျနော် ကျောင်းမဆင်းမချင်း ကန်ဘောင်ရိုးပေါ်မှာ ထိုင်စောင့်နေတတ်သည်။ ကျောင်းဆင်းလာလျှင် လည်း အပြေးတပိုင်းနှင့်ကြိုတတ်ပြီး ပါးပြင်ကို အနမ်းပွင့်ပေါင်းများစွာဖြင့် နှစ်သိမ့်အားပြည့်စေခဲ့သည်။ ကျနော့် ဘ၀တွင် အမေလုံးရီ သည်သာ ဖခင်၊ အမေလုံးရီ သာ မိခင်ပီသသော မိခင် ဖြစ်ခဲ့ပါသည်။ ဘဝတွင် ဖခင်ဟူသော နာမ်စားမရှိခဲ့၊ မတောင့်တဖူးခဲ့။ အမေလုံးရီ၏ အချစ်ဖြင့်ပင် အရာရာ ပြီးပြည့်စုံခဲ့ပေသည်။ ဖခင်ဆိုသောစကားလုံးမှာ သူစိမ်းဆန်လွန်း လှသည်ဟုပင် စွဲမှတ်ခဲ့ဖူးသည်။ ဖခင်၏ မေတ္တာတရားကို ရရှိခံစားဖူးခြင်း မရှိသောကြောင့် ဖြစ်လိမ့်မည်။
ကျနော်အသက် ၇ နှစ်သားအရွယ်တွင် အမေလုံးရီသည် မိခင်တို့ဝတ္တရားရှိသည့်အတိုင်း ရှင်ပြုပေးခဲ့ပါသည်။ ရွာတွင် အ ကြီးကျယ်ဆုံးသော အလှူတခုဟုပင် ပြောစမှတ်တွင်ခဲ့ပါသည်။ ရှင်ပြုပြီး ကိုရင်ဘဝနှင့် ကျနော့်ကို ဆွေပြမျိုးပြအဖြစ် မိ ခင်အရင်း၏ မိဘများနေထိုင်ရာ ရန်ကုန်မြို့ တဖက်ကမ်းတွင်ရှိသော အေးရွာသို့ အလည်ခေါ်သွားခဲ့ခြင်းမှာ သူ့ဘဝအ တွက် ပြင်မရနိုင်သော အမှားတခုဖြစ်လိမ့်မည်ကို အမေလုံးရီ ကြိုတင်သိရှိပုံမရခဲ့ပေ။ ကံကြမ္မာ တဆစ်ချိုးသည် အလွန် ကြောက်မက်တုန်လှုပ်ဖွယ် ကောင်းလှသည်။ နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့သော ကျနော့်ကို သက်ရှိထင်ရှား ကိုရင်ဝတ် နှင့် ပြန်တွေ့လိုက်ရသောအခါ အမေ့ဘက်က ဆွေမျိုးတွေ မည်သည့်စိတ် ဝင်သွားသည်တော့ မသိပါ။
ကျနော့်ကိုဖက်ပြီးငိုကြ၊ အမေ့ကိုလည်း လွမ်းဆွတ် တမ်းတကြနှင့် ဘယ်လောက် ချစ်ကြောင်း တဖွဖွပြောနေကြသည်။ အမေလုံးရီကိုလည်း ကိုရင်လေးကို တပတ်လောက် ထားခဲ့ဖို့၊ တပတ်ပြည့်ခဲ့ရင် ကိုယ်တိုင်ကိုယ်ကျ ကရက်ရွာလေးသို့ ပြန်ပို့ပေးမည် ဖြစ်ကြောင်း အကြိမ်ကြိမ်အလီလီ တောင်းဆိုကြ၊ အာမခံကြသောကြောင့် နောက်ဆုံး အမေလုံးရီ ကရက် သို့ အရင်ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ အမေသည် သင်္ကန်းဝတ်နှင့် ကျနော့်ကို ကန့်တော့လိုက်၊ နမ်းလိုက်နှင့် “သား ကိုရင်လေး ၇ ရက်ပြည့်ရင် အမေ့ဆီကို မြန်မြန်ပြန်လာခဲ့နော်၊ အမေသားကို ရွာထိပ်မှာ လာကြိုနေမယ်” လို့ အကြိမ်ကြိမ် ပြောပြ နားချပြီး လှေဆိပ်ကိုဆင်း၊ လက်ခတ်သမ္ဗာန်လေးဖြင့် လက်ပြနှုတ်ဆက်ပြီး ရန်ကုန်ဘက်ကမ်းသို့ ကူးသွားပါ တော့သည်။
မွေးမေ၏ အဖိုးအဖွားတို့သည် အမေလုံးရီပြန်သွားခြင်းကို မဟာအခွင့်အရေးကြီးတရပ်အဖြစ် ကျနော်နှင့် အမေလုံးရီတို့ ၏ ဘဝနှစ်ခုကို ရက်စက်ကြမ်းကြုတ်စွာ ပိုင်းခြားလိုက်ကြသည်။ ကျနော့်ကိုလည်း ရန်ကုန်မြို့၊ ကြံတောသင်္ချိုင်းထဲတွင်ရှိ သော ဘုန်းကြီးကျောင်းတကျောင်းတွင် ဝှက်ထားလိုက်ကြသည်။ နောက်ပိုင်း ဖခင်၏ မိဘများရောက်လာပြီး ကိုရင်ထွက် ခိုင်းကာ တာမွေ၊ ကျောက်မြောင်းသို့ ခေါ်သွားပါတော့သည်။ အမေလုံးရီ နှင့် ကျနော်တို့၏ ကံကြမ္မာက မည်သို့မှ ပြန် လည်ပေါင်းစည်းခွင့် မရခဲ့တော့သော ဘ၀အခြေ။ အချိန်တို့သည် တဖြည်းဖြည်း ဘ၀ကိုဝါးမြိုလာခဲ့သည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီး နောက်ပိုင်း ကျနော်သည် ဘဝကိုနေရာမျိုးစုံ၌ အစုံအဆန်ကူးခတ်ရင်း အမေလုံးရီ နေထိုင်သော ကရက်ရွာလေးသို့ အရောက်ပြန်လာခဲ့ ခြင်းဖြစ်ပါသည်။
ကျနော်စီးလာသော လိုင်းကာလေး ကျောက်တန်းရေလယ်ဘုရားနားမှာ ရပ်လိုက်တော့ ယောင်ချာချာ ဖြစ်နေခဲ့သည်။ နေရာသစ် ပတ်ဝန်းကျင်သစ်နှင့် ပြန်လည်ဆက်ဆံရသလို ခံစားလိုက်ရသည်။ ငယ်စဉ်က ကရက်ရွာလေးကို နွားလှည်း ဖြင့် သွားရသည်ကို မှတ်မိနေသည်။ ခုတော့ နွားလှည်းနေရာတွင် မြင်းလှည်းတို့က နေရာယူနေပြီ။ မေးပါများစကားရ ဟူသောဆောင်ပုဒ်ကိုလက်ကိုင်ထားပြီး မြင်းလှည်းသမားအား “ကျနော် ကရက်ကိုသွားချင်လို့ လိုက်ပို့ပေးနိုင်မလား”ဟု မေးလိုက်မိသော တခဏမှာပင် မြင်းလှည်းသမားသည် ကျနော့်ကို ငေါင်ငေါင်ကြီးစိုက်ကြည့် တွေဝေနေသည်ကို တွေ့ လိုက်ရသည်။ မြင်းလှည်းသမား ပါးစပ်မှ အံကျလာသော စကားလုံးသည် ကျနော့်ဘဝကြီးကို အရုပ်ကြိုးပြတ်ပမာ မလှုပ် မယှက် ရပ်တန့်သွားစေသည်။
“ညီလေး မင်းပြောတဲ့ ကရက်ဆိုတာ အခုမရှိတော့ဘူးကွ” ဟု လွှတ်ခနဲပြောလိုက်ရာ ကျနော့်နှုတ်ဖျားမှ “ဗျာ” ဟု အာမေ ဋိတ်သံ ကျယ်ကျယ်လောင်လောင်ကြီး ထွက်သွားသည်။
“ဟုတ်တယ်ညီလေး.. ကရက်ရွာကို အစိုးရက ဖယ်ခိုင်းလိုက်တယ်၊ လယ်တွေ၊ ယာတွေ၊ ငါးကန်တွေ၊ သစ်ပင်တွေ၊ နတ် စင်ကြီး ဘာတခုမှ မကျန်တော့ဘူး။ အရင်တုန်းက အလွန်သာယာလှပပြီး ရွာရဲ့ဂုဏ်ကို ဆောင်နေတဲ့ ကုက္ကိုပင်ကြီးတွေ လည်း မြေကော်စက်ကြီးတွေနဲ့ ထိုးပစ်လိုက်ကြလို့ လွင်တီးခေါင်ခေါင် ကြီး ဖြစ်ကုန်ကြပြီပေါ့ကွာ၊ အဲဒီမြေယာ အားလုံးကို တောထဲက လက်နက်ချလာတဲ့ ဟိုဘိန်းဘုရင် ခွန်ဆာကြီးက အစိုးရဆီကနေ အကုန်ဝယ်လိုက်ပြီလေ၊ အခုတော့ ပုဇွန် မွေးကန်တွေ တူးနေတယ်လေ၊ ဒီအရပ်က လူတွေကို လည်း အလုပ်လုပ်ခွင့်မပေးဘဲ ယိုးဒယားတွေပဲ စက်တွေနဲ့ အလုပ် လုပ်နေကြတယ်။ ဟိုရောက်တော့ မင်းမြင်တွေ့မှာပါကွာ”
“ဒီလိုဆို ရွာကလူတွေ ဘယ်ကိုရောက်ကုန်ကြပြီလဲ” လို့မေးလိုက်ပြန်တော့
“သူတို့အားလုံးကို စုစည်းရွာသစ်အဖြစ်နဲ့ မြေကွက်သေး သေးလေးတွေပေးပြီး ပြန်လည်နေရာချ ထားပေးတယ်။ ဘဝ တွေကတော့ အဖတ်ဆယ်လို့မရတော့ပါဘူး၊ တချို့က မြို့ထဲက အထည်ချုပ် စက်ရုံတွေမှာ သွားလုပ်ကြတယ်။ မြင်း လှည်းမောင်းတဲ့လူက မောင်းပေါ့။ ရရာအလုပ်အကုန်လုပ်ပြီး ဘဝတွေကို မသေရုံ တမယ်ရပ်တည်နေကြရတာပေါ့၊ ဒါနဲ့ မင်းက ကရက်ရွာကိုသိတယ်ဆိုတော့ ဘယ်သူတွေကို သိတာလဲကွ၊ ငါက အဲဒီရွာသားပဲ” ဟုပြောပြီး သူ့ကိုယ်သူ မိတ် ဆက်ပေးနေပြန်သည်။
ကျနော့်နှုတ်က တုန့်ဆိုင်းမနေဘဲ သွက်သွက်လက်လက်နဲ့ “ဦးသိန်းမောင် ဒေါ်သန်းနွဲ့တို့ရဲ့သမီး အမေလုံးရီရဲ့သား ၀င်းကို ပေါ့” လို့ ပြောလိုက်တော့ ကျနော့်မျက်နှာကိုစေ့စေ့ကြည့်ပြီး ကြက်သေသေသွားသည်။ ခေါင်းလေး တဆတ်ဆတ် ညိမ့်ရင်း…
“မင်းတောင် အတော်ကြီးနေပြီပဲ၊ အေးလေ ဘဝတွေကလည်း မယုံနိုင်စရာတွေနဲ့ ပြည့်နှက်နေ ပါလား” ဟု ဦးတည်ရာမဲ့ ပြောနေသည်ကို ကျနော်ကောင်းစွာ နားမလည်နိုင်ခဲ့။
“ဦးလေး ကျနော့်အမေ နေကောင်းရဲ့လားဗျ၊ အရမ်းတွေ့ချင်နေပြီဗျာ.. ကျနော် အမေလုံးရီနဲ့ မခွဲချင်ပါဘဲ ခွဲသွားရတပါ။ ကျနော် အမေလုံးရီကို သိပ်ချစ်ပါတယ်။ ဘဝပေးအခြေအနေကြောင့်သာ ဝေးကွာ နေရတာပါ ဦးလေးရာ” ဟု ဆိုလိုက် မိပြန်သည်။
“အေး..အေး.. မင်းသိပ်ချစ်တဲ့ မလုံးရီကလည်း မင်းထက်ပိုချစ်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်ကွာ.. မင်းအမေကလေ မင်းမရှိတဲ့နောက် မင်းနေသွားတဲ့ သူ့အိမ်ရှေ့က ထန်းပင်ကြီးအောက်မှာ မင်းကိုအမြဲတမ်း စောင့်မျှော်နေတာကွ”
“ဦးလေးပြောတော့ ရွာမရှိတော့ဘူးဆို..”
“အေး……..ရွာရောက်တော့ မင်းသိမှာပေါ့ကွာ… ကဲသွားကြမယ် လာ” ဟု ဆိုကာ မြင်းလှည်းပေါ် တက်ခိုင်းပါသည်။
မြင်းလှည်းလေးမှာ တဖြည်းဖြည်းနှင့် ရွာသစ်သို့ရောက်ရှိခဲ့သည်။ ရွာထဲရောက်တော့သူက “ဟိုနားက ပျဉ်ထောင်အိမ် လေးက မင်းတို့အိမ်လေးပဲ ဆင်းလိုက်တော့” ဟု ပြောပြီး  ခေါင်းတညိမ့်ညိမ့်နှင့် ဆက်ထွက်သွားပါသည်။
ကျနော်ခြံလေးထဲကို ပြေးဝင်သွားပြီး “အမေလုံးရီ..သားပြန်လာပြီ” လို့ လှမ်းအော်ပြောလိုက်ရာ အိမ်ထဲမှ တိုးတိတ်ဖြည်း ညှင်းစွာဖြင့် အဖွားအိုတဦးဆင်းလာပြီး ကျနော့်ကိုစိုက်ကြည့်ရင်း မျက်ရည်တွေ ပြည့်ဝဲနေသည်ကို တွေ့လိုက်ရပါသည်။ အမေလုံးရီ၏ အမေဖြစ်ပါသည်။ ဇရာ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် အရိုးပေါ်အရေတင်နေသော လက်ဖြင့် ကျနော့်ကိုယ် ကို ဆွဲကိုင်ဖျစ်ညှစ်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေပါသည်။ အဖွား၏ ပါးစပ်မှလည်း “သားရယ် မင်းပြန်လာတာ နောက်ကျလွန်းလိုက်တာကွယ်.. မင်းအမေလေ မင်းကို နေ့စဉ်နဲ့အမျှ တကြော်ကြော်တမ်းတနေရင်း အရင်အိမ်ရှေ့က ထန်းပင်ကြီးအောက်မှာပေါ့၊ မအိပ်နိုင် မစားနိုင် တမှိုင်မှိုင် တတွေတွေဖြစ်ပြီး မီးစာကုန်ဆီခမ်းဖြစ်သွားရပြီလေ၊ ခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ပြီပေါ့ကွယ်.. မင်းအမေရဲ့ အုတ်ဂူလေးလည်း ခုတော့ ပုဇွန်မွေးကန်တွေဖြစ်ကုန်ပြီ သားရယ်…”
(အမေလုံးရီသည် ကျနော့်ကို လှည့်လည်ရှာဖွေရင်း နောက်ဆုံးမှာတော့ အရူးတပိုင်း အပူမီးဝိုင်းကာ ထန်းပင်ကြီး အောက်တွင်ပင် ဘ၀တပါးသို့ ပြောင်းသွားကြောင်း ရင်နင့်မဆုံး ကျနော်ကြားသိခဲ့ရပါသည်)
အမေ… အမေ ကောင်းရာသုဂတိလားပါစေ။
အုပ်ကြီးဖေ

နေ့သစ် ဘလော့က ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free