ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁ နေရာစာ အတွက် ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ်၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ထားရှိခဲ့သည့် မဲရုံစာရင်းထဲမှ၃၉ ရုံ ပယ်ဖျက် လိုက်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး ဗလမင်းထင် တံတားပေါ်တွင် လုံခြုံရေး ယူထားသော စစ်သားတဦးကို ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်၌ မဲရုံ ၁၁၀ ထားရှိခဲ့ရာ လုံခြုံရေးနှင့် ရွေးကောက်ပွဲ နည်းဥပဒေများအရ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံ ၇၁ ရုံသာ ထားရှိသွားမည်ဟု ကော်မရှင်က ထုတ်ပြန်ကြောင်း ယင်းမဲဆန္ဒနယ်၌ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။
“ရွာ ၁၀ ရွာကျော်ကို မဲမပေးခိုင်းတော့ဘူး။ သူတို့ရဲ့ လုံခြုံရေးအတွက်ကြောင့် ဆိုတာတပိုင်းရယ်၊ ဒုတိယတပိုင်းကတော့ ကုမ္ပဏီက လူတွေ (မဲ) ပေးပိုင်ခွင့် မရှိတော့ဘူး” ဟု ဒေါ်ဘောက်ဂျာက ဧရာဝတီကို ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဖားကန့်နယ်၌ မဲပေးနိုင်သူဦးရေ ၉၅,၁၃၇ ဦး ရှိပြီး ထိုသူများအတွက် မဲရုံ ၇၁ ရုံ ထားရှိသွားမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲနှင့် ပတ်သက်သည်များကို “ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ” အမည်ဖြင့် စာအုပ်ထုတ်ထားပြီး အမတ်လောင်းများကို ပေးအပ်ထားကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်နယ်၌ မဲပေးနိုင်သူ ၁ သိန်း ၅ သောင်းခန့်ရှိခဲ့ရာ မဲရုံ ၃၉ ရုံ ဖျက်သိမ်းလိုက်သည့်အတွက် မဲပေးနိုင်သူ ၅ သောင်းကျော် လျော့နည်းသွားကြောင်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ဖားကန့်မှပင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာက ပြောသည်။
ဖားကန့်နယ်အတွင်းရှိ ကံစီး၊ နမ့်ဆမ်း (၁)၊ နမ့်ဆမ်း (၂)၊ နန့်ဆမ်း (၃)၊ ဂေါ်ရီ၊ တထာယံ၊ လွယ်ဆိုင်းစသည့် ကျေးရွာများမှာ လုံခြုံရေးကြောင့် မဲမပေးရသည့် ကျေးရွာစာရင်းတွင် ပါဝင်ပြီး ကချင်လွပ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၆) ထိန်းချုပ်ရာ ဒေသတွင် တည်ရှိသည်။
“ကေအိုင်အေ တပ်မဟာ (၆) ရှိတဲ့ဘက်ကို ဘယ်သူက မဲစာရင်း သွားကောက်ရဲမှာလဲ။ အဲဒီရွာတွေမှာ မဲရုံတွေ ဖျက်သိမ်းလိုက်တာက လုံခြုံရေးကြောင့်လို့ ပြောလို့ရပါတယ်” ဟု ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတဦးက ပြောသည်။
ရွေးကောက်ပွဲ ဥပဒေအရ ဖားကန့်နယ်တွင် အိမ်ထောင်စုစာရင်းရှိသူ၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် မြို့နယ်တခုခုမှ ဖားကန့်သို့ လာရောက်သူနှင့် ဖားကန့်တွင် ၆ လကျော် နေထိုင်သူတို့သာ မဲပေးခွင့်ရမည်ဟု ၎င်းက ရှင်းပြသည်။
ဒေါ်ဘောက်ဂျာ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က “လက်ရှိ ဖားကန့်မြို့နယ်မှာ မဲပေးရတဲ့ ပုံစံကတော့ သန်းခေါင်းစာရင်း အမှန်အကန်တွေပဲ မဲပေးခွင့်ရှိတယ်။ ယာယီ အိမ်ထောင်စုတွေ မဲမပေးခိုင်းပါဘူး။ အဲဒါကြောင့် လူဦးရေ လျော့သွားတာဖြစ်တယ်” ဟု ပြောသည်။
ဖားကန့်တွင် ဖွင့်လှစ်ထားသည့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ ၂၀ ခန့်အနက် ယုဇနကုမ္ပဏီတခုတွင်သာ မဲရုံဖွင့်လှစ်မည်ဖြစ်ပြီး ကျန်ကုမ္ပဏီများအားလုံးတွင် မဲရုံ မထားရှိဟု သိရသည်။
မြို့နယ် ကော်မရှင်က ထုတ်ပြန်ထားသည့် မဲစာရင်းများတွင် မဲထည့်နိုင်ခွင့်ရှိသူတချို့၏ အမည်များ ကျန်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖားကန့် အမတ်လောင်း ဦးဒါရှီလဆိုင်းက ပြောသည်။
“၂၀၀၈ လူထုဆန္ဒခံယူပွဲတုန်းကရော ၂၀၁၀ တုန်းကရော မဲထည့်ခွင့်ရတယ်၊ ထည့်လည်း ထည့်ခဲ့ကြတဲ့လူတွေဟာ အခု ကြားဖြတ် ရွေးကောက်ပွဲကျမှ မဲစာရင်းထဲမှာ နာမည်မပါဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
မဲပေးခွင့်ရှိပါလျက် မဲစာရင်းတွင် နာမည်မပါသူစာရင်းကို စုဆောင်းပြီး ပြင်ဆင်ပေးရန် ခရိုင်ကော်မရှင်ထံ စာရေး တောင်းဆိုသွားမည်ဟု ဦးဒါရှီလဆိုင်းက ပြောသည်။
မဲပေးနိုင်သော်လည်း စာရင်းတွင် အမည်မပါသူ ၁၀၀၀ ခန့် ရှိနေသည်ဟု ဖားကန့် NLD စည်းရုံးရေးမှူး ဦးဟန်မြင့်က ဆိုသည်။
ဖားကန့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးအုန်းမြင့် အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့တွင် သမ၀ါယမ ၀န်ကြီးရာထူး ရရှိသွားသည့်အတွက် လစ်လပ်မဲဆန္ဒနယ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာခြင်းဖြစ်သည်။
ဖားကန့်တွင် NLD မှ ဦးဒါရှီလဆိုင်း၊ NDF မှ ဒေါ်ဘောက်ဂျာနှင့် ကြံ့ခိုင်ရေးပါတီမှ ဦးစိုင်းသိန်းထွန်းတို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ကချင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များမှာ မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်တို့ ဖြစ်သည်။

ဧရာဝတီမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free