ဒီမိုကရက်တစ်မြန်မာ့အသံက သတင်းထောက်တွေ ပြည်တွင်းမှာ တရားဝင်လာရောက် သတင်းယူဖို့ မြန်မာအစိုးရက သဘောတူလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဒီဗွီဘီ ညွှန်ကြားရေးမှူးနဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်နဲ့ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့ဒီနေ့နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီမှု ရခဲ့တာလို့ ဦးအေးချမ်းနိုင်က ပြောပါတယ်။
ဒါ့အပြင် ဒီဗွီဘီရုံးခွဲတွေ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့်ပြုရေးကိစ္စနဲ့ ဒီဗွီဘီ ပြည်တွင်းသတင်းထောက်တွေ တရားဝင် ရပ်တည်ခွင့်ရဖို့ ကိစ္စကိုတော့ အမြန်ဆုံး အလေးအနက် စဉ်းစားပေးမယ်လို့ဝန်ကြီးဦးကျော်ဆန်းက ပြောကြားတယ်လို့ သိရပါတယ်။
ဒီနေ့တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဦးအေးချမ်းနိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဒီနေ့ နေပြည်တော်ကို သွားပြီးတော့ အစိုးရ အဖွဲ့အစည်းတွေနဲ့ သွားပြီးတော့ တွေ့တယ်လို့ သိရပါတယ်။ ဘယ်သူတွေနဲ့ တွေ့ခဲ့ပြီး ဘာတွေဆွေးနွေးခဲ့သလဲ။
“ဒီနေ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရယ်၊ ပြန်ကြားရေးဌာန ညွှန်ချုပ် ဦးရဲထွဋ်၊ မြန်မာ့အသံက ညွှန်မှူး၊ ရုံးအဖွဲ့မှူး ဦးမြင့်ထွေးလည်း ပါပါတယ်။ အစည်းအဝေး လုပ်ပါတယ်။ အစည်းအဝေး လုပ်တဲ့အခါမှာ ကျနော်တို့ဘက်ကလည်း လိုအပ်တဲ့ အချက်တွေ တောင်းဆိုခဲ့တာတွေ ရှိပါတယ်။ တချို့အချက်တွေကိုတော့ ၀န်ကြီးက သူစဉ်းစားပြီးမှ ဆောင်ရွက်ပေးမယ် ပြောပါတယ်။ တချို့ အချက်တွေကိုတော့ တခါတည်း သဘောတူတဲ့ အချက်တွေ ရှိပါတယ်။”
အဓိက အကြမ်းဖျင်း သဘောတူခဲ့တာကို နည်းနည်းလောက် အသေးစိတ် ပြောပြပေးလို့ရမလား။ ဘယ်ကိစ္စတွေမှာ သဘောတူခဲ့တာလဲ။
“အသေးစိတ်ကိုတော့ သူတို့နဲ့ ပြန်ညှိပြီးတော့ ကျနော်တို့ သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ ပြည်တွင်းမှာ သတင်းပြန်လာယူဖို့ ကိစ္စပါ။၊ ကျနော်တို့ သတင်းထောက်တွေ တရားဝင် ပြည်တွင်းမှာ သတင်းပြန်လာယူဖို့ ကိစ္စမျိုးကိုတော့ ၀န်ကြီးက သဘောတူပါတယ်။ ကျနော်တို့ ပုံမှန် သတင်းထောက် တဦး လာမယ့်အကြောင်း၊ လျှောက်လွှာတင်ဖို့၊ သတင်းထောက်က လျှောက်ဖို့၊ ပုံမှန် လုပ်ငန်းစဉ် အတိုင်း သွားရမှာပေါ့။ ဒါကို သဘောတူပါတယ်။”
ပြည်တွင်းမှာရှိတဲ့ ဒီဗွီဘီ သတင်းထောက်တွေကကော ဘယ်လိုပုံစံနဲ့ ရပ်တည်လို့ရမလဲ။
“အဲဒီကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ ၀န်ကြီးပြောတာတော့ တခြားဌာနတွေကလည်း ဒီလိုမျိုး အလားတူ တောင်းဆိုထားတာ ရှိတယ်။ သူတို့ နည်းနည်းလေး ထပ်ပြီးတော့ စဉ်းစားရမယ်လို့ ပြောပါတယ်။ ကျနော်တို့ အခု အစည်းအဝေး ပြီးတဲ့အခါမှာ ရှေ့ဆက်ပြီးတော့ တွဲလုပ်ဖို့ဟာမျိုး၊ ရှေ့ဆက်ပြီး ပြောခဲ့တဲ့ အကြောင်းအရာတွေကို ဆက်လုပ်ရမှာတွေ ရှိပါတယ်။ ဥပမာ တခုဆိုရင် ရုံးခန်းဖွင့်ဖို့ပေါ့၊ ကျနော်ပြောတာတော့ ယာယီရုံးခန်းလေး အဲ့ဒါကို အမြန်ဆုံး ဖွင့်ချင်ပါတယ်လို့ တောင်းဆိုပါတယ်။ ၀န်ကြီးကလည်း ဒီကိစ္စကို အမြန်ဆုံး စဉ်းစားပေးမယ်လို့ ပြောပါတယ်။”
မနက်ဖြန်ကျရင်ရော ဘယ်သူတွေနဲ့တွေ့ဖို့ ရှိသလဲ။
“ရန်ကုန်ဆင်းပြီး မနက်ဖြန်မှာတော့ ပြည်တွင်းစာနယ်ဇင်းက လူတွေနဲ့တွေ့ဖို့ ရှိသလို နိုင်ငံတကာ စာနယ်ဇင်းအသင်းက အဖွဲ့တွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ အခု စာပေ စိစစ်ရေးက ညွှန်ချုပ် ဦးတင်ဆွေနဲ့ တွေ့ပါမယ်။ သမ္မတရဲ့ အကြံပေး ဒေါက်တာ နေဇင်လတ်နဲ့လည်း တွေ့ပါမယ်။”
သာမန်ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာကော ဒီဗွီဘီ ပရိသတ်တွေနဲ့ကော စကားပြောခွင့်ရခဲ့လား။ သူတို့အမြင်ကကော ဘယ်လိုရှိလဲ။
“အခုချိန်ထိတော့ ဗီဇာက၅ရက်ပဲ ရတော့ သာမန် ပြည်သူတွေနဲ့တွေ့ဖို့ သိပ်လည်း အချိန်မရတော့ ဘယ်ကိုမှ မရောက်ဖြစ်ပါဘူး။ အဖွဲ့အစည်း အစည်းအဝေးတွေနဲ့ပဲ အချိန်ကုန်သွားတယ်။
ပြီးခဲ့တဲ့ တနလာင်္နေ့က ရောက်ပြီးကတ့ည်းက နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့တွေ၊ စာနယ်ဇင်းသမားတွေနဲ့ ဦးဝင်းတင်တို့ရယ် တော်တော်များများနဲ့ တွေ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကပေါ့။ တွေ့တဲ့အခါမှာတော့ တခု သတိထားမိတာတော့ အားလုံးတူတဲ့အချက်က ဒီဗွီဘီက အရေးကြီးတဲ့ သတင်းဌာနတခု ဖြစ်တယ်။ မရှိမဖြစ် လိုအပ်တဲ့ သတင်းဌာနတခုဖြစ်တယ် ဆိုတာ တွေ့တဲ့လူတိုင်းကပြောတာ တူပါတယ်။ နောက်ပြီးတော့ ဒီဗွီဘီက လွှင့်နေတဲ့ သတင်းတွေအပေါ်မှာလည်း အတော်ကို တန်ဖိုးထားကြတာကို တွေ့ရတယ်။”
ဦးအေးချမ်းနိုင်တို့က နှစ်ပေါင်း ၂၀ ကျော်ကြာ မြန်မာပြည်နဲ့ ကင်းကွာခဲ့တယ်ဆိုတော့ ပြန်ရောက်တဲ့အချိန်မှာ မြန်မာပြည်က သာမန်ပြည်သူတွေရဲ့ဘ၀က ဘယ်လိုအခြေအနေ ရှိလဲ။ တိုးတက် ကောင်းမွန်အောင် လုပ်ဖို့ မြင်မိတာရှိပါသလား။
“မြင်မိတာတော့ တော်တော်များများ လုပ်စရာတွေ ရှိပါတယ်။ ဥပမာ – ပြောရရင် လူထုတွေရဲ့ ဘ၀တွေကို တွေ့ရတာက ကျနော်တို့တွေ မထွက်ခင် လွန်ခဲ့တဲ့ ၂၃ နှစ်က အခြေအနေနဲ့ သိပ်မကွာလှဘူး။ ဒါကျနော် မြို့နယ်အပိုင်းမှာပေါ့။ မြို့ပြင်တွေဘာတွေ ရောက်တယ် ဆိုရင်တော့ ဒီထက် ပိုဆိုးကောင်း ဆိုးနိုင်ပါတယ်။ ကျနော်မြင်တာတော့ တိုင်းပြည်တိုးတက်ဖို့ ပြုပြင်ပြောင်းလဲမှု လုပ်စရာ တော်တော်များများ ရှိပါတယ်။”

မိုးမခမှပါ
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free