7261
7261a

မြန်မာနိုင်ငံတွင် လာမည့် မတ် လ ၃၀ ရက်နေ့၌ တစ်နှစ်ပြည့်ပြီဖြစ် သော နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရသစ်၏ တစ်နှစ်တာကာလ အတွင်း မဏ္ဍိုင်ကြီးလေးရပ်၏ ပြောင်းလဲတိုးတက်မှု အခြေအနေ၌ တရားစီရင်ရေးမဏ္ဍိုင် သည် အနှေးကွေးဆုံး ဖြစ်နေသည်ဟု Eleven Media Group ၏ စစ်တမ်းက ဖော်ပြနေပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရှင်များကလည်း အလားတူ သုံးသပ် ခဲ့ကြသည်။

မတ်လ ၃၀ ရက်နေ့တွင် တစ်နှစ်ပြည့်ပြီဖြစ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရသစ်၏ တစ်နှစ်တာ ကာလအတွင်း မဏ္ဍိုင်ကြီး လေးရပ်အနက် မည်သည့်မဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲမှု အနှေးကွေးဆုံးဟု သင်ထင်မြင်ယူဆ ပါသနည်း ဆိုသော စစ်တမ်းတစ်ခုကို Eleven Media Group က ၎င်း၏ ၀က်ဘ်ဆိုက်တွင် မတ်လ ၁၈ ရက်နေ့ က စတင် ကောက်ယူခဲ့ရာ မတ်လ ၂၄ ရက်နေ့အထိ ဖြေဆိုသူ ၃၁၃၄ ရှိခဲ့သည့် အနက် တရားစီရင်ရေး မဏ္ဍိုင်သည် ပြုပြင်ပြောင်းလဲမှု အနှေးကွေးဆုံးဖြစ်သည် ဟု ၁၃၄၁ ဦး(၄၂ဒသမ၈ ရာခိုင်နှုန်း) က ဆန္ဒပြုခဲ့ကြသည်ကို တွေ့ရသည်။


ပြည်သူ့အကျိုးအတွက် ထိရောက်တဲ့အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ အဖွဲ့လိုပါတယ်။ တစ်နှစ်ဆိုတာဟာ အစိုးရအဖွဲ့ တစ်ခုအတွက် ပြန်လည်သုံးသပ်ဖို့ အချိန်လုံလောက်ပါပြီ။ အပြောင်းအလဲ ပြုလုပ်ချိန်သင့်ပါပြီ . . .  . . .
ပြုပြင်ပြောင်းလဲမှု အနှေးကွေးဆုံး တရားစီရင်ရေးမဏ္ဍိုင်

ယင်းကဲ့သို့ တစ်နှစ်တာအတွင်း ပြုပြင်ပြောင်းလဲမှုများအနက် တရားစီရင်ရေး မဏ္ဍိုင်သည် အနှေးကွေးဆုံး ဖြစ်နေသည်ဟု Eleven Media Group ၏ စစ်တမ်းကဖော်ပြနေသလို လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရှင်များ ကလည်း တရားစီရင်ရေးမဏ္ဍိုင်တွင် အပြောင်းအလဲ မရှိသေးကြောင်းနှင့် တရားစီရင်ရေးတွင် အပြောင်းအလဲများ ဖြစ်လာရန် နည်းလမ်းများ ရှာကြရမည်ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “မဏ္ဍိုင်ကြီးသုံးရပ်ကို ကြည့်မယ်ဆိုရင် တရားရေးမဏ္ဍိုင်ကတော့ မပြောင်းသေးဘူး။ ဒီအတိုင်းပဲ ရှိသေးတာကို တွေ့ရပါတယ်။ တရားရေးရဲ့အောက်ခြေ သတင်းတွေမှာ ကြားရသလောက်ကတော့ မကောင်းသေးဘူး”ဟု ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “တရားစီရင်ရေးပိုင်း ကတော့ ဘာမှကို သိပ်အပြောင်းအလဲ မရှိသေးဘူးလို့ ထင်ပါတယ်။ ဒါတွေကို တဖြည်းဖြည်း ပြောင်းလဲလာအောင် လုပ်ဖို့ကတော့ လွှတ်တော်ကပဲ အဓိက အားဖြင့် တွန်းအားပေးရမယ် ထင်ပါတယ်။ တရားစီရင်ရေးမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် နည်းလမ်းတွေ ရှာကြရမယ်။ စနစ်သစ်တွေ ကျင့်သုံးနိုင်အောင် လွှတ်တော်က ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ပြုစုပြဋ္ဌာန်း ကြရလိမ့်မယ် ထင်ပါတယ်”ဟု မှတ်ချက် ပြုခဲ့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အစိုးရသစ် ပြောင်းလဲပြီးချိန်မှစ၍ အစိုးရသစ် တစ်နှစ်တာသက်တမ်း ပြည့်တော့မည့် အချိန်တွင် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် မီဒီယာစသည့် နိုင်ငံ၏ အဓိက မဏ္ဍိုင်ကြီး လေးရပ်အနက် တရားစီရင် ရေးမဏ္ဍိုင်အား အထူးစောင့်ကြည့်လေ့လာသူများ များပြားခဲ့သည်။

“ဘက်စုံတော့ တော်တော်လေး ပြောင်းလဲလာတယ်လို့ မြင်ပါတယ်။ အဲဒီအထဲမှာမှ လူတော်တော်များများ လက်ခံထားတာက တရားစီရင်ရေး ကတော့ တော်တော်လေး နှေးကွေးနေသေးတယ်လို့ မြင်ကြတယ်။ ပင်နယံ တစ်ခုရဲ့ ခွေးသွားစိတ်တွေ လိုပါပဲ။ ညီညီညာညာ အလုပ်လုပ်နိုင်မှ well function ဖြစ်မှာပါ” ဟု RUMFCCI  ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပြခဲ့သည်။

ပြည်သူ့လွှတ်တော်၊ တရားစီ ရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ဒေသအသီးသီးမှ မှန်ကန်ပါလျက် အဂတိလိုက်စား စီရင်ချက်ချမှတ်ခြင်း ခံခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်း ၃၀၀ ကျော် ရောက်ရှိလာသဖြင့် အချက်အလက် ပြည့်စုံခိုင်လုံသော အမှုများကို ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၂၉ ရက်နေ့ကမီဒီယာများနှင့် တွေ့ဆုံပွဲတွင် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို က ပြောကြားခဲ့သည်။

လက်ရှိကာလတွင် တည်ဆဲဥပဒေများ၌ ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့် အတွက် ထိုဥပဒေမျိုးပြည်သူ့လွှတ် တော်သို့ တင်ပြပြဋ္ဌာန်းနိုင်ရန် စီစဉ် လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တရားစီရင်ရေးစနစ်အား ပြောင်းလဲနိုင်ရန် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဥပဒေအမှတ် ၂၀/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။

ယင်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ စတင်၍ အာဏာတည် စေရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ယခုအခါ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေသည်လည်း အာဏာတည်နေပြီး လက်တွေ့ကျင့်သုံးနေရပြီဖြစ်သည်။

တရားစီရင်ရေး စနစ်သစ်အတွက် ခန့်ထားပြီးသော ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ခြောက်ဦးထဲမှ သုံးဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ အားလုံးသည် ယခင်တရားရေးဝန်ထမ်းများ အားလုံးပင် ဖြစ်နေကြောင်း တရားရေးလောကမှ တရားရေးဝန်ထမ်းဟောင်း အချို့က ပြောကြားခဲ့သည်။

လက်ရှိတရားစီရင်ရေးနှင့် ပတ်သက်၍ ယခုထက် ပိုမိုတရားမျှတစေရန်နှင့် အဂတိ တရားကင်းရှင်းစေရန် သက်ဆိုင်ရာက လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်ပြီဖြစ်ကြောင်း တရားစီရင်ရေးနှင့် ဆက်နွှယ်သည့် အသိုင်းအ၀ိုင်းမှ စောင့်ကြည့်သူများက အကြံပေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှုမရှိဘဲ တရားရေးမဏ္ဍိုင်တိမ်း စောင်းနေရခြင်းမှာ (၁)သမာသမတ် မကျသော ရဲများ အပါအ၀င် အုပ်ချုပ်ရေး မဏ္ဍိုင်၏ ၀င်ရောက်စွက်ဖက် ဆုံးဖြတ်မှု ကြောင့်ဖြစ်သည်။(၂) တရားသူကြီးများ၏ အဂတိ လိုက်စားမှုများကြောင့် ဖြစ်သည်။(၃) အမှုသည်များက အမှုနိုင်လိုဇောဖြင့် လာဘ်ပေးသောကြောင့် ဖြစ်သည်။(၄)ရှေ့နေများ၏ ကျင့်ဝတ် နှင့် မလျော်ညီမှုကြောင့် ဖြစ်သည်ဆိုသော စစ်တမ်းတစ်ခုကို Eleven Media Groupက ၎င်း၏ ၀က်ဘ်ဆိုက်တွင် မတ်လ ၆ ရက်နေ့မှ မတ်လ ၁၉ ရက် နေ့အထိကောက်ယူခဲ့ရာ ဖြေဆိုသူ၅၁၈၇ ရှိခဲ့သည့်အနက် မြန်မာနိုင်ငံတွင် တရား ဥပဒေ စိုးမိုးမှုမရှိဘဲ တရားရေးမဏ္ဍိုင် တိမ်းစောင်းနေရခြင်းမှာ သမာသမတ် မကျသော ရဲများအပါအ၀င် အုပ်ချုပ်ရေး မဏ္ဍိုင်၏ ၀င်ရောက်စွက်ဖက် ဆုံးဖြတ်မှုကြောင့် ဖြစ်သည်ဟု ၃၂၉၆ ဦး (၆၃ ဒသမ ၅ ရာခိုင်နှုန်း)က ဆန္ဒပြုခဲ့ကြသည်ကို တွေ့ရသည်။

“၂၀၁၂ ခုနှစ်အတွက် တရား ဥပဒေစိုးမိုးမှု ရှိလာဖို့အတွက်ကို တော်တော်လေး မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာ အဓိက ပြောင်းလဲရမယ့် မဏ္ဍိုင်ကလည်း တရားစီရင်ရေး မဏ္ဍိုင်ပါပဲ။ လောကမှာ အမှန်နဲ့ အမှား၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားနိုင်ဖို့ တရားစီရင်ရေး မဏ္ဍိုင်က အရမ်းခရာကျပါတယ်”ဟု ဒေါက်တာကျော်စွာဦးက ပြောပြခဲ့သည်။

“အာရှတော်ဝင် ဆေးရုံရှေ့က ထမင်းဆိုင်မှာ လူအုပ်စုလိုက်ဝင်ရိုက်လို့ လူတစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကာယကံရှင်တွေက မကျေနပ်လို့ နောက်တစ်ဆင့် ထပ်တက်ထားပါတယ်။ ဒီဖြစ်စဉ်ကို ပြင်းထန်စွာ နာကျင်စေမှုပုဒ်မနဲ့ပဲ အမိန့်ချခဲ့တာကြောင့်လို့ သိရပါ တယ်။ တကယ်တော့ တရားစီရင်ရေးမှာ ဖြစ်ပျက်နေတဲ့ ဒီလိုကိစ္စမျိုးကို ထိထိရောက်ရောက် ဖြေရှင်း အရေးယူသင့်ပါတယ်။ အဲဒီလို အရေးယူမှုတွေ မလုပ်ဘူးဆိုရင် လွှတ်တော်ကနေ တစ်ဆင့် မေးမြန်းမှုတွေ ပြုလုပ်သင့်ပါတယ်”ဟု Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ်ကိုဝေဖြိုးက ပြောကြား ခဲ့သည်။

ထို့ပြင်RUMFCCI တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ဇော် ကလည်း “တရားစီရင်ရေးကတော့ ဘာမှ မပြောင်းလဲသေးဘူး။ အခုအစိုးရသစ် တက်လာတာ တစ်နှစ်ရှိသွားပြီဆိုတော့ သူ့ရဲ့သက်တမ်းမှာ အချိုး ၂၀ ရာခိုင်နှုန်းကုန်သွားပြီ။ ငါးနှစ်အတွင်း ဘယ်လောက် လုပ်နိုင်မလဲဆိုတာ မသိသေးဘူး။ အဓိကကတော့ တရား စီရင်ရေးမဏ္ဍိုင် ပြောင်းလဲဖို့ လိုနေပါပြီ”ဟု ပြောကြားခဲ့သည်။


ပြုပြင်ပြောင်းလဲမှု အမြန်ဆုံး ဥပဒေပြုရေးမဏ္ဍိုင်

အစိုးရသစ် တက်လာပြီးနောက်ပိုင်း တစ်နှစ်တာကာလအတွင်း တိုးတက်ပြောင်းလဲမှု အဖြစ်ဆုံးမှာ ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်ကြောင်း Eleven Media Group၏ စစ်တမ်းက ဖော်ပြခဲ့သလို လွှတ်တော် ကိုယ်စားလှယ်များကလည်း အလားတူ ပြောကြားခဲ့ကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “တရားရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ် လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် တွေရှိတယ်။ ကျွန်တော်တို့ လွှတ်တော် တွေက ထောက်ပြပေးနိုင်ဖို့ လိုပါတယ်။ ဒီကဏ္ဍသုံးရပ်မှာ မထင်မှတ်ဘဲ အဓိကပြောင်းသွားတာကတော့ ကျွန်တော်တို့ လွှတ်တော်ပဲဖြစ်ပါတယ်။ လွှတ်တော်ရဲ့ကဏ္ဍ၊ တာဝန်တွေကို စွက်ဖက် မှုမပါဘဲ တစ်ခုနဲ့ ထိန်းညှိပေးနိုင်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ဘာလို့ ကြိုးစားလာကြတာလဲ ဆိုရင် အမျိုးသားစီမံကိန်းပဲဖြစ်ဖြစ်၊ ဘဏ္ဍာရေးပဲ ဖြစ်ဖြစ် လွှတ်တော်က ကြိုးစားဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကို အစိုးရအဖွဲ့က အလေးအနက် ထားလာပါပြီ။ ဒီတစ်နှစ်တာ အတွင်းမှာတော့ လွှတ်တော်က အဓိက ပြောင်းလဲလာတယ်လို့ ပြောရပါမယ်”ဟု ပြောကြားခဲ့သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက လည်း “ခုလောလောဆယ်မှာတော့ ဥပဒေပြုရေးမဏ္ဍိုင်က အများကြီး ပြောင်းလဲလာတယ်။ ဒီမိုကရေစီနည်း ကျကျ ဖြစ်လာတယ်။ လွှတ်တော်အနေနဲ့တော့ ဒီတစ်နှစ်အတွင်းမှာ သုံးကြိမ် ကျင်းပခဲ့တယ်။ တစ်ကြိမ်ထက် တစ်ကြိမ်တော့ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ပွင့်လင်းမှုလည်း ရှိလာပါတယ်။ အဓိကအချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပါတီစွဲ မထားဘဲနဲ့ တိုင်းပြည်အကျိုးအတွက် ဆွေးနွေးလာကြတယ်။ လွတ်လပ်စွာ ဆွေးနွေးတယ်၊ တင်ပြလာကြလို့ ပိုအားကောင်းလာတယ်။ အစိုးရပိုင်းကလည်း ပြန်လည်ရှင်းလင်းရာမှာ အရင်ကထက် လွှတ်တော်ကို ပိုလေးစားလာတာတွေ့ ရတယ်။ လွှတ်တော်ရဲ့တန်ဖိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုး ကလည်း “ပြည်သူတွေအတွက် အကျိုးသက်ရောက်မှု အရှိဆုံးကတော့ ပြည်သူ့ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနဲ့ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ပြည်သူ့အသံကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ် ပေးနိုင်လို့ပါပဲ။ ပြုပြင်ပြောင်းလဲမှု အဖြစ်ဆုံးလို့ ပြောရရင်တော့ ဥပဒေပြုခြင်း အခန်းကဏ္ဍပါပဲ။ အလုပ်သမား အဖွဲ့အစည်းဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ မြေလွတ် မြေလပ်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ စတဲ့ အရေးကြီးဥပဒေတွေကို ပြဋ္ဌာန်းပေးနိုင်ခဲ့ခြင်း ကြောင့်ပါပဲ။ အထူးသဖြင့်ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တာရဲ့အကျိုးရလာဒ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲကို ရောက်လာခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။


အပြောင်းအလဲကို အကောင်အထည် ဖော်ရမှာက အုပ်ချုပ်ရေးမဏ္ဍိုင်

ယင်းကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်သည် တိုးတက်ပြောင်းလဲမှု အဖြစ်ဆုံး ဖြစ်သော်လည်း အဆိုပါ ပြောင်းလဲမှုများကို ကိုယ်တိုင်ကိုယ်ကျ အကောင်အထည်ဖော်ရန်မှာ အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေးမဏ္ဍိုင် တွင် မြစ်ဆုံစီမံကိန်းရပ်ခြင်း၊ ၀န်ထမ်း အချို့အား အပိုထောက်ပံ့ကြေး တိုးပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းစသည့် သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုမှ လွဲ၍ အခြားတိုးတက် ပြောင်းလဲမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများက ပြောကြားခဲ့ကြသည်။

“အဓိကပြုပြင် ပြောင်းလဲမှုလို့ ပြောနိုင်တဲ့ အချက်တွေကတော့ နိုင်ငံ အကြီးအကဲဖြစ်တဲ့ သမ္မတက ပြည်သူ တွေကို အလေးအနက်ပြုပြီး လေးလေးစားစား ဆက်ဆံခဲ့တာ (၂)ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်တွေရဲ့ အပြန်အလှန် ထိန်းညှိမှုကို အထိုက်အလျောက် လက်ခံပြီးတော့ လွှတ်တော် ထဲကလာတဲ့ ပြည်သူ့အသံလို့ လေးစား ဆောင်ရွက်ခဲ့တာ (၃)ကြိုးနီစနစ်အနည်းငယ် ဖြေလျော့ပေးခဲ့တာ ဒါနည်းတော့ နည်းပါသေးတယ်။ ပြည်သူတွေအတွက် တိုက်ရိုက်အကျိုး သက်ရောက်မှုရှိမယ့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲပေးနိုင်မှု ထက် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ပိုမိုဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ အနှစ်ချုပ်ပြောရရင် ပြောင်းလဲမှုရှိတော့ ရှိပါတယ်။ ဒါပေမယ့် အများကြီး လိုအပ်နေပါသေးတယ်”ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ မြတ်ဥာဏစိုးက ပြောကြားခဲ့သည်။

ထို့ပြင် “လွှတ်တော်နဲ့ အစိုးရသစ်ပေါ်ခဲ့တဲ့ သက်တမ်း တစ်နှစ်အတွင်းမှာ နိုင်ငံတကာကရော၊ ပြည်တွင်းမှာပါ သိသိသာသာ ဖြစ်ပေါ်ခဲ့တဲ့အပြောင်းအလဲက သမ္မတနဲ့ သူ့ရဲ့အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ခဲ့ တဲ့ကိစ္စတွေလို့ ယေဘူယျ ပြောလို့ရပါတယ်။ အဲဒါတွေကတော့NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်နိုင်ငံရေးမှာ တရားဝင်ပါဝင်ခွင့်ရအောင် လမ်းဖွင့်ပေးလိုက်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာနဲ့ တရုတ်ပြည်နဲ့ စာချုပ်ချုပ်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပြည်သူတွေ မလိုလားတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းခဲ့လိုက်တာ စတာတွေဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးရဲထွန်းက ပြောကြားခဲ့သည်။


မဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြည့်မယ့်  စတုတ္ထမဏ္ဍိုင်(သို့မဟုတ်) မီဒီယာ

ပြန်ကြားရေး ၀န်ကြီးဌာနမှ ကိုင်တွယ်သော စာနယ်ဇင်း (သို့မဟုတ်) စတုတ္ထမဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲမှု တတိယအနှေးကွေးဆုံး အဖြစ် ဆန္ဒပြုသူများက ထုတ်ဖော်ခဲ့ကြပါသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက “မီဒီယာအပိုင်းမှာတော့ ဂျာနယ်တွေမှာ အရင်ကထက် ပိုပွင့်လာတယ် လို့မြင်ပါတယ်။ အများကြီးတော့ လိုပါသေးတယ်။ ပုဂ္ဂလိက မီဒီယာတွေမှာ တိုးတက်လာတာတွေ့ရပြီး အစိုးရမီဒီယာမှာတော့ တိုးတက်မှုက အင်မတန်နှေးကွေး နေသေးတယ်လို့ မြင်ပါတယ်”ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က အစိုးရအဖွဲ့သစ်ကို တာဝန်ယူပြီးချိန်၌ ပထမဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းမှာပင် စတုတ္ထမဏ္ဍိုင်၏ အရေးပါမှုကို ထည့်သွင်းပြောဆိုခဲ့ပြီး ကျန်မဏ္ဍိုင်သုံးရပ်ကို စတုတ္ထမဏ္ဍိုင်က ထိန်းကျောင်းပေးရန် လိုအပ်ကြောင်းကို အလေးအနက်ထား ပြောဆိုခဲ့ပါသည်။

ပုဂ္ဂလိကသတင်း မီဒီယာများအနေဖြင့် သတင်းဖော်ပြရာတွင် ယခင်နှစ်များ ကထက် အနည်းငယ် လွတ်လပ်စွာ ဖော်ပြလာနိုင်ခဲ့သော်လည်း မဏ္ဍိုင်သုံးရပ် နှင့် ဆက်နွှယ်နေသည့် ဝေဖန်မှုများ၊ အခြားသော ဝေဖန်ချက်ပါဝင်သည့် သတင်းများမှာမူ စာမျက်နှာပေါ်သို့ ရောက်ရှိနိုင်ခြင်း မရှိသည့် အနေအထား တွင် ရှိနေဆဲ ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းက “မြန်မာ့မီဒီယာ လောကမှာလည်း တော်တော်လေး ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် ရေးရဲလာအောင်၊ ရေးခွင့်ရလာအောင်က လွှတ်တော်နဲ့ လွှတ်တော်ရဲ့ကော်မတီတွေရဲ့ တွန်းအားက အဓိကကျတယ်လို့ မြင်မိပါတယ်။ အထူးသဖြင့်တော့ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ပေါ့။ ကော်မတီက လုပ်မယ်ကိုင်မယ် လို့ ပြောလိုက်တဲ့အခါ ၀န်ကြီးဌာနက မနေသာတော့ဘဲ သူ့အလုပ်ကိုသူ အလိုက်တသိ လုပ်လာရတာပေါ့။ ဒါကောင်းပါတယ်။ တွန်းစရာမလိုဘဲ ရွေ့တယ်ဆိုတာ အားလုံးသက်သာတာပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။

ပုဂ္ဂလိက မီဒီယာများကို တိုက်ရိုက်ကိုင်တွယ်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ် ရေးအနေဖြင့် စာပေစိစစ်ဆိုင်ရာ မူဝါဒ များကို ၂၀၁၁ခုနှစ် ဇွန်လအတွင်းမှ စတင်ပြီးအဆင့်လိုက် အနေဖြင့် စတင် လျှော့ချပေးခဲ့ပါသည်။ ထိုသို့ လျှော့ချပေးမှုအစီအစဉ်မှာ တင်/ထုတ်စနစ် မှ ထုတ်/တင်စနစ်သို့ ပြောင်းလဲပေးခဲ့ခြင်း ဖြစ်ပါသည်။

ပုဂ္ဂလိက သတင်းမီဒီယာများ အနေဖြင့် လွတ်လပ်စွာ သတင်းရယူ ဖော်ပြခွင့်မရှိသေးသည့် အပေါ် မတူ ကွဲပြားသော အမြင်အမျိုးမျိုးလည်း ရှိနေပါသည်။

“စာပေစိစစ်ရေးက ပြောင်းလဲ လိုက်တဲ့ မူဝါဒအရ ထုတ်/တင် စနစ် မှာ နောက်ဆုံးကျန်နေတာက သတင်း ဂျာနယ်တွေနဲ့ ဘာသာရေး ဂျာနယ်တွေပဲလို့ ကျွန်တော်သိထားပါတယ်။ ဆိုတော့ ဒီတစ်နှစ်တာ ကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ သတင်းလွတ်လပ်ခွင့်ရဖို့ထက် သတင်းဂျာနယ်တွေဟာ ထုတ်/တင် အဆင့်ရောက်ဖို့ကိုတောင် စောင့်ဆိုင်းနေရတုန်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သတင်းလွတ်လပ်ခွင့် ဆိုတာထက် အရင်ဦးဆုံး သတင်းဂျာနယ် တွေ ထုတ်/တင်အဆင့်ရောက်ဖို့ကို မျှော်လင့်မိပါတယ်”ဟု ပေါ်ပြူလာ အနုပညာဂျာနယ်၏ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က ပြောပါသည်။

“ဖြစ်နေတဲ့ အခြေအနေကို ပြောရင်တော့ လိုချင်တဲ့အတိုင်းအတာ တစ်ခုအထိ မရောက်သေးဘူး။ ပေးထား တဲ့ အနေအထားအရ ၅၀ ကျော်ရုံပဲ ရှိပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် လည်း အပြည့်အ၀ မရသေးဘူးဖြစ်တဲ့ အတွက် နိုင်ငံတော်သမ္မတ မိန့်ခွန်းမှာ ပြောသလို ကျန်တဲ့မဏ္ဍိုင်တွေကို စတုတ္ထမဏ္ဍိုင်က ထိန်းကျောင်းဖို့ဆိုတာ အားနည်းချက်တွေ အများကြီး ရှိနေပါသေးတယ်”ဟု ဦးကိုကိုကြီး(ကြေးမုံ)က သုံးသပ်ပါသည်။

“ဒီတစ်နှစ်တာ ကာလအတွင်းမှာ စတုတ္ထမဏ္ဍိုင်က တိုးတက်မှု အနှေးကွေးဆုံး ဖြစ်တယ်လို့တောင် ပြောချင်တယ်။ လွတ်လပ်စွာ သတင်းရယူခွင့် မရှိသေးသလို လွတ်လပ်စွာ သတင်းဖော်ပြခွင့်လည်း မရှိသေးပါဘူး။ တိုးတက်မှုအတွက် အဓိကစံနှုန်းဖြစ်တဲ့ သတင်းစာထုတ်ဝေခွင့်က အချိန်တစ်နှစ်ကျော် လာတဲ့အထိ ဘာမှဖြစ်မလာသေးတာကြောင့်လည်း တိုးတက်မှုဆိုတာအတွက် အကောင်းဆုံး မေးခွန်းထုတ်စရာ ဖြစ်ပါတယ်”ဟု အေပီသတင်းထောက် ဒေါ်အေးအေးဝင်းက ပြောပါသည်။

သို့သော် အမျိုးသားသတင်းဆု ကော်မတီ၏ ဥက္ကဋ္ဌဖြစ်ပြီး ယခင် မဆလ ခေတ်က အစိုးရသတင်းစာ တစ်စောင် ဖြစ်သော ဗိုလ်တထောင် သတင်းစာ၏ အယ်ဒီတာဟောင်း တစ်ဦးဖြစ်သူ ဆရာ မောင်ဝံသ(အတိုင်ပင်ခံအယ်ဒီတာ၊ ပြည်သူ့ခေတ်ဂျာနယ်)က အစိုးရသစ် လက်ထက်တွင် စာနယ်ဇင်း လွတ်လပ်ခွင့် ၇၅ ရာခိုင်နှုန်းခန့် ရရှိကြောင်း မတ်လ၁၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားသတင်းဆု ချီးမြှင့်ပွဲ၌ ပြောကြားခဲ့သည်။

မတ်လ ၁၈ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသား သတင်းဆုပေးပွဲ၌ပင် ပြန်ကြားရေးဝန်ကြီးက ဂျာနယ် များလိုက်နာသင့်သည့် အချက်ငါးချက် ကို ပြောဆိုခဲ့ပါသည်။ အဆိုပါအချက် ငါးချက်မှာ ၁။ စာပေနှင့်စာနယ်ဇင်း မဏ္ဍိုင်သည် ဘက်မလိုက်ရန် လိုကြောင်း၊ ၂။ အကြောင်းအရာ တစ်ရပ်ကို ရေးသား ဖော်ပြကြသည့်အခါ ပြည်သူများ အနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်ရန် အတွက် ရှုထောင့်တစ်ခုတည်းက ကြည့်ပြီးမရေးဘဲ ဘက်စုံ၊ ထောင့်စုံ၊  အောက်ကရော၊ အထက်က ရော၊ ၀ဲဘက်ကရော၊ ယာဘက်က ရော၊ အရှေ့ဘက်ကရော၊ အနောက် ဘက်ကရော ဘက်စုံထောင့်စုံမှ ရေးသားဖော်ပြပေးရန်၊ ၃။ ထိုသို့ရေးသားသည့် အခါတွင်လည်း လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားကို အမြဲယှဉ်တွဲ ကျင့်သုံးပြီး ရေးသားဖော်ဆောင်ရန်၊ ၄။ ဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီစနစ်နှင့် အညီ လွတ်လပ်စွာတွေးခေါ်နိုင်၊ ယူဆနိုင်၊ ထင်မြင်နိုင်၊ ကွဲပြားနိုင်ခွင့် ရှိကြောင်း၊ သို့သော်လည်း တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် ယင်းသို့ကွဲပြားသည့် ကြားမှာUnity in Democracy ဆို သည်လည်း ရှိသင့်ကြောင်း၊ Unity in Democracy ကို ဖော်ဆောင်နိုင်အောင် ကြိုးစားရန်၊၅။ Unity in Democracy ကိုဖော်ဆောင်၊ ပျိုးထောင်သည့်အခါ အမျိုးသားရေးကို အခြေခံရန်စသည့် အချက်များကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသား သတင်းဆုပေးပွဲမှာပင် စာပေစာနယ်ဇင်းနှင့် ပတ်သက်သော ဥပဒေတစ်ရပ်ကို ရေးဆွဲနေပြီဖြစ်ကြောင်းနှင့် ထိုစာပေစာနယ်ဇင်း ဥပဒေသည် အာဆီယံနိုင်ငံ များ၏ စံထက်မနိမ့်ကျကြောင်း ပြန်ကြားရေးဝန်ကြီးက ထပ်မံ ပြောကြားခဲ့သည်။

“ဂျာနယ်တွေ အများကြီးထုတ်ဝေခွင့်ပြုတယ်။ စိစစ်ရေးမူတချို့ လျှော့ပေါ့ပေးတယ် ဆိုတာလောက်နဲ့တော့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရပြီလို့ ပြောလို့မရပါဘူး။ နိုင်ငံတကာစံနှုန်းနဲ့ တိုင်းတာရင် ၂၀ရာခိုင်နှုန်း အောက်မှာပဲ ရှိပါသေးတယ်။ အစိုးရက သတင်းမီဒီယာအားလုံးကို ချုပ်ကိုင် ထားဆဲဖြစ်ပြီး လွတ်လပ်တဲ့၊ တာဝန်သိတဲ့ မီဒီယာဆိုတာဟာလည်း လက်ချိုးရေလို့ရပါတယ်။ သတင်းမီဒီယာတွေ အပေါ်မှာ အစိုးရဌာန အတော်များများရဲ့ ထင်မြင်ယူဆချက်တွေလည်း အပြောင်းအလဲ မရှိသေးဘူး။ The Voice Journal ကို တရားမစွဲခင် သတင်းစာမှာ ရေးသားဖော်ပြခဲ့တဲ့ သတင်းရေးသားပုံဟာ ကျွန်တော်တို့ကို လူကျွံဘောဖမ်း ကစားတယ်လို့ ခံစားရပါတယ်။ အစိုးရသက်တမ်း တစ်နှစ်ရှိပြီ။ လွတ်လပ်တဲ့ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ထုတ်ပေးဖို့တောင် အခုထိ လမ်းမမြင်သေးဘူး။ ပုံနှိပ် ဥပဒေကိုလည်း ပြန်ကြားရေးဝန်ကြီး ဌာန တစ်ခုတည်းက မူကြမ်းရေးဆွဲနေတာမျိုးမ ဖြစ်သင့်ဘူး။ ဒီလိုလွတ်လပ်တဲ့ သတင်းမီဒီယာခွင့် မပြုပေးတာဟာ ဒီမိုကရေစီကို သွားနေတဲ့နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။

လက်ရှိထုတ်ဝေနေသော သတင်းဂျာနယ်များတွင် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရှိသေးချိန်၌ သတင်း စာထုတ်ဝေခွင့် ဆိုသည်မှာ အလှမ်းကွာနေဆဲ ဖြစ်ပါသည်။ထို့အပြင် ဒီမိုကရေစီသို့ သွားရာ လမ်းကြောင်း၌စာနယ်ဇင်း လွတ်လပ်ခွင့်မှာ အရေးပါသည် ဟူသော အမြင်များ ရှိနေသည့်အချိန်၌ ပုံနှိပ် မီဒီယာ ဥပဒေဆိုသည့် ကိစ္စရပ်ပေါ်ထွက်လာသဖြင့် အဆိုပါကိစ္စရပ်အပေါ်လည်း ဝေဖန်မှုများ ရှိခဲ့ပါသည်။ အထူးသဖြင့် သတင်းမီဒီယာသမားများ ရေးဆွဲခြင်း မဟုတ်သည့် ပုံနှိပ်မီဒီယာ ဥပဒေသည် စာပေစိစစ်ဌာန မရှိတော့သည့်တိုင် သတင်းမီဒီယာသမားများကို ကန့်သတ်မှုဖြစ်စေမည့် ဥပဒေတစ်ရပ်အဖြစ် လွတ်လပ်သော ပုဂ္ဂလိက သတင်းမီဒီယာ သမားများက ရှုမြင်ထားကြပါသည်။

ပုံနှိပ်မီဒီယာဥပဒေ ရေးဆွဲပြဋ္ဌာန်းမည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ပုဂ္ဂလိက သတင်းမီဒီယာ သမားအများစုက ကန့်ကွက်ဝေဖန် ပြောဆိုခဲ့ကြပြီး ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ကလည်း မီဒီယာ သမားများမဟုတ်ဘဲ အခြားသူများက ရေးဆွဲမည့်ပုံနှိပ်မီဒီယာ ဥပဒေကို လုံးဝကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါသည်။

“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့က သူတို့ပြောသလို မီဒီယာဖွံ့ဖြိုး တိုးတက်စေချင်တယ်။ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင် မီဒီယာဖွံ့ဖြိုး တိုးတက်အောင် လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေကို ၀န်ကြီးဌာန အနေနဲ့က ဖန်တီးပေးဖို့ပဲဖြစ်တယ်။ မီဒီယာတွေ ကိုထပ်ပြီးတော့ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး။ ဘာကြောင့် မလုပ်သင့်လဲဆိုတော့ ရှိတဲ့ဥပဒေတွေကိုက သိပ်များနေပါပြီ”ဟု လူထုဦးစိန်ဝင်းက ပြီးခဲ့ရက် သတ္တပတ် အတွင်းက Eleven Media Groupသို့ ဖြေကြားခဲ့သည့် အင်တာဗျူး၌ ပြောဆိုခဲ့ပါသည်။

“လူတိုင်းလွတ်လပ်စွာ ပြောကြားခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ မိမိယုံ ကြည်ချက်ကို လွတ်လပ်စွာ ကိုင်စွဲထားခွင့်၊ လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့်ဆိုတာတွေကို အခြေခံဥပဒေက နေ အာမခံချက် ပေးထားပြီးသား။ လူသားတိုင်းခံစားရမယ့် အခြေခံလူ့အခွင့်အရေး ဖြစ်တယ်။ အခုမီဒီယာ ဥပဒေတွေ လုပ်ခြင်းဟာ ဒီအခြေခံဥပဒေကို ဆန့်ကျင်ရာလည်း ကျတယ်။ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကို တခြားဘယ်သူကမှ ပိတ်ပင်တားဆီးလို့ မရဘူး။ အခြေခံဥပဒေဟာ တိုင်းပြည် မှာ အာဏာအရှိဆုံြး ဖစ်တယ်။ အခြေခံဥပဒေက ပေးထားတဲ့ဟာကို  ပိတ်ပင် တားဆီးလုပ်လို့ရှိရင် ပိတ်ပင်တားဆီး ခံရသူတွေက တရားစွဲလို့ရတယ်”ဟု လူထုဦးစိန်ဝင်းက ပြောပါသည်။

“MRTV-4 က တိုးချဲ့ထုတ်လွှင့်မယ့် Channel  7 အတွက် ထိုင်း BEC-Tero နဲ့ Forever Group ကို Joint Venture လုပ်ကိုင်ခွင့် ပေးထားတယ်။ ပြည်တွင်းက နိုင်ငံသား လုပ်ငန်းရှင်တွေကိုတော့ ဘယ် Channel မှ သီးခြားလုပ်ကိုင်ခွင့် ပေးထားတာ မရှိသေးပါဘူး။ ရုပ်သံမီဒီယာနဲ့ FM တွေကို အစိုးရနဲ့ရင်းနှီး ပတ်သက်သူတွေကပဲ တွဲဖက် လုပ်ကိုင်နေကြတုန်းပါပဲ။ အစိုးရ သတင်းစာတွေအပြင် မြ၀တီနေ့စဉ်ထုတ် သတင်းစာကို ထုတ်ဝေခွင့် ပြုထားပေမယ့် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေတော့ ထုတ်ဝေခွင့် မရသေးပါဘူး”ဟု မီဒီယာသမား တစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် စတုတ္ထမဏ္ဍိုင်ကို အမှောင်ချဖို့ ကြိုးစားခြင်းသည် တိုင်းပြည်ကို အမှောင်ချရန် ကြိုးစားခြင်း ပင်ဖြစ်သောကြောင့် စတုတ္ထမဏ္ဍိုင်ကို အမှောင်ချ ရာရောက်မည့် ဥပဒေမှန်သမျှကို ဆန့်ကျင်သွားမည်ဟု လူထုဦးစိန်ဝင်းက ပြောပါသည်။

“နိုင်ငံအသီးသီးမှာ ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့သတင်းစာ ဆရာကျင့်ဝတ် ဥပဒေတွေ၊ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ရှိတယ်။ အဲဒီကျင့်ဝတ်တွေက သတင်းမီဒီယာတွေကို ထိန်းချုပ်ပါတယ်။ မလုပ်သင့်တာတွေ မလုပ်ဖို့၊ မမှန်မကန်တာတွေ မလုပ်ဖို့၊ အကျင့် စာရိတ္တတွေ မဖောက်ပြားဖို့ ဒါတွေကို ထိန်းချုပ်ပါတယ်။ အဲဒီထိန်းချုပ်တဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို သတင်း မီဒီယာသမားတွေက သာလျှင် ရေးဆွဲရပါတယ်။ သတင်းမီဒီယာ သမားကသာလျှင် ဒီကျင့်ဝတ်တွေ၊ စည်းမျဉ်းတွေကို ရေးဆွဲရမယ်။ ဒီဟာကို ပြင်ပ က လူတွေ လာရေးဆွဲတာကိုလုံးဝ လက်မခံဘူး။ ဒီလိုအဖွဲ့အစည်းမှာ ပြင်ပ ပုဂ္ဂိုလ်တွေပါလည်း လက်မခံဘူး။ သတင်းမီဒီယာဟာ လွတ်လပ်တဲ့ သတင်း မီဒီယာသမားတွေပဲ ဖြစ်ရမယ်”ဟု လူထုဦးစိန်ဝင်းက ပြောပါသည်။

ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်ပြီးဥပဒေ ပထမမူကြမ်းကို ရေးဆွဲထားခဲ့ပြီးဖြစ်ကာ ဒုတိယမူကြမ်း ရေးဆွဲရန်အတွက် ဆွေးနွေးပွဲတစ်ခုကို ပြန်ကြားရေး ၀န်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်းပြီးမတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။

မူကြမ်းရေးဆွဲမှုများ ပြီးပါက ယင်းမူကြမ်းကို လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက်ရယူမည်ဟု သိရသည်။ အဆိုပါပုံနှိပ်မီဒီယာ ဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေကြောင်း အစိုးရတာဝန်ရှိသူများဘက်မှ ပြောဆိုထားပြီး ဥပဒေတွင် ပါရှိသော အချက်များကို လွှတ်တော် သို့တင်ပြသည့် အချိန်ရောက်ရှိမှသာ မီဒီယာသမားများက သိရှိနိုင်မည့် အနေအထား ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ အစိုးရသစ် တက်လာပြီး နောက်ပိုင်း တစ်နှစ်တာ ကာလအတွင်း တိုးတက်ပြုပြင်ပြောင်း လဲမှုအချို့ရှိခဲ့သော်လည်း အဆိုပါအပြောင်းအလဲများကို အကောင်အထည် ဖော်ရန်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရား စီရင်ရေး မဏ္ဍိုင်တို့ ဖြစ်ကြသည့်အတွက် အဆိုပါမဏ္ဍိုင်များရှိ တာဝန်ရှိသူများ အနေဖြင့် ဥပဒေပြုရေးမဏ္ဍိုင်က ပြဋ္ဌာန်းပေးလိုက်သည့် ဥပဒေများကို အတိအကျ လိုက်နာ အကောင်အထည် ဖော်ရန်မှာ လက်ရှိ၌ အရေးကြီးဆုံးဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

“အားလုံးကို ခြုံပြီးပြောရရင် အပြောင်းအလဲတွေ ဖြစ်အောင် လက်တွေ့ဖော်ဆောင်ရမှာက အုပ်ချုပ်ရေး ယန္တရားနဲ့ တရားစီရင်ရေး ယန္တရားပဲ။ ဒါမှပြည်သူအားလုံး လွှမ်းခြုံတဲ့ အပြောင်းအလဲကို ခံစားကြရမှာ ဖြစ်တယ် လို့ပြောချင်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားခဲ့သည်။

“ပြည်သူ့အကျိုးအတွက် ထိရောက်တဲ့အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ အဖွဲ့လိုပါတယ်။ တစ်နှစ်ဆိုတာဟာ အစိုးရအဖွဲ့ တစ်ခုအတွက် ပြန်လည် သုံးသပ်ဖို့ အချိန်လုံလောက်ပါပြီ။ အပြောင်းအလဲ ပြုလုပ်ချိန်သင့်ပါပြီ” ဟု Eleven Media Group၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

Eleven Media Group မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free