မန်မာ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကားကို စင်ကာပူနိုင်ငံရှိ ရုပ်ရှင်ရုံ လေးရုံတွင် ၂၀၁၂ မတ်လ ၁ ရက်နေ့မှစတင်ကာ ပြသနေပြီဖြစ်ပါတယ်။ ထို ရုပ်ရှင်ကားကို သုံးပတ်တိုင်တိုင် ပြသသွားမှာ ဖြစ်ပြီး ဟုမ်းမ်ရဲန်း အေးရှား (HomeRun Asia) ကုမ္ပဏီက ဂိုးလ်ဒင်း ဗစ်လစ်ရှ် (Golden Village) ရုပ်ရှင်ရုံ လေးရုံတွင် ပြသနေတာ ဖြစ်ပါတယ်။ မြန်မာမိသားစုအသိုင်းအ၀ိုင်းများအနေနဲ့ လက်မှတ်များ အလွယ်တကူ ၀ယ်ယူနိုင်ရန် သပြေနု၊ ရနံ့သစ်နဲ့ သဇင် Success မဂ္ဂဇင်းတို့က ဈေးကွက်ဖြန့်ချိရေးလုပ်ငန်းကို ပံ့ပိုး ဆောင်ရွက်ကြကြောင်း သိရပါတယ်။
ရုပ်ရှင်အပေါ် မြန်မာအသိုင်းအ၀ိုင်းရဲ့ စိတ်ဝင်စားမှု၊ ပြသမှုအတွက် ကူညီ ပံ့ပိုး ဆောင်ရွက်ရခြင်းနဲ့ ပတ်သက်ပြီး “စင်ကာပူရောက် မြန်မာမိသားစုများအနေနဲ့ ရုပ်ရှင်ကားကို စိတ်ဝင်စားမှုရှိကြောင်း၊ တိုင်းပြည်နဲ့ လူမျိုး၊ တိုင်းပြည်ကောင်းစားရေးကို ကိုယ်ကျိုးတွေစွန့်လွှတ်ပြီး တိုက်ပွဲ ၀င်ရဲတဲ့သူတယောက်အကြောင်း မြန်မာတိုင်းရင်းသားအားလုံး သိစေချင်ပါကြောင်း၊ ဒီမိုကရေစီ တိုက်ပွဲဝင်ရတာ အင်မတန်ခက်ခဲတဲ့အတွက် ဒီမိုကရေစီ အမြဲတည်တံ့အောင် ဒီမိုကရေစီနဲ့တန်တဲ့ တိုင်းသူပြည်သားကောင်းရဲ့ ကျင့်ဝတ်များ ထွန်းကားစေချင်တဲ့ ဆန္ဒနဲ့ အမျိုးသားရေး စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်များ နိုးထရှင်သန်စေချင်တဲ့ အာသီသများနဲ့ ဆောင်ရွက်တာ ဖြစ်ကြောင်း“ မြန်မာမိသားစု အသိုင်းအ၀ိုင်းများ လက်မှတ် အလွယ်တကူ ၀ယ်ယူ အားပေးနိုင်ရန် စီစဉ် ဆောင်ရွက်သူတဦးဖြစ်တဲ့ သဇင် Success မဂ္ဂဇင်း အယ်ဒီတာ ကောင်းမြတ်နွယ်က ယနေ့မြန်မာကို ပြောပြပါတယ်။ ရုပ်ရှင်ပြသမှုကို ၀ိုင်းဝန်း ပံ့ပိုးရခြင်း၊ မြန်မာအသိုင်းအ၀ိုင်းရဲ့ စိတ်ဝင်စားမှုနဲ့များနဲ့ ပတ်သက်ပြီး ဦးကောင်းမြတ်နွယ်နဲ့ အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းထားပါတယ်။ ဘာကြောင့် မြန်မာအသိုင်းအ၀ိုင်း (Burmese Community) က 'The Lady' ကို ပြသဖို့ စီစဉ်ပါသလဲ။ ဒီကားရဲ့ တာဝန်ခံပြသသူကတော့ HomeRun Asia ဖြစ်ပါတယ်။ ကားကို ၀ယ်ပြီး မြန်မာအသိုင်းအ၀ိုင်းအတွက် သီးသန့်ပြသချင်ပေမည့်လည်း၊ ဈေးအရမ်းကြီးနေတာက တကြောင်း၊ ကျွန်တော်တို့ဖာသာ ရုပ်ရှင်ရုံ (Theatre) မှာပြရင် အရုပ်နဲ့ အသံ ရဲ့ အရည်အသွေး ကျသွားမှာ ဖြစ်တဲ့အတွက် Home Run Asia ပြသတဲ့ Golden Village ရုပ်ရှင်ရုံ (၄) ရုံမှာ မြန်မာများ သွားကြည့်နိုင်ဖို့ ကျွန်တော်တို့က ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ စင်ကာပူမှာရှိတဲ့ မြန်မာအားလုံးကို ကြည့်စေချင်တဲ့ ဆန္ဒကြောင့် အခုလို ပံ့ပိုးကူညီတာ ဖြစ်ပါတယ်။ မြန်မာ စင်ကာပူရီယမ် (Burmese Singaporean) များရဲ့ စိတ်ဝင်စားမှုကို ပြောပြပေးနိုင်ပါသလား။ စင်ကာပူမှာ မြန်မာတွေ အများကြီး နေထိုင်ကြပါတယ်။ အကြာကြီးမနေကြပဲ သွားချည် ပြန်ချည် ကူးချည် သန်းချည် လုပ်နေသူတွေလည်း အများကြီပါ။ ၁။ စင်ကာပုလူမျိုးအဖြစ် ခံယူသွားသူများ (Burmese Singaporean)
၂။ အမြဲတမ်းနေထိုင်ခွင့်ရ မြန်မာများ PR (Permanence Resident)
၃။ အလုပ်လုပ်ခွင့် လက်မှတ်ရသူများ EP (Employment Pass)
၎။ အထူးအလုပ်လုပ်ခွင့် လက်မှတ်ရသူများ S'pass (Special Pass)
၅။ အလုပ် ပါမစ် ကိုင်ဆောင်သူများ WP (work Permit)
၆။ ကျောင်းသား ကျောင်းသူများ (Students)
၇။ ကျောင်းသား အုပ်ထိန်းသူ မိဘလက်မှတ် ကိုင်ဆောင်သူများ (Guardian Pass)
၈။ မှီခို လက်မှတ် ကိုင်ဆောင်သူများ (Dependent Pass)
စသည်ဖြင့် တသိန်းကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။ သူတို့က စာပေဟောပြောပွဲပရိသတ်၊ တရားပွဲ ပရိသတ်၊ ရုပ်ရှင်၊ တေးဂီတကို အားပေးတဲ့ ပရိသတ်ဆိုပြီး အမျိုးမျိုး ကွဲပြားနေကြသော်လည်း၊ နိင်ငံရဲ့ အရေးမှာ လူအတော်များများ စိတ်ဝင်စားတာ တွေ့ရပါတယ်။ THe Lady ပြမယ်။ မတ်လ (၁) ရက် လို့ ဆိုတာနဲ့ လက်မှတ်တွေဝယ်ဖို့ ဖုန်းခေါ်နေကြပြီ။ ဒီကားကတော့ ကျွန်တော်တို့ ဒီဇင်ဘာလ (၁၅) ရက်နေ့က NTUC Centre မှာ ပြသခဲ့တဲ့ " အတိတ်၏ အရိပ်" ဇာတ်ကားလို ကိုယ်တိုင်စီစဉ် ပြသနိုင်ခြင်း မရှိသော်လည်း၊ ပရိသတ်အတွက် ကမ္ဘာ့ အဆင့်မီ အရုပ်အသံအတိုင်း ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး ဇာတ်လမ်းမှာ ဘယ်လို လွဲချော်မှုတွေ ရှိသလဲ၊ ရုပ်ရှင်ဇာတ်ကားက ပေးချင်တဲ့သတင်းစကား (message) ကိုအပြည့်အ၀ ပေးနိုင်မလား ဆိုတာ ကိုယ်တိုင်ခံစားနိုင်မှာဖြစ်လို့ စင်ကာပူရှိ မြန်မာအသိုင်းအ၀ိုင်းရဲ့ ၈၀% လောက်ကတော့ စိတ်ဝင်စားတာ တွေ့ရပါတယ်။ ဘယ်သူတွေက မြန်မာအသိုင်းအ၀ိုင်းအတွက် စီစဉ် ပံ့ပိုးကြတာပါလဲ။ ဇာတ်ကားထုတ်လုပ်သူက လု(ဂ်)ဘင်ဆန် ( Luc Besson) ဖြစ်ပါတယ်။ မုလင်ရု ( Moulin Rouge) ကားကို အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ ပါ။ Homerun Asia က ပြသဖို့ ယူထားပြီးသားမို့ ကျွန်တော်တို့က ကားလိုက်ဝယ်ပြဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ ဒါကြောင့် စပွန်ဆာလုပ်ပြီး ပြသသူများနဲ့ အဆင်ပြေအောင် Marketing လုပ်ပေးတာ ဖြစ်ပါတယ်။ သပြေနု # 02-55 Peninsula Plaza
ရနံ့သစ် # B1 Peninsula Plaza နဲ့
Thazin SingaporeSuccess Magazin # 05-36 Peninsula Plaza တို့က ပူပေါင်းကူညီတာဖြစ်ပါတယ်။ စီစဉ် ပံ့ပိုးသူတွေက ဘယ်လိုအကျိုး မျှော်ကိုးပြီး ဆောင်ရွက်ပါသလဲ။ မြန်မာတွေအားလုံး "The Lady " ကို ကြည့်စေချင်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး၊ တိုင်းပြည်ကောင်းစားရေးကို ကိုယ်ကျိုးတွေစွန့်လွှတ်ပြီး တိုက်ပွဲဝင်ရဲတဲ့သူတယောက်အကြောင်း သိစေချင်ပါတယ်။ ဒီမိုကရေစီ တိုက်ပွဲဝင်ရတာ အင်မတန်ခက်ခဲတဲ့အတွက် ဒီမိုကရေစီ အမြဲ တည်တံ့အောင် ဒီမိုကရေစီနဲ့ တန်တဲ့ တိုင်းသူပြည်သားကောင်းရဲ့ ကျင့်ဝတ်များ ထွန်းကားစေချင်တဲ့ ဆန္ဒနဲ့ အမျိုးသားရေး စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်များ နိုးထရှင်သန်စေချင်တဲ့ အာသီသများနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပွဲကြည့်ပရိသတ်ကို ပြောချင်တာလေးတွေ၊ အသိပေးလိုတာလေးတွေ ရှိရင် သိပါရစေ။ နိုင်ငံခြားသားတယောက်က မြန်မာ့နိုင်ငံရေးခေါင်းဆောင်တယောက်အကြောင်း ရိုက်ကူးတဲ့အခါ မြန်မာရုပ်ရှင် ဒါရိုက်တာများ၊ စာပေဝေဖန်ရေးသမားများက အားမလို အားမရဖြစ်တဲ့ အပိုင်းလေးတွေရှိပါတယ်။ ၈၈ အရေးအခင်း ပြကွက်တစ်ခုအဖြစ် မစ်ရှဲယိုက ရွှေတိဂုံဘုရားအနောက်ဖက်မှာ ပြည်သူလူထုကို မိန့်ခွန်းပြောတဲ့အခန်း ပါ ပါတယ်။ မစ်ရှဲက ဗမာလို ကျက်ပြီး ပြောထားတာ ပါ။ ပွဲကြည့်ပရိသတ်က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရာမှာ၊ မေးတဲ့ မေးခွန်းများကို ပြန်လည် ဖြေကြားရာမှာ ထိထိမိမိ အသားပါလှတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံပဲ ထည့်လိုက်ပါလား။ ဇာတ်ကို ပေါ့ပျက်စေတယ် စတဲ့ တုန့်ပြန်သံတွေ ကြားရပါတယ်။ ဒါကတော့ မစ်ရှဲလ်က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ရသော်လည်း မြန်မာအမျိုးသမီး မဟုတ်တဲ့အတွက် ဒီလောက် သရုပ်ဆောင်နိုင်တာကိုပဲ ချီးကျူးစရာ ဖြစ်နေပါပြီ။ နောက်တခုက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတဲ့ အခန်းမှာ သမိုင်းထဲကအတိုင်း အတွင်းဝန်ရုံးမှာ စက်သေနတ်နဲ့ ပစ်သတ်တဲ့ဟာ လူတိုင်းသိနေပေမယ့် The Lady မှာ ပစ္စတိုနဲ့ ပစ်သွားတယ်လို့ ပြောကြသံတွေ ကြားရပါတယ်။ နောက်တခုက ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်သူဟာ တွေ့သမျှလူကို ပြုံုးပြတယ်။ တကယ်တမ်းက ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် စိတ်ဖိစီးမှုတွေ များနေတယ်၊ တကယ့်ကို တည်ကြည်လေးနက်မှုကို ပြသင့်တယ်လို့ ဝေဖန်ထားတာတွေ ရှိပေမယ့်လည်း၊ စင်ကာပူက ရုပ်ရှင်ဝေဖန်ရေးသမားများက ကြယ်ငါးပွင့်မှာ ကြယ်သုံးပွင့်ခွဲ ပေးထားတဲ့အတွက် နိုင်ငံရေးနဲ့ ဒရာမာ (Drama) ဇာတ်လမ်း The Lady ဟာ အသင့်အတင့်အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြည့်မြင်ပုံ၊ ခံစားပုံကို သိရအောင် ကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Burma Today ကပါ။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free