လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေး ပြုလုပ်နေသည့် စည်းရုံးရေး အဖွဲ့ဝင်တဦးဖြစ်သည့် ကိုကိုနိုင် နေထိုင်တဲ့ ထနောင်းတိုင်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ အထူးရဲ သတင်းတပ်ဖွဲ့(SB)မှ ကိုကိုနိုင်၏ ကိုယ်ရေးရာဇဝင်နဲ့ သတင်းအချက်အလက်တွေကို မတ်လ ၁၆ ရက်နေ့က လာရောက် စုံစမ်းမှုတွေ ပြုလုပ်နေသည်လို့ သတင်းရရှိပါသည်။
နွားထိုးကြီး မဲဆန္ဒနယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးပေါခင်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးစိုးနိုင်ဝင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးအောင်သန်း၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီမှ ဦးစန်းထွန်း တို့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။ အဲဒီအတွက် ကိုကိုနိုင်ပါဝင်သည့် NLD လူငယ်အဖွဲ့တွေက နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာအပိုင်းကို တာဝန်ယူထားပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေး ဆင်းနေတာ ဖြစ်ပါသည်။
“ကျနော်တို့ မြင်းခြံက အဖွဲ့တွေကော ထောင်က ပြန်လွတ်လာတဲ့လူတွေကော NLD ပါတီအတွက်ကို ဝင်ရောက်ပြီးတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေး ဆင်းနေကြတာပါ။ ကျနော်တို့က ကြိုးတချောင်းကို နောက်က တွန်းလို့မရလို့ ရှေ့က ဝင်ဆွဲပေးနေတဲ့ သဘောပါပဲ။ ကျနော်တို့ကို တိုက်ရိုက်လာမပြောပဲနဲ့ ဒါမျိုး လုပ်တာဟာ စည်းရုံးရေးဆင်းတာကို ခြိမ်းခြောက်တဲ့ပုံစံမျိုး ဖြစ်နေလို့ပါ။ ဒါက လူတယောက်ရဲ့ လွတ်လပ်မှုကို လိုက်ပြီးတော့ မိသားစုရော ပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်နေသလို ဖြစ်နေတဲ့အတွက် လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။”လို့ ကိုကိုနိုင်က ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
အခုဖြစ်ပွားတဲ့အကြောင်းအရာနှင့် ပတ်သတ်ပြီး ကိုကိုနိုင်မှ ပါတီ စည်းရုံးရေး တာဝန်ခံတဦးဖြစ်သည့် ဒေါက်တာ ဝင့်သူကို သွားရောက်အကြောင်းကြားခဲ့ပါသည်။ ဒေါက်တာ ဝင့်သူက မြင်းခြံမြို့နယ်မှ အထူးရဲ သတင်းတပ်ဖွဲ့(SB)မှ အကြီးဆုံးဖြစ်သည့် ဦးအောင်မင်းကို တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသည့်အခါမှာတော့ ဦးအောင်မင်းက ခရီးထွက်နေသည့်အတွက် မသိရှိကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးအဖွဲ့ဝင်တဦးဖြစ်သည့် ကိုကိုနိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အိုးဖိုထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သူ တဦး ဖြစ်ပါသည်။ ကိုကိုနိုင်ဟာ ဒေါက်တာ ဝင့်သူ၊ ကိုဝေဖြိုး၊ ကိုကြည်စိုး၊ ကိုမျိုးသန့်၊ ကိုမျိုးဟန်၊ ကိုစိုးရာဇာဖြိုး၊ ကိုသန်းထိုက်အောင်၊ ဦးနန္ဒဝံသတို့နှင့်အတူ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် အဖြူရောင် အင်္ကျီများ ဝတ်ဆင်ကာ မြင်းခြံမြို့ရှိ ဘုရားကြီးသို့ သွားရောက်၍ ဝတ်ပြုဆုတောင်းသည့် အဖြူရောင် ကမ်ပိန်း လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် ၂၀၀၉ စက်တင်ဘာလအတွင်း အထူးရဲ သတင်းတပ်ဖွဲ့ (SB)မှ နေအိမ်တွင် လာရောက်ဖမ်းဆီးပြီး အီလက်ထရောနစ် အက် ဥပဒေ၊ ပုံနှိပ် ဥပဒေ၊ မတရား အသင်း ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၁၃ (၁) နှင့် ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါသည်။


မြန်မာဗီဂျေမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free