သင်္ကြန်အနုပညာ

ဧပြီလထုတ် မဂ္ဂဇင်းကို ပုံဖော်ရပြီဆိုသည်နှင့် သင်္ကြန်ပုံရိပ်တို့ စိတ်ကူးထဲ ရင်ဖိုဝင်ရောက်လာတော့သည်။ သင်္ကြန်ရနံ့တို့ ဆွတ်ပျံ့ကြိုင်လှိုင်လာတော့သည်။ ၀ါရွှေသောပိတောက်နှင့် ရေသဘင်ပွဲတော်ကို ရင်ခုန်ခံစားချင်စိတ်တို့ အလိုအလျောက် ပေါ်ပေါက်လာတော့သည်။ မကြာမီ မြန်ပြည်တခွင်လုံး ပျော်ရွှင်စရာအကောင်းဆုံး မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို နွှဲပျော်ကြပြန်တော့မည်။ အတာရေအေးနှင့် ဆေးကြောသန့်စင်ကြပေတော့မည် … စသည်ဖြင့် သင်္ကြန်အတွေးတို့ အစီအရီ ဖြစ်တည်လာတော့သည်။ “ပြည်ထောင် တိုင်းမြန်ပြည် … ငြိမ်းချမ်းအောင်ဆု … သွန်းခါရေ … အေးစေကြောင်း လောင်းတဲ့လုံမေ … ထူးထူးကဲကဲ လှကြပါစေ …” ******* သည်မှာဘက်ခေတ် သင်္ကြန်ကို ဦးဦးဖျားဖျား သတိရကြိုဆိုကြသူများထဲတွင် တေးစီးရီး ထုတ်လုပ်သူများသည် ထိပ်ဆုံးကဟုပင် ပြောရပေတော့မည်။ ဇန်န၀ါရီလထဲလောက်မှာပင် သင်္ကြန်တေးစီးရီးတို့ စတင်ထွက်ပေါ်လာနေသည်။ အများစုမှာ ပရိသတ် နားစွဲခဲ့ပြီးဖြစ်သော သင်္ကြန်သီချင်းအဟောင်း အကောင်းများကို ပြန်တီး ပြန်ဆိုနေကြခြင်းသာဖြစ်သည်။ ခေတ်ပေါ်တူရိယာများနှင့် တီးခတ်သီဆိုထားသော ခေတ်သစ်သင်္ကြန်တေးစီးရီးအချို့လည်း ထွက်ပေါ်လာသည်။ သို့သော် သီချင်းစာသားနှင့် သီဆိုဟန်တို့မှာ မြန်မာမဆန်၍လားမသိ၊ နားမစွဲဘဲ ခေတ်အဆက်ဆက်က သင်္ကြန်တွင် လူတိုင်းနှုတ်ဖျား ရေပန်းစားခဲ့သော ‘မန်းတောင်ရိပ်ခို’ တို့၊ သည်ဘက်ခေတ်တွင် ကျော်ကြားခဲ့သော ‘သင်္ကြန်မိုး’ တေးစီးရီးတို့ကို မကျော်လွှားနိုင်ကြပေ။ “တီထွင်ဆန်းသစ်လိုသော စိတ်ဓာတ်ကို ချီးကျူးမိသော်လည်း မြန်မာဆန်ဆန် လှပြီး ကောင်းပြီးသား သီချင်းတပုဒ်ကို ထိုသို့ လုပ်ပစ်သည်မှာ ရက်စက်လွန်းသော ဆန်းသစ်မှုဟုပင် ဆိုရပေတော့မည်။” ထိုအထဲမှာပင် နာမည်ကြီး ‘သင်္ကြန်မိုး’ သီချင်းကို RAP စာသားများနှင့် ရောမွှေကာ သီဆိုထားသော ဆန်းသစ်မှုတခုကိုလည်း နားဆင်ရသေးသည်။ တီထွင်ဆန်းသစ်လိုသော စိတ်ဓာတ်ကို ချီးကျူးမိသော်လည်း မြန်မာဆန်ဆန် လှပြီး ကောင်းပြီးသား သီချင်းတပုဒ်ကို ထိုသို့ လုပ်ပစ်သည်မှာ ရက်စက်လွန်းသော ဆန်းသစ်မှုဟုပင် ဆိုရပေတော့မည်။ ကွယ်လွန်ခဲ့ပြီဖြစ်သော မူရင်းသီချင်းရေးဆရာ အဉ္ဇလီမောင်မောင်နှင့် သီဆိုခဲ့သူ ဇော်ဝမ်း တို့ရင်ထဲ မည်သို့ခံစားရမည်လဲတော့မသိ။ ကျနော်တို့သည်ပင် မူရင်းဖန်တီးခဲ့သူတို့ကိုယ်စား ကြေကွဲရသည်။ ထိုသီချင်းရေးဆရာ ကွယ်လွန်ပြီးမှ ဆန်းသစ်ခြင်းဖြစ်သည်ဆိုလျှင်တော့ ပို၍ကြေကွဲစရာပင် …။ မည်သို့ပင်ဖြစ်စေ သင်္ကြန်သီချင်းအသစ်များ ရေးစပ်သီဆိုမှုကိုတော့ ကြိုဆိုရမည်ပင်။ သို့သော် သင်္ကြန်ဆိုသည်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သဖြင့် မြန်မာဆန်ဆန် ထပ်မံရေးစပ် သီဆိုနိုင်ကြလျှင်ဖြင့် ပရိသတ်များ ပို၍ နားစွဲမည်ဟု ထင်မိပေသည်။ ထို့အတူ ရုပ်ရှင်နယ်ပင်တွင်လည်း ‘သင်္ကြန်မိုး’ ရုပ်ရှင်ဇာတ်ကားနောက်တွင် သင်္ကြန်ဗွီဒီယို၊ သင်္ကြန်ရုပ်ရှင်ကားများ ကြိုကြားကြိုကြား ထွက်ပေါ်လာသော်လည်း ‘သင်္ကြန်မိုး’ ရုပ်ရှင်ဇာတ်ကားလောက် ပရိသတ်မကြိုက်၊ မအောင်မြင်ကြ။ ‘သင်္ကြန်မိုး’ ရုပ်ရှင်ဇာတ်ကားသည်ပင် ခေတ်သစ်ဂန္ထ၀င် ဖြစ်လို့နေပေပြီ။ ခြုံငုံသုံးသပ်ရလျှင် ယခုနောက်ပိုင်း ထွက်ပေါ်နေသော သင်္ကြန်သီချင်း၊ သင်္ကြန်ရုပ်ရှင်၊ သင်္ကြန်ဗွီဒီယိုကားများကို ပရိသတ်များ မနှစ်ခြိုက်၊ မစွဲလမ်းကြခြင်းသည် မြန်မာဆန်မှုနည်းပါးခြင်း၊ အနုပညာအရ အားထုတ်မှုနည်းလွန်းပြီး ဆူလွယ်နပ်လွယ်နှင့် ဈေးကွက်ထဲသို့ ခါတော်မီ တင်သွင်းနိုင်ရေးကိုသာ အာရုံပြု ဦးစားပေးနေသောကြောင့် ဖြစ်သည်ဟုဆိုသော် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြသူများ စိတ်မဆိုး စိတ်မကွက်ကြစေခလို။ (မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၉၉ ခုနှစ်) ဒေါက်တာလွဏ်းဆွေ ဘလော့မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free