ရာသီဥတု ပူပြင်းလာမှုကြောင့် သောက်သုံးရေကန်များ ခမ်းခြောက်လာကာ မြန်မာနိုင်ငံဒေသအများစု၌ ရေပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း အထူးသဖြင့် ကန်ရေကို အဓိကအားထားသုံးစွဲနေရသည့် ကျေးလက်ဒေသများတွင် ရေချိုရှား ပါးမှုနှင့်ကြုံတွေ့နေရကြောင်း သိရှိရ သည်။

ရေပြတ်လပ်မှုများ ကြုံတွေ့နေရသည့် ဒေသများမှာ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ဖြစ်ကြပြီး အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ ရေပြတ်လပ်မှုများ ကြုံ တွေ့နေရကြောင်းလည်း သိရှိရသည်။



ရေရှားပါးမှုများနှင့်ပတ်သက်ပြီး ကျောက်ပန်းတောင်းမြို့မှ ကိုဇော်မျိုးက ''ကျောက်ပန်းတောင်းမြို့နားက ကျေးရွာတွေမှာဆိုရင် တချို့ကျေးရွာတွေက အ၀ီစိတွင်းရှိရင် သုံးရေအတွက်အဆင်ပြေနေပေမယ့် သောက်ရေအတွက်ကိုတော့ ၀ယ်သုံးနေရ တယ်။ ကျောက်ပန်းတောင်းမြို့ပေါ်မှာ ထော်လာဂျီတစ်စီးကို ၃၅၀၀ ကျပ်ကနေ ၄၅၀၀၊ ၅၀၀၀ ကျပ်ကြားဈေးနဲ့ ၀ယ်သုံးနေရတယ်။ ဒီအတိုင်းသာ နောက်ထပ်တစ်လလောက် မိုးမရွာသေးရင် ရေပြဿနာ ဒီထက် ကြုံတွေ့ရနိုင်ပါတယ်''ဟုလည်း ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် သရက်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာနှင့် နံနံပင်ကုန်းကျေးရွာတို့တွင် သောက်သုံးရေရရှိမှုအတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရှိရသည်။

''ကျွန်မတို့ ရေတစ်ပုံးရဖို့ ရေတွင်းကနေ နာရီဝက်လောက် စောင့်ခပ်ရတယ်။ နေ့ရောညရော ရေရဖို့အတွက် စောင့်ခပ်ရတယ်။ သောက်ရေရော၊ တိရစ္ဆာန်တိုက်ဖို့ရောဆိုတော့ ဘယ်လိုမှ မလုံလောက်ဘူး။ ရေရဖို့အတွက် ဘုရားကြီးရွာမြစ်ဆိပ်မှာ သွားခပ်ရတယ်။ လှည်းရှိတဲ့သူက လှည်းနဲ့ခပ်တယ်။ လှည်းမရှိတဲ့သူက ခြေကျင် လျှောက်တယ်။ ခြေကျင်လျောက်ရင် အသွားအပြန် တစ်နာရီလောက်တော့ ကြတယ်''ဟု သရက်ကုန်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးမှ ပြောပြသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး အတွင်း ရေပြတ်လပ်မှုများနှင့် ကြုံတွေ့ရနေရမှုများကို ဒေသခံတစ်ဦးကလည်း ''ကျွန်တော်တို့ဆီမှာက ကန်ရေကိုပဲအားထားသုံးရတာ။ အခုဆိုရင် ကန်ရေကလည်း ခမ်းခြောက်လာပြီ။ သုံးရေအတွက်က အ၀ီစိတွင်း ရေကရနေသေးတယ်။ ကျွန်တော်တို့ ကတော့ အ၀ီစိရေကိုပဲ သောက်တယ်။ သုံးတယ်။ ဒါတောင် အ၀ီစိတွင်းတွေက လုံလုံလောက်လောက်မရှိဘူး'' ဟုလည်း ပြောပြခဲ့သည်။

ညောင်ဦးမြို့နယ်မှ ဒေသခံတစ် ဦးကလည်း ''ကျွန်တော်တို့ရွာတွေက ကျောက်ပန်းတောင်းနဲ့ ညောင်ဦးကြားမှာ ရှိတယ်။ ကန်ရေကိုအားထား နေရတာ၊ အခုကန်ရေတွေခမ်းခြောက် လာလို့ ရေ၀ယ်သုံးနေရပြီ။ တချို့ရွာ တွေမှာတော့ NGO တွေက အ၀ီစိ တွင်း လာတူးပေးထားတာရှိတော့ တော်သေးတယ်။ ကျောက်ပန်းတောင်းနဲ့ မိတ္ထီလာကြားမှာ ကြက်မောက်တောင် ဆည်ရှိတယ်။ အဲဒီဒေသတွေမှာက ဆည်ရေလွှတ်ပေးနေတော့ တော်သေးတယ်။ ဒါပေမယ့် မိတ္ထီလာနဲ့ ၀မ်းတွင်းဘက်မှာတော့ ရေပြဿနာ တော်တော်ရှိနေတယ်။ နောက်ပြီး တောင်သာ၊ နွားထိုးကြီးတို့ဘက်မှာလည်း ရေအခက်အခဲ ရှိနေကြတယ်။ အထူးသဖြင့် မြစ်၊ ချောင်း၊ ဆည်တို့နဲ့နီးတဲ့ဒေသတွေက တော်သေးတယ်။ အဲဒါတွေနဲ့ မနီးတဲ့ဒေသတွေက ရေပြဿနာပိုရှိပါတယ်''ဟုလည်း ပြောကြားခဲ့သည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းနှင့် တာပွန်မြို့ကြားရှိ ကျေးရွာများ၌လည်း သောက်ရေအတွက် ရေချိုပြဿနာများနှင့် ရင်ဆိုင်နေရကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။ နတ္တလင်းမြို့နယ်၊ ကျီးပင်ဝိုင်း ကျေးရွာမှဒေသခံတစ်ဦးက ''ကျွန်တော်တို့ရွာဘေးမှာ ချောင်းရှိပေမယ့် အဲဒီချောင်းရေကလည်း ဆည်ရေတွေဆိုတော့ နောက်ကျိနေတာပဲ။ ဒီရေကိုမှ မသုံးရင်လည်း သုံးစရာ မရှိတော့ သုံးနေရတာဘဲ။ သောက်ရေကိုတော့ ရွာထဲမှာ အ၀ီစိတွင်းတစ် တွင်း ရှိတယ်။ အဲဒီတွင်းရေကိုဘဲ တစ်ရွာလုံးက ၀ိုင်းသုံးနေရတော့ တစ်နေ့ ရေတစ်ထမ်းရဖို့ စောင့်ခပ်နေရတယ်။ အရင်တုန်းကတော့ ခုလို နွေရာသီဆိုရင် ချောင်းထဲမှာ သဲတွေကို လက်ယက်တွင်းလေးတွေတူးပြီး သောက်ရေရော၊ သုံးရေပါခပ်သုံးကြရတယ်။ ဆည်ရေတွေလွှတ်လာတဲ့ နောက်ပိုင်းမှာတော့ ချောင်းထဲမှာ ဆည်ရေတွေနဲ့ဆိုတော့ ရေက သောက်မရတော့ဘူး။ အ၀တ်လျှော်တယ်။ မလွှဲသာတော့ ဒီရေကိုဘဲချိုးရတယ်။ အဆိုးဆုံးက သောက်ရေမရှိတာဘဲ'' ဟုလည်း သောက်ရေပြတ်လပ်မှုများနှင့် ကြုံတွေ့ရနေရကြောင်းကို ပြော ကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ အဆိုပါ ရေအခက်အခဲရှိနေသည့် ကျေးရွာများသည် သာပေါင်းမြို့နယ်၊ ဘုရားကြီးကျေးရွာမှဆက်၍သွားရသည့် တောင်ခြေရွာများဖြစ်သည်။ ရေပြတ်လပ်လျက်ရှိသည့် သရက်ကုန်းကျေးရွာ အုပ်စုအတွင်းမှရွာ သုံးရွာမှာ သရက် ကုန်းကျေးရွာ၊ ရွှေရင်မျှော်ကျေးရွာနှင့် လေဗွေကုန်းကျေးရွာတို့ဖြစ် သည်။ ယင်းကျေးရွာများတွင် ရေတွင်းများနှင့် အ၀ီစိတွင်းများရှိသော်လည်း မြေအောက်တွင် ကျောက်ဖျာ ခံနေသည်ဟု ဆိုသည်။ နေအပူရှိန် မြင့်မားလှ၍ မြေအောက်ရေရရှိမှု နည်းပါးခြင်းကြောင့် ယခုကဲ့သို့ ရေ ပြတ်လပ်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။ ယခုကဲ့သို့ ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ကျေးရွာသုံးရွာတွင် အိမ်ခြေ ၆၀၀ ၀န်းကျင်ခန့်ရှိ ပြီး လူဦးရေ တစ်ထောင့်လေးရာကျပ် ခန့်ရှိသည်ဟု သိရသည်။
အလားတူ ရေပြတ်လပ်မှုရှိသော ကျေးရွာမှာ သာပေါင်းပျော့ဖတ်စက် ရုံအနီးရှိ နံနံပင်ကုန်းကျေးရွာလည်း ပါဝင်သည်။ ၎င်းကျေးရွာတွင် အိမ်ခြေ ၁၈၀ ကျော်ရှိပြီး လူဦးရေတစ် ထောင်ဝန်းကျင်ခန့်ရှိသည်။ ၎င်းကျေးရွာသည် မြစ်နီးကမ်းနီးကျေးရွာ တစ်ခုဖြစ်သော်လည်း စက်ရုံ၏ စွန့် ပစ်ရေများကြောင့် သောက်သုံးရေရရှိမှု ခက်ခဲသောရွာဖြစ်သည်ဟု သိရသည်။ ရေတွင်းများနှင့် အ၀ီစိတွင်းများသည်လည်း နွေရာသီရောက်တိုင်း ရေခမ်းခြောက်မှုနှင့် ရင်ဆိုင်ရ လျက်ရှိသည်ဟုဆိုသည်။ ရေတွင်း များအတွင်း အနည်းငယ်သာရှိသည့် ရေများအား သောက်သုံးရေရရှိနိုင်ရန်အတွက် ရွာသူရွာသားများ စောင့်ဆိုင်း၍နေ့ရောညပါခပ်၍ အသုံးပြုရလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်းရှိ ပင်လယ်နှင့်နီးသော ကျေးရွာအချို့၌ သောက်သုံးရေကန်များ ခမ်းခြောက်ကာ ရေချိုပြဿနာနှင့်ရင်ဆိုင်နေရ ပြီး ရေလာရောက်လှူဒါန်းမှုများ ကိုပင် စောင့်ဆိုင်းနေရသည်အထိ ရှိ နေကြောင်း ကျေးရွာနေပြည်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရသောအဓိက ကျေးရွာ များမှာ အောင်ပန်းစိန်၊ အောင်သာ ဒါန်း၊ မှိုကုန်းသာ၊ တဲတန်းကြီး၊ တဲ တန်းလေး၊ သမစိတ္တ၊ မဟာမိတ်၊ ၀ါးတန်း၊ ထွန်းစိန်ဝါးတန်း၊ ရန်ကြီးအောင်၊ ဘိတ်သိတ်၊ ညွှန်ပေါင်း၊ ကျွဲတဲကုန်း၊ သနပ်ကုန်း၊ ဓနိကုန်းစသည့် ကျေးရွာများသို့ သုံးခွမြို့နယ် NLD ပါတီမှ သောက်သုံးရေများကို အလှည့်ကျ ပေးဝေလျက်ရှိကြောင်း၊ ရေချိုရရှိရေးအတွက်ကိုလည်း အ၀ိစီတွင်းများ တူးပေးနေကြောင်းလည်း သိရသည်။

'' ရွာမှာတော့ ကန်တွေက ခန်းခြောက်ကုန်ပြီဆိုတော့ ရေရှိတဲ့ရွာကို လှည်းနဲ့သွားတိုက်ရတယ်။ အခု NLD က ပေးနေတဲ့ ရေကိုအဓိက သုံးနေရပါတယ်''ဟု မဟာမိတ်ကျေးရွာနေသူတစ်ဦးက ရေအခက်အခဲ ကြုံတွေ့နေရပုံနှင့်ပတ်သက်၍  ပြောကြားခဲ့သည်။

Eleven Media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free