အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများအနက် တဦးချင်း သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းတခုခုက အကျိုးအမြတ်တွက် မဟုတ်သည့် ကူညီမှုမျိုးကို ခွင့်ပြုလိုက်ပြီဟု ဧပြီလ ၁၈ ရက်နေ့တွင် ကြေညာလိုက်သည်။

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေး ၀န်ကြီးဋ္ဌာနလက်အောက်ရှိ OFAC, Office of Foreign Assets Control ဟုခေါ်ဆိုသည့် ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးမှ ဧပြီလ ၁၇ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ငွေကြေးဆိုင်ရာ ထိန်းချုပ်မှုအနက် အကျိုးအမြတ်အလို့ငှာ မဟုတ်ပဲ မြန်မာနိုင်ငံ ကျန်းမာရေး ၊ ပညာရေးနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှုပေါ်ထွန်းရေး ဆိုင်ရာ အကူအညီများ လုပ်ဆောင်နိုင်ရန် ခွင့်ပြုလိုက်သည်ဟု ဖေါ်ပြထားကြောင်း ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ ကြေညာချက် အရ သိရှိရသည်။

ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းသည် မကြာမီက ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေးတွက် ရှေ့သို့ခြေလှမ်းတလှမ်းဖြစ်သည်ဟု အမေရိကန် အစိုးရမှ ယုံကြည်သောကြောင့် ဖြစ်သည်ဟုလည်း ကြေညာချက်တွင်ဖေါ်ပြထားသည်။

အမေရိကန် ပြည်ထောင်စုမှ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများကို ၂၀၀၃ ခုနှစ် ဒီပဲရင်း အရေးအခင်းအပြီး ချမှတ်ထားခဲ့ခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက ၁၉၉၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အသစ်များ မပြုလုပ်ရန်ဆိုသည့် ပထမဆုံး စီးပွားရေး ပိတ်ဆို့မှုကို ချမှတ်ခဲ့သည်။

နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့မှုများကို ၎င်းတို့အနေဖြင့် မမှုကြောင်း ယခင်စစ်တပ်အစိုးရလက်ထက်က ပြောဆိုလေ့ရှိကာ၊ တခါတရံတွင်မူ စီးပွားရေး ပိတ်ဆို့မှုသည် လူထုကိုသာ ပိုမိုထိခိုက်စေသည်ဟုလည်း ပြောဆိုခဲ့သည်။

အနောက်ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့က လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဆယ်စုနှစ် တခုကျော်ကြာ ပိတ်ဆို့မှုများ အနက်အချို့ကို မကြာသေးမီ သီတင်းပတ်များအတွင်း ရုပ်သိမ်းခဲ့သလို ကျန်ပိတ်ဆို့မှုများကိုလည်း မကြာမီကာလအတွင်း ဖြေလျှော့ပေးခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းများ ပြုလုပ်မည့် အရိပ်အရောင် တွေ့မြင်နေရသည်။           ။

YPI မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free