ဆိုရှယ်ဝက်ဘ်ဆိုက်တွေ ရှိလာတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ခင်မင်သိကျွမ်းရတာ လွယ်ကူလာပေမဲ့ ဆိုရှယ်ဝက်ဘ်ဆိုက်တွေကို တလွဲအသုံးချတဲ့သူတွေကြောင့် လူမှုရေးပြဿနာတွေ၊ အိမ်ထောင်ရေးပြဿနာ ရှုပ်ထွေးမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ သည်အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် စိတ်ပညာပါမောက္ခ ဒေါက်တာ အောင်မြတ်ကျော်စိန်က “ခေတ်နဲ့အညီ နည်းပညာပိုင်းတွေ တိုးတက်လာတာက ကောင်းဖို့အတွက် ရည်ရွယ်ပြီး လုပ်ထားတာ၊ ပညာရပ်တွေ၊ စီးပွားရေးအကြောင်း၊ ဗဟုသုတရတာတွေကို ဘာပဲလုပ်လုပ် သိစေဖို့ကို နည်းပညာတွေက အားပေးတယ်၊ နည်းပညာမှာလဲ ဖျော်ဖြေမှုသဘောပါတယ်၊ အင်တာနက်ကို စိတ်အပန်းဖြေဖို့ သဘောမျိုး သုံးတာတွေရှိတယ်။ ဆိုရှယ်အသိုင်းအဝိုင်း ကျယ်ပြန့်ဖို့ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုရင် အရေးမကြီးဘူး၊ အလုပ်အကိုင်အတွက်၊ ပညာအတွက် မဟုတ်ဘဲ မကောင်းတဲ့ဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သုံးတာတွေရှိလာတော့ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်လာတယ်” လို့ ပြောပါတယ်။ တချို့က ဆိုရှယ်ဆိုက်တွေကို သုံးပြီး ကိုယ့်မှာအိမ်ထောင်ရှိပေမဲ့လည်း မရှိဘူးလို့ လိမ်လည်ပြီး တခြားသူနဲ့ထပ်ပြီး ချစ်ကြိုက်တဲ့ အဖြစ်အပျက်တွေကြောင့် အိမ်ထောင်ရေးပြဿနာ၊ လူမှုရေးပြဿနာတွေ ဖြစ်ကြတာရှိတယ်။ ဆိုရှယ်ဆိုက်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးရတာ၊ ချစ်ကြိုက်ရတာလွယ်တော့ ခုနောက်ပိုင်း အင်တာနက်ထဲကနေ လူပျိုလူလွတ်ချင်း ချစ်ကြိုက်တာတွေက အရင်ထက်စာရင် များလာတယ်။ အိမ်ထောင်ရှိတဲ့ ယောက်ျား၊ မိန်းမနဲ့ တခြားငယ်ရွယ်သူတွေ ချစ်ကြိုက်မိတာတွေလည်း ရှိလာတယ်လို့ လူငယ်တချို့ကို မေးမြန်းချက်အရ သိရပါတယ်။ ဆိုရှယ်ဆိုက်တွေမှာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဝင်လာတဲ့သူတွေ ရှိတဲ့အတွက် ရင်းနှီးသူဆိုလည်း ကိုယ့်ဘက်က စည်းတစ်ခု သတ်မှတ်ပြီး အတိုင်းအတာတစ်ခုထိ မကျော်လွန်မိဖို့ လိုတယ်။ လိမ်လည်တဲ့သူတွေကတော့ နေရာအနှံ့မှာရှိနေပြီး လိမ်လို့ရတဲ့သူတွေကိုတော့ စိတ်ဝင်စားအောင် ကိုယ့်ဘက်ပါအောင်ပြောပြီး လိမ်လည်နေမှာပဲ။ ကာယကံရှင်တွေဘက်ကသာ သတိထားပြီး နေသင့်တယ်။ သည်လို ဆိုရှယ်ဆိုက်တွေကို တစ်လွဲ အသုံးပြုလာတာကလည်း သူတို့မှာ အချိန်တွေ ပိုနေလို့ ၊ အလုပ်လက်မဲ့တွေ ရှိနေတဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပိုင်းကျရင် နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာမယ်ဆိုရင် အလုပ်လက်မဲ့ ဖြစ်တဲ့သူလည်း နည်းသွားပြီး သည်အဖြစ်အပျက်မျိုးတွေ ဖြစ်ချင်မှ ဖြစ်လာနိုင်မယ်လို့ ဒေါက်တာ အောင်မြတ်ကျော်စိန်က ပြောကြား
 ခဲ့သည်။ ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free