သိခဲ့ဖူးတဲ့ “ရိုဟင်ဂျာ”

ကျနော် ရေတပ်တပ်ထိန်းမှာ အမှုထမ်းနေတုန်း တညမှာ ဓညဝတီရေတပ်စခန်းဌာနချုပ်က တပ်ကြပ်တဦးကို လူမှောင်ခိုကူးမှုနဲ့ ဖမ်းမိလာပြီး ကျနော်တို့တပ်က အချုပ်ခန်းထဲကို ရောက်လာတယ်။
သူရောက်ပြီး နောက်တညမှာ ကျနော်ရုံးစောင့်တာဝန်ကျနေချိန်... အရပ်ဝတ်ကုလား သုံးလေးဦးလောက် ခေါ်ဆောင်လာတာကို တွေ့ရပြန်တယ်။ အဲဒီထဲက တယောက်ကိုတော့ လက်ထိပ်ခတ်ထားတာ တွေ့ရတယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်က ဗိုလ်ကြီးတဦးက ဦးဆောင်ပြီး ခေါ်လာတာ..။ အဲဒီလူတွေဟာ ရွှေပြည်သာ မြို့သစ်မှာ နေထိုင်ကြတာလို့ သိရတယ်။
ဓရခ က ဗိုလ်ကြီးရယ် ကျနော်တို့တပ်က ဒုတပ်မှူး ဗိုလ်ကြီးရယ် ဒုတပ်မှူး အခန်းထဲမှာ တီးတိုးတီးတိုး တိုင်ပင်ကြတာကိုလည်း မြင်ရတယ်။ ကျနော်က ကိုယ်နဲ့တိုက်ရိုက် မပတ်သက်တော့ သူတို့ဘာလုပ်နေကြလဲ သိပ်စိတ်မဝင်စားမိပါဘူး။
ရွှေပြည်သာက ခေါ်ဆောင်လာသူတွေကို ကျနော်တို့ ရုံးခန်းထဲမှာပဲ မေးခွန်းတချို့မေးတာတွေ့ရတယ်။ ဘယ်တုန်းက ရန်ကုန်ကိုရောက်လဲ.. ခုဘာတွေလုပ်စားနေလဲ.. ဘယ်သူနဲ့လိုက်လာတာလဲ.. အခြား ဘယ်သူ တွေရောက်နေသေးလဲ... သူတို့နေတဲ့နေရာကိုရော သိလား.. ရေတပ်က ဘယ်သူ့ကို သိလား.. စသဖြင့်.. စသဖြင့်...။
အဲဒီလိုမေးမြန်းနေချိန်မှာ  ဓရခ က လာတဲ့ ဗိုလ်ကြီးက ဖြေကြားချက်တွေကို စာရွက်လိုက်မှတ်နေတယ်။ တအောင့်လောက်ကြာတော့ အချုပ်ခန်းထဲက တပ်ကြပ်ကို ခေါ်ထုတ်လာပြီး.. စောစောက လူတွေနဲ့ထိပ်တိုက် တွေ့ပေးလိုက်တဲ့အခါ သူတို့အထဲက တချို့ မျက်စိမျက်နှာပျက်သွားကြတယ်။ ကြည့်ရတာ သူတို့ချင်း ရင်းရင်းနှီးနှီး ဆက်ဆံဖူးထားတဲ့ ပုံ။
နောက်ပိုင်းမှာ စောစောက လက်ထိပ်ခတ်ခံထားရသူ အရပ်သားကို ရုံးခန်းနဲ့ ဘေးချင်းကပ်အခန်းအခန်းထဲ ခေါ်သွားပြီး စစ်ဆေးမေးမြန်းသံကြားရတယ်။ ထိုးကြိတ်ကန်ကျောက်သံတချို့နဲ့ တောင်းပန်ညည်းတွားသံ တချို့လည်း ကြားရတယ်။ ကျနော်ကတော့ စိတ်မကောင်းစွာနဲ့ပဲ အခန်းထဲမှာ ထိုင်နေလိုက်.. အခန်းပြင် ထွက်ပြီး လမ်းလျှောက်လိုက် လုပ်နေတယ်။ ကိုယ်နဲ့မဆိုင်လို့ ဘာမှတော့ မစပ်စုခဲ့ပါဘူး။
ခဏနေတော့ ကျနော်တို့ ဒုတပ်မှူး ထွက်လာပြီး သူ့လက်ထဲမှာလည်း ကြေးနန်းစာမူကြမ်း တရွက် ကိုင်လာ တာကို တွေ့ရတယ်။ သူက ကျနော့်ကို “ဒီကြေးနန်းစာ ရိုက်ပေးပါ” တဲ့။ ကျနော်က ကိုယ့်တာဝန်မဟုတ်လို့ ရိုက်မပေးနိုင်ဘူး ငြင်းလိုက် တယ်။ သူက ဆက်ပြီး “မင်း ရုံးတာဝန်ကျပဲ.. ဒါရုံးအလုပ်.. မင်းလုပ်ပေးရမှာပေါ့” ဆိုပြီး ထပ်ဆင့်ခိုင်းလာပေမယ့်.. ကျနော်က “ရုံးအလုပ်တော့ ဟုတ်တယ်.. ကျနော်တို့ တပ်ကိစ္စ မဟုတ်ဘူး.. ဒါကြောင့် ကျနော် လုပ်မပေးနိုင်ဘူး” လို့ ဘုဆတ်ဆတ် ပြောလိုက်တော့.. သူဘာမှ ဆက်မပြောတော့ပါဘူး။ အေး မင်းနဲ့ငါ ဂွင်ကြုံရင် တွေ့ကြမှာပေါ့ ဆိုတဲ့ အကြည့်နဲ့ကြည့်ပြီး ထွက်သွားတယ်။ ကျနော်လည်း ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သူ့ကိုဘယ်လိုမှ ဖြေရှင်းချက် မပေးတော့ဘူး။
သူခိုင်းတာကို လုပ်မပေးဖြစ်အောင် ငြင်းဆိုလိုက်တဲ့ အကြောင်းကလည်း ကျနော့်မှာရှိနေတယ်။ သူတို့ ဖမ်းလာတဲ့ လူတွေဟာ စစ်တွေကနေ ရန်ကုန်ထိအောင် ခိုးချောင်ခိုးဝှက်နဲ့ စွန့်စွန့်စားစား လာခဲ့ကြရတာ..။ ရန်ကုန်ရောက်ပြီး ဘာလုပ်လဲဆိုတော့ ကွမ်းယာရောင်းစားတယ်တဲ့။ စစ်တွေမှာ သူတို့ ကွမ်းယာ ရောင်းစား ရတဲ့ အခြေအနေကို ကျနော်ကြားဖူးထားပြီးသား။
သူတို့ ပြောတာကတော့ စစ်တွေမှာက ဈေးကွက်သိပ်မရှိတော့ ကွမ်းရောင်းရတာ အမြတ်သိပ်မကျန်ဘူး။ ဒီမှာရောင်းရတာက သူတို့တွက်ချေကိုက်တာမို့ စစ်တွေမှာကျန်ခဲ့တဲ့ မိသားစုကို ငွေပြန်ထောက်ပံ့နိုင်တယ် ပေါ့ဗျာ..။ ကျနော်က အဲဒီစကားတွေအပေါ်မှာ စာနာသနားသွားမိတာ..။
ပြီးတော့ သူတို့ ရောက်လာပုံကလည်း စောစောဖမ်းထားတဲ့ တပ်ကြပ်ကို လူတယောက် ငွေ ငါးသောင်းကျပ် ပေးပြီး  လာရတာ။ တပ်ကြပ်က စစ်သည်ယာယီစီစစ်ရေးလက်မှတ် (ရေး-၁၀၀) အတုလုပ်ပြီး ခေါ်လာတာ။ အဲဒီ ဆရာက တပ်ကိစ္စနဲ့ ရန်ကုန်-စစ်တွေ အခေါက်ခေါက် အခါခါ သွားလာနေရသူ။ အရပ်သားကုလားတွေကို ဆံပင်တိုတို ညှပ်၊ ရေတပ်ယူနီဖောင်း အင်္ကျီ ဝတ်ခိုင်းပြီး ပတ်စ်ပို့ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံကို ရေး-၁၀၀ မှာ ကပ်၊ ကိုယ်ရေးအချက်အလက်တွေ လိမ်ဖြည့်ပြီး ခေါ်လာတာ။ ဒီလိုလုပ်လာတာ ဘယ်နှစ်ယောက်မြောက် နေပြီလဲ တော့ သေချာမသိဘူးဗျ။ နောက်ဆုံးတခေါက်မှာ တောင်ကုတ်မြို့တပ်ထိန်းက ဖမ်းလိုက်တာ။
ဒီတော့ ကျနော့်စိတ်ထဲမှာ အပြစ်ရှိတဲ့ စစ်သည်ကိုပဲ အရေးယူလိုက်ရင်ပြီးရောပေါ့။ ဘာဖြစ်လို့ ဒီလူတွေကို ခေါ်ပြီး စစ်လားဆေးလား မေးလားမြန်းလားနဲ့ ဒုက္ခပေးနေရတာလဲ..။ သူတို့ ကွမ်းယာရောင်းပြီး ကောင်းရောင်း ကောင်းဝယ် လုပ်စားနေကြတာပဲ။ သူတို့မှာ မှတ်ပုံတင်မရှိဘူးဆိုလည်း ဌာနေကို ပြန်ပို့လိုက်ရင် ပြီးရော.. ဆိုတဲ့ အတွေးက ကျနော့်ရင်ထဲမှာ လွှမ်းနေတယ်။ ဘာမဆိုင်ညာမဆိုင် ဝင်ပြီးဆွမ်းကြီးလောင်းတဲ့ ကျနော်တို့ ဒုတပ်မှူးကိုလည်း တော်တော်ကို အမြင်ကပ်နေတာ။
ကျနော် အိပ်ယာဝင်ပေမဲ့လည်း ဘယ်အိပ်ပျော်နိုင်ပါ့မလဲ.. အသံတွေက ဆူလာလိုက်.. ငြိမ်သွားလိုက်.. လူတွေ အခန်းထဲရောက်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ သူတို့ရှိနေလို့ မီးချောင်းတွေလည်း ထွန်းထားရတာ ဆိုတော့ အိပ်ငိုက်ပေမယ့် အိပ်မပျော်နိုင်ဘူး ဖြစ်နေရတာ..။
ညဉ့်နာရီပြန် ၂ ချက်တီးလောက် အချိန်မှာ ရွှေပြည်သာက ခေါ်လာတဲ့ လူတွေကို ပြန်လွှတ်လိုက်တာ တွေ့ရ တယ်။ ကျနော်လည်း ဇာတ်ကြမ်းခန်းတွေပြီးပြီမို့ အေးဆေး အနားယူအိပ်စက်တော့မယ်လို့.. အိပ်စင်ပေါ် ရောက်ခါစမှာပဲ ဒုတပ်မှူး အခန်းထဲကို ဝင်လာတယ်။
“စောစောက လူတွေ ဘယ်သူဆိုတာ မင်း သိလား” တဲ့။
“ကျနော် ဘယ်လိုသိမှာလဲ သူတို့က စစ်တွေက လာကြတာပဲ.. ဒါပေမဲ့ဗျာ.. ကောင်းကောင်းမွန်မွန် လုပ်စား နေကြတာပဲ မို့လား”
“အေး... မင်းသိတာက အဲလောက်ပဲ ရှိတာ.. သူတို့က သာမန် မွတ်စလင် ဘာသာဝင်တွေ မဟုတ်ဘူး.. ရိုဟင်ဂျာတွေကွ.. ဘာနိုင်ငံသားလက်မှတ်မှ ရှိတာ မဟုတ်ဘူး..သူတို့ကို  ရခိုင်ပြည်နယ်အတွင်းမှာတောင် အကန့်အသတ်နဲ့ နေခွင့်ပြုထားတာ.. သူတို့ အကြောင်း ပြောပြရရင် ဒီတညမဟုတ်ဘူး နောက်ညပေါင်းများစွာ မင်းနဲ့ငါ အိပ်ရမှာ မဟုတ်ဘူး။ ငါလည်း သူတပါးနာကျင် အောင် မလုပ်ချင်ပါဘူး ကွာ.. ကဲ အိပ်တော့” ဆိုပြီး အခန်းထဲက ထွက်သွားပါတယ်။
အဲဒါက ကျနော် ပထမဆုံးကြားခဲ့ဖူးတဲ့ “ရိုဟင်ဂျာ” အသုံးအနှုန်းပါပဲ ခင်ဗျာ..။

လူဗို့ ဘလော့မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free