ပဲခူးတိုင်း အရှေ့ တောင်ငူမြို့ မဲဆန္ဒနယ်မှ ရက်ကွက် ၂ တွင် မဲဆန္ဒရှင် အိမ်ထောင်စုများ ရာနှင့်ချီ မဲပေးခွင့် မရတာကြောင့် ပြည်သူများ မကျေမနပ်ဖြစ်နေကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က အခုလို ပြည်သူတွေ မကျေမနပ်ဖြစ်ပြီး မဲရုံရှေ့မှာ စုဝေးနေတဲ့အတွက် လုံခြုံရေး အရ လိုအပ်ရင် မဲရုံကို ပိတ်ပစ်မည် ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိပါသည်။
 
 ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၃၀ နာရီ

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ် ရေကျော်ကျေးရွာအုပ်စု နောင်လုံကျေးရွာ မဲရုံမှာ ဒီကနေ့ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် မဲရုံသို့ မဲလာရောက်ပေးမည့်သူ ကုန်သွားပြီဖြစ်တဲ့အတွက် နှစ်ဖက် ပါတီကိုယ်စားလှယ်ရှေ့မှာ မဲစာရင်းကို ရေတွက်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၁၇ မဲ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၇ မဲ၊ ပယ်မဲ ၂ မဲ၊ မဲလာရောက်မပေးသူ ၇ ဦး ရှိသောကြောင့် နောင်လုံကျေးရွာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိသွားကြောင်း ကိုယ်စားလှယ်များက ပုံစံ(၁၆) တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ မဲရေတွက်ရာတွင် ကြိုတင်မဲ ၇ မဲကိုပါ ထည့်သွင်းရေတွက်ခဲ့တာဖြစ်ပြီး မဲ ၇ မဲလုံးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ ပေးထားတာဖြစ်ကြောင်း သိရှိရပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၄၅ နာရီ

ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ရှိ လက်ဆည်ကျေးရွာ မဲရုံရှေ့မှာရှိတဲ့ သစ်ပင်တပင်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း၏ မဲဆွယ်စည်းရုံးမှု ဗီနိုင်းပိုစတာကို မဲစတင်ပေးခွင့် ရှိသည့် အချိန်မှ စ၍ နေ့လည် ၁၂း၀၀ နာရီ အချိန်ခန့် အထိ ကပ်ထားသည်ကို တွေ့ရပါသည်။ အဆိုပါကိစ္စအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရုံကိုယ်စားလှယ်လောင်းမှ မဲရုံသို့ သွားရောက်ကန့်ကွက်သော်လည်း အကြောင်းပြန်ကြားမှု မရှိဘူးဟု သိရပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁း၀၀ နာရီ

နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု ရွာသစ်ကျေးရွာ မဲရုံ အမှတ် (၃) မှာ ကြံ့ခိုင်ရေးပါတီမှ ပါတီဝင် ၄ ယောက်က မဲရုံပရဝုဏ်အတွင်း ကြံ့ခိုင်ရေးပါတီ အင်္ကျီတွေ ဝတ်ဆင်ပြီး မဲဆွယ်စည်းရုံးမှု ပြုလုပ်နေသည်ဟု မဲဆန္ဒသွားရောက်ပေးခဲ့သူ ကျေးရွာသားတဦးမှ ဘားမားဗီဂျေ မီဒီယာနက်ဝက်ကို ပြောကြားပါသည်။
 ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၁း၀၀ နာရီ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ထဲမှာ ရှိတဲ့ မဲရုံ အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံရင် ထောက်ခံမဲအတွက် ခြစ်ရမယ့် အကွက်မှာ
ဘောလ်ပန်ရာ မထင်အောင်လို့ ဖယောင်းသုတ်ထားသည်ဟု သိရပါသည်။ မြို့နယ်နှင့် ရပ်ကျေးအဆင့်တွေအထိ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးပိုင်ခွင့်ရှိခဲ့တဲ့ မိသားစုလိုက် စာရင်း ပျောက်နေတာမျိုး၊ မဲစာရင်းစာရွက်တွေမှာ ပယ်မဲဖြစ်အောင် အပေါက်ပါသည့် မဲပြားတွေကို ပေးထားပြီး ပြန်လဲမည်ဆိုလျင် မဲရုံမှူးတွေမှ မဲလက်မှတ် အပိုမရှိသည့် အတွက် မလဲပေးကြောင်း သိရပါသည်။ မဲပြားများတွင် ကော်မရှင်တံဆိပ် မပါရှိသည့်အပြင် မဲရုံမှူး လက်မှတ်လဲ မပါသည့်အတွက် ပယ်မဲ ပြဿနာများနှင့် ကြုံတွေ့နေရပါသည်။ အခုလို ဖြစ်ပွားခဲ့တဲ့ ပြဿနာများအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နှင့် မဲရုံကိုယ်စားလှယ်တွေမှ တဆင့် ကန့်ကွက်စာ ပို့ဆောင်ပြီး သတင်းပေးပို့ထားသည်ဟု တံတားဦးမြို့ခံတစ်ဦးက ဘားမားဗီဂျေမီဒီယာ ကို ပြောပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၁း၃၀ နာရီ
နေပြည်တော်ခရိုင် ပုဗ္ဗသီရိမဲဆန္ဒနယ်အတွင်း မဲရုံတွေမှာရှိတဲ့ မဲပြားတွေမှာ ဖယောင်းသုတ်ထားသည့် မဲပြားများ အများအပြား ရှိနေသည်ဟု သိရပါသည်။ ကြံ့ခိုင်ရေးပါတီ အားကောင်းသည့် မဲရုံတွေမှာ အဆိုပါမဲပြားမျိုး မတွေ့ရဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားကောင်းသည့် မဲရုံတွေမှာ အခုလို ဖယောင်းသုတ်ထားသည့် မဲပြားများ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အကူအညီပေးနေသူ တစ်ဦးဖြစ်သည့် မသင်းဂျူလိုင်ကျော် က ပြောပါသည်။ နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်အတွင်း
မဲရုံပေါင်း ၈၂ ရုံ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၅၆၉၄၁ ဦး ရှိပြီး ပုဗ္ဗသီရိ တပ်နယ်အတွင်း တပ်ရင်းမိသားများ အားလုံးမှာ ကြံ့ခိုင်ရေးပါတီကိုသာ ကြိုတင်မဲ ပေးလိုက်ရသည်ဟု အစောပိုင်းသတင်းများအရ သိရပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၀၀ နာရီ

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်က ဝက်လူးတိုက်နယ်ခွဲမှာ ရှိတဲ့ ကတောင်းကျေးရွာက မဲဆန္ဒရှင်တွေကို မှတ်ပုံတင် ယူဆောင်လာပေမဲ့ မဲပေးမည့်စာရင်းမှာ မပါဝင်သည့်အတွက် မဲပေးခွင့်
မရှိသည့် လူ (၂၅) ယောက်လောက် ကျန်နေသည့် အတွက် နွားထိုးကြီးမြို့နယ် ကော်မရှင်ရုံးမှာ ထောက်ခံစာ လုပ်ပြီး ပြန်လာတဲ့အခါမှာလည်း မဲရုံက လက်မခံသည့် အတွက် လက်မခံလျင် တရားစွဲဆိုမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်တွေက ပြောကြားသည့်အခါမှ လက်ခံခဲ့သည်ဟု သိရတယ်။ မဲပေးခွင့်ရှိသည့် လူတချို့မှာလည်း မဲစာရင်းနံပါတ် မသိသည့်အတွက် ရှာနေစဉ်အတွင်းမှာလဲ မဲရုံးတာဝန်ရှိသူတွေက အကူအညီ မပေးဘဲ ဟိန်းဟောက်တာမျိုး ပြုလုပ်နေသည်ဟု သိရပါသည်။ မဲဆန္ဒရှင်တွေဘက်က မဲပေးသည့်အခါ အမှားအယွင်းရှိခဲ့လို့ မဲစာရွက် လဲပေးဖို့ တောင်းဆိုသောအခါ မဲရုံတာဝန်ရှိသူတွေမှ လဲလှယ်မပေးဘူးဟု ဆိုပါသည်။ အခုလို ဖြစ်ရပ်မျိုး နွားထိုးကြီးမြို့နယ် ကျေးရွာတိုင်းမှာ ဖြစ်နေပြီး (၂၀၁၀) ရွေးကောက်ပွဲ တုန်းကတောင် မှတ်ပုံတင် မရှိတဲ့သူ၊ အိမ်ထောင်စုဇယား မရှိတဲ့သူတွေကို မဲပေးခွင့်ပေးခဲ့ပြီး အခု မဲတွေက ကြံ့ခိုင်ရေးပါတီကို မပေးမယ့် မဲတွေမှန်း သိသည့်အတွက် ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ်နေတာဖြစ်ကြောင်း မဲဆန္ဒရှင်တွေက သုံးသပ်ဝေဖန်သလို မဲမပေးတတ်တဲ့သူတွေကိုလဲ မဲရုံတာဝန်ရှိသူတွေက လုပ်ပေးမယ်ဆိုပြီး မဲဆန္ဒရှင်တွေရဲ့ သဘောထားကို မမေးမြန်းဘဲ မဲစာရွက်မှာ ခြစ်ချင်တာ ခြစ်လိုက်ပြီး မဲပုံးထဲ ထည့်လိုက်တာမျိုးတွေ အထိ ပြုလုပ်နေသည်ဟု ကတောင်းကျေးရွာ ဒေသခံတဦးက ဘားမားဗီဂျေမီဒီယာကို ပြောပါသည်။

သစ်ထူးလွင်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free