ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကို ဗိုလ်ချုပ်ရာပြည့်အမီ ၂၀၁၅ ခုနှစ်မှာ ရိုက်ကူးတင်ပြနိုင်ဖို့ ပြည်တွင်းက ရုပ်ရှင်လောကသားအများစု ကြိုးပမ်းနေကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ကမ္ဘာ့အဆင့်ကိုထိုးဖောက်နိုင်တဲ့ ဇာတ်ကားဖြစ်အောင် ပြည်တွင်း၊ ပြည်ပအနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး နိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်လာမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၎င်းဖခင်ရဲ့ နှစ်တစ်ရာပြည့်အမီ ရုံတင်ပြသနိုင်ဖို့ ဆန္ဒရှိတာကြောင့် ဇာတ်ကားနဲ့သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အနုပညာရှင်တွေက ခွဲဝေတာဝန်ယူပြီး အကောင်အထည်ဖော်နေပါပြီ။ ဒီဇာတ်ကားအတွက် ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာကြည်ဖြူသျှင်နဲ့ 7Day News က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒီရုပ်ရှင်ကားရိုက်ကူးမှုနဲ့ပတ်သက်ပြီး အနုပညာလောကကလူတွေ တော်တော်များများ ပြောနေကြတာက ဘယ်သူတွေ ပါဝင်သင့်တယ်၊ မပါဝင်သင့်ဘူးဆိုတာကို ဘယ်လိုဆုံးဖြတ်တာလဲ ဆိုတာပေါ့။ တချို့ ပါဝင်ခွင့်မရတဲ့လူတွေကလည်း ဝေဖန်တာတွေရှိကြတော့ ဒီအပေါ်မှာ ဘာများပြောကြားလိုပါသလဲ။
- ဒီရုပ်ရှင်မှာ အဆင့်တွေရှိပါတယ်။ ပထမအဆင့်က ဇာတ်ညွှန်းဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့တယ်ဆိုပါတော့။ တကယ်ဖြစ်သင့်၊ ပါသင့်တဲ့သူတွေကို ရွေးချယ်ကြတာပါ။ ဒါပေမဲ့ တစ်ခါတလေကျတော့ လူများပြီးပွဲမစည်တာတွေ ဖြစ်တတ်တယ်။ တကယ် ပါသင့်ပါထိုက်တဲ့ပညာရှင်တွေကို ထပ်ခေါ်တယ်ဆိုတာ ဇာတ်ညွှန်းဖြစ်မြောက်ရေးအဖွဲ့မှာ ပါဝင်တဲ့ ပညာရှင်တွေကိုကြည့်ရင် သိမှာပါ။ နောက်ထပ် သမိုင်းပညာရှင်တွေလည်း ခေါ်ဦးမှာ။ ဒီကားကြီးရုပ်လုံးပေါ်အောင် ကြိုးစားကြတဲ့နေရာမှာ အစ်မတို့အနေနဲ့ အချိန်တွေအများကြီး ပေးဆပ်ထားတယ်။ Film Analysis လုပ်တဲ့အခါမှာလည်း ဖြစ်မြောက်ရေးအဖွဲ့ဝင် ဒါရိုက်တာတွေအပြင် ရုပ်ရှင်လောကမှာ အရမ်းကြည့်အားကောင်းတဲ့ ပညာရှင်တွေရှိတယ်။ နိုင်ငံခေါင်းဆောင်အကြောင်း ရိုက်ထားတဲ့ ကမ္ဘာ့ရုပ်ရှင်တွေကို ကြည့်ထားပြီး ဥပမာ ဂန္ဒီကားဆိုရင်လည်း ဘယ်အပိုင်းကို ထုတ်နုတ်ပြသခဲ့တယ်။ ဘယ်အပိုင်းကတော့ အားနည်းချက်ရှိမလဲ ဒီလိုခွဲခြမ်းစိတ်ဖြာရင်လည်း ပညာရှင်တွေကို ဖိတ်ခေါ်ရမှာပဲ။ နောက် သမိုင်းပညာရှင်တွေကို ဖိတ်ခေါ်ရမှာ။ ဒီပညာရှင်တွေနဲ့ ဗိုလ်ချုပ်ရုပ်ရှင်မှာ ဘယ်အပိုင်းကတော့ ပါသင့်တယ်၊ ဘယ်အပိုင်းကို ချန်ထားနိုင်တယ်ဆိုတာမျိုး မှတ်တမ်းတွေယူထားရမှာ။ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားက သေးသေးလေးလုပ်ရမှာမဟုတ်ဘူး။ အကြီးကြီးလုပ်ရမှာ။ အဲဒီတော့ ကျွန်မတို့မှာ လူအင်အားအများကြီးလိုတယ်။ အဲဒီအချိန်ကျရင် ကျွန်မတို့တွေက ထပ်ဖိတ်ခေါ်ရမှာပဲ၊ ရိုက်ကွင်းမှာ ဘယ်နေရာ ဘယ်အခန်းကဏ္ဍကဖြစ်ဖြစ် လုပ်ကြရမှာပါပဲ။ တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတဲ့ အလုပ်လည်းမဟုတ်ဘူး။ ဒီကားအတွက် နိုင်ငံခြားက ဒါရိုက်တာတွေ၊ ပညာရှင်တွေလာကြမယ်။ ဒီက ပြည်တွင်း ဒါရိုက်တာပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ကြရမှာဆိုတော့ Story Board နဲ့သွားကြရမှာ။ အဲဒီအချိန်မှာ ကမ်းလှမ်းလာတဲ့ ဒါရိုက်တာတွေကိုလည်း သူတို့အခြေအနေပေါ် မူတည်ပြီးတော့ ကျွန်မတို့က စဉ်းစားရွေးချယ်သွားမှာပါ။ တချို့က လာပြောကြပါတယ်။ ဇာတ်ညွှန်းကဏ္ဍမှာ ကမ်းလှမ်းလာကြပါတယ်။ ဇာတ်ညွှန်းရေးပေးချင်ပါတယ်။ ပိုက်ဆံက အရေးမကြီးပါဘူးလို့ ကမ်းလှမ်းပါတယ်။ သူတို့ဆန္ဒရှိပေမယ့် သူတို့ ဘယ်ဇာတ်ကားရေးဖူးလဲ၊ ပရိသတ်ရင်ထဲရောက်လောက်အောင် ပြောင်မြောက်တဲ့ဇာတ်ကား မရှိထားတဲ့သူတွေကျတော့ ကျွန်မတို့ ဘယ်လိုသုံးရမလဲ။ ပါဝင်ချင်တဲ့စိတ်ဓာတ်နဲ့ တကယ်ပဲ အရည်အချင်းပြည့်ဝရင် ကျွန်မတို့က ဖိတ်ခေါ်ပါတယ်။ ဒီရုပ်ရှင်မှာ ကျွန်မတို့က ပါဝင်ရိုက်ကူးမှာမဟုတ်ဘူး။ ဖြစ်မြောက်ရေးအဖွဲ့က အဆင့်ဆင့်နဲ့ တည်ဆောက်လုပ်ကိုင်ကြရတာပါ။ ကျွန်မတို့ ရွေးချယ်လိုက်တဲ့သူတွေဟာ ပြည်သူတွေက ကျေနပ်နေရပါမယ်။ တချို့ တကယ်တော်တဲ့ ပညာရှင်တွေကျတော့လည်း ကျန်းမာရေးကြောင့် မပါဝင်နိုင်တော့ပေမယ့် အကြံဥာဏ်တွေလည်း တောင်းခံဖို့အသင့်ပါပဲ။ ဗိုလ်ချုပ်ဆိုတာ တစ်ဦးပိုင်၊ တစ်ယောက်ပိုင်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်လို့ အရမ်းစဉ်းစားပါတယ်။ တကယ်စေတနာပါရင် ကမ်းလှမ်းပါ။ ဖြစ်မြောက်ရေးအဖွဲ့က စဉ်းစားပေးပါ့မယ်။

ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် သရုပ်ဆောင်သစ် အမျိုးသားတွေအတွက် ဖြစ်မြောက်ရေးအဖွဲ့ရဲ့ အနုပညာပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုကို ဘယ်လိုစီစဉ်ထားပါလဲ။
- အနုပညာပိုင်းဆိုင်ရာကိုပါ ကြည့်ပြီး ရွေးချယ်မှာပါ။ ပထမဆုံး အရေးကြီးတာကတော့ ဗိုလ်ချုပ်နဲ့ ရုပ်တူတာပေါ့။ ရုပ်တူတာကိုကြည့်ပြီးမှ သူတို့ဘယ်လောက် Accept လုပ်နိုင်သလဲ။ အနုပညာကိုရော ဘယ်လောက်ထိ ခံစားနိုင်သလဲ။ အိုင်ကျူ၊ အီးကျူတွေအပြင် ကျွန်မတို့ရဲ့ စခန်းသွင်းလေ့ကျင့်မှုအပေါ် သူတို့ ဘယ်လောက်လက်ခံနိုင်လဲပေါ် မူတည်ပါမယ်။

ဗိုလ်ချုပ်က ခေတ်ပညာတတ်၊ ပြီးတော့ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့သူဆိုတော့ ရွေးချယ်ခံရတဲ့ ရုပ်တူသူကိုရော ဒီအရည်အချင်းတွေအတွက် ဘယ်လိုစီစဉ်ပေးမှာပါလဲ။ - နောက်ဆုံးဆန်ခါတင် ရွေးလိုက်တဲ့သူသည် အင်္ဂလိပ်စာကောင်းတယ်ဆိုရင်တော့ ဒါကျွန်မတို့အတွက် ကံကောင်းတာပေါ့။ ဒါပေမဲ့ သူကတော့ တော်တော်လေးပြည့်စုံနေပြီ။ အင်္ဂလိပ်စာက လိုနေသေးတယ်ဆိုရင်တော့ ကျွန်မတို့သူ့ကို Train လုပ်ပေးရမှာပဲ။ ပထမအဆင့် အင်္ဂလိပ်အခြေခံကောင်းအောင် လုပ်ပေးထားရမယ်။ နောက်တစ်ဆင့်က ဇာတ်ညွှန်းမှာပါတဲ့ စကားလုံးတွေကို ကောင်းကောင်းပြောနိုင်အောင် လုပ်ပေးထားမယ်။

ဒီဇာတ်ကားကို နိုင်ငံတကာအဆင့်မီရိုက်ကူးဖို့ စီစဉ်ထားတော့ လွတ်လပ်ရေး ခေတ်ကြိုကာလဖြစ်တဲ့အတွက် ရုပ်ရှင်ဆက်တင်တည်ဆောက်မှု အပိုင်းကိုရော ဘယ်လိုစီစဉ်ထားလဲ။
- ဆက်တင်က အရေးကြီးတယ်။ ဒါကြောင့် နိုင်ငံခြားက ပညာရှင်တွေလည်းပါမယ်။ ပြည်တွင်းလုပ်သားတွေပါမယ်။ ဒါမှလည်း မြန်မာပြည်ကလူတွေက ပြည်ပက အတတ်ပညာတွေရမယ်။ သေချာတာက လွတ်လပ်ရေး ခေတ်ကြိုရိုက်ရမှာဖြစ်လို့ ဆက်တင် ဆောက်ကိုဆောက်ရမယ်။ Animation တွေပါမယ်။ သရီးဒီ ဆောက်သင့် ဆောက်ရမယ်။ ဒီကားကိုရိုက်ပြီးချိန်မှာ ကမ္ဘာ့အဆင့်မီ ရုပ်ရှင်ရိုက်ကူးမှု အတတ်ပညာတွေကို မြန်မာက ရလိုက်မှာဖြစ်သလို မြန်မာက အနုပညာရှင်တွေကိုလည်း ကမ္ဘာကသိသွားကြမယ်။ တစ်ဖက်ကလည်း ကိုယ့်ရဲ့ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးဆပ်ရာရောက်သလို ကိုယ့်လောကအတွက် ကောင်းကျိုးရမယ့် ဇာတ်ကားကြီးပါ။

သမိုင်းကြောင်း အရမ်းကြီးမားတဲ့ဇာတ်ကားလည်း ဖြစ်တဲ့အတွက် သမိုင်းဆိုင်ရာအချက်အလက် မမှားယွင်းအောင် ဘယ်လိုစီစဉ်ထားပါသလဲ။
- ကျွန်မတို့အဖွဲ့မှာ သမိုင်းအချက်အလက်တွေရှာဖွေတဲ့ သမိုင်းဘက်က ပညာရှင်တွေ ပါဝင်ပါတယ်။ ဗိုလ်ချုပ်အတွက် အတ္ထုပ္ပတ္တိစာအုပ်ထုတ်မယ်ဆိုပြီး အချက်အလက်တွေ တောက်လျှောက်စုဆောင်းလာတဲ့၊ နှစ်အတော်ကြာ လေ့လာခဲ့တဲ့သူတွေကို ဖိတ်ခေါ်ထည့်သွင်းထားပါတယ်။ သူတို့ကလည်း လိုအပ်တဲ့အချက်အလက်တွေ ပေးတယ်။ အမျိုးသားစာကြည့်တိုက်မှာလည်း ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ သွားရှာဖို့ရှိတယ်။ အမျိုးသားပြတိုက်မှာလည်း သမိုင်းစာကြည့်တိုက်ရှိတယ်။ အဲဒီမှာလည်း သွားရှာမယ်။ ဗိုလ်ချုပ်အကြောင်းကို ပြောပြနိုင်မယ့် သက်ရှိထင်ရှား ပုဂ္ဂိုလ်ကြီးတွေရှိတယ်။ သူတို့ရဲ့အမြင်တွေ၊ မှတ်မိသလောက် အချက်အလက်တွေယူထားတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ တော်တော်များများ မှတ်တမ်းအချက်အလက်ကို ဘီဘီစီက လှူမယ်ပြောတယ်။ သမိုင်းအချက်အလက်တွေကတော့ တော်တော်များများ စုံလင်နေပါပြီ။

ဒီဇာတ်ကားရိုက်ဖို့အတွက် အဓိကအခက်အခဲက ဘာဖြစ်မလဲ။
- ဗိုလ်ချုပ်ရဲ့သမိုင်းက အရမ်းကြီးပါတယ်။ ကျွန်မတို့ဆီမှာ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားလုံးကအစ အတိအကျရှိတယ်။ ဒါပေမဲ့ ဇာတ်ကားတစ်ကားဝင်အောင် ဒီသမိုင်းအကြီးကြီးကို ဘယ်လိုထည့်မလဲဆိုတာ အခက်ခဲဆုံးပဲ။ ဘယ်အပိုင်းကို ချန်ထားပြီး ဘယ်အပိုင်းကို ထားခဲ့မလဲဆိုတာ တော်တော်ခက်တယ်။ နောက်တစ်ခုခက်တာက ဇာတ်ညွှန်းရေးတဲ့အခါ စိတ်ကူးယဉ်စကားလုံး လုံးဝမပါရဘူး။ ဒါလေးကတော့ ဖြစ်နိုင်တယ်ဆိုတဲ့အတွေးမျိုး မပါရဘူး။ အကြီးကြီးကိုချုံ့ဖြစ်ဖို့က တော်တော်လေးခက်ခဲမယ်။

ဗိုလ်ချုပ်ခေတ်ကို မီလိုက်တဲ့ သက်ရှိထင်ရှားပုဂ္ဂိုလ်တွေကိုရော ထည့်သွင်းရိုက်ကူးဖို့ ရှိပါသလား။
- ထည့်သုံးဖို့ မရှိပါဘူး။ အသက်အားဖြင့် အရမ်းကွာသွားပြီလေ။ အရသာပျက်သွားနိုင်တယ်။ ပရိသတ်က ကြည့်လိုက်တာနဲ့၊ အော် ဘယ်သူပါလားဆိုပြီး ဟိုခေတ်ကို ပြန်ရောက်သွားလိမ့်မယ်။ ဒါကြောင့်ပါ။

ဒီကားရိုက်ဖို့ ဖြစ်မြောက်ရေးအဖွဲ့ ယူထားတဲ့တာဝန်က အရမ်းကြီးမားတော့ ဖိစီးမှုတွေရှိနိုင်ပါသလား။
- ဗိုလ်ချုပ်က မွေးကတည်းက စကားစပြောတတ်ကတည်းက သူများနဲ့မတူဘူး။ တခြားကလေးတွေ ရိုးရိုးတန်းတန်းဆော့နေချိန်မှာ ဗိုလ်ချုပ်က နယ်ချဲ့အင်္ဂလိပ်တွေကို ဘယ်လိုတော်လှန်ရင် ကောင်းမလဲဆိုတာတွေ ပြောနေပြီ။ သူပုန်ထနည်းအမျိုးမျိုးကို စဉ်းစားခဲ့တော့ ကလေးဘ၀မှာကတည်းက နိုင်ငံရေးစိတ်ဓာတ်ရှိခဲ့တယ်။ ဒါကြောင့် ကလေးဘ၀ကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျောင်းသားဘ၀ကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြစရာတွေက ပြောရရင် ဇာတ်လမ်းတွဲလောက်ဖြစ်နေတာ။ ရုပ်ရှင်အနေနဲ့လည်း သူ့ဖြတ်သန်းမှုက တကယ့်ကို ရုပ်ရှင်ဆန်တယ်။ ဘယ်အပိုင်းမှ ချန်မထားရက်အောင်ကောင်းတယ်။ ရုပ်ရှင်စကားနဲ့ဆို တန်ပိုအတက်အကျ အရမ်းမြန်တယ်။ ဒီဇာတ်ကားကိုချုံ့ဖို့အတွက် တော်တော်လေးဖိစီးမှုများပါတယ်။

ဒီဇာတ်ကားကိုရိုက်ကူးပြီးတဲ့အခါ ဆင်ဆာကိုဖြတ်ကျော်ဖို့အတွက် ဘာတွေကြိုတင်ပြင်ဆင်ထားလဲ။
- ဒီကားရိုက်ဖို့ စစီစဉ်ကတည်းက မြန်မာ့ရုပ်ရှင်လုပ်ငန်းက ဆင်ဆာလူကြီး ဦးသိန်းထွန်းအောင်နဲ့ပြောဖြစ်တယ်။ ဆင်ဆာတင်ရင် ဖြတ်မလားဆိုတော့ ဘာလို့ငါတို့က ဖြတ်ရမှာလဲ။ ဗိုလ်ချုပ်အကြောင်းကို ဖြတ်စရာ ဘာရှိလို့လဲ။ ဗိုလ်ချုပ်အကြောင်း ဘာတစ်ခုမှ မဖြတ်ဘူးလို့ပြောပါတယ်။ နောက်တစ်ခုက ဗိုလ်ချုပ်ခေတ်မှာ အ၀တ်အစားနဲ့ ပတ်သက်ပြီး ဆင်ဆာရှိမယ်မထင်ဘူး။ ဆင်ဆာဖြတ်လောက်တဲ့ ပြကွက်လည်းမရှိပါဘူး။ အင်္ဂလိပ်နဲ့ဂျပန်ကို တော်လှန်တယ်။ စကားလုံးကလည်း အတိအကျ အမှန်အကန်ပါမယ်။ သမိုင်းကြောင်းကို အတိအကျရိုက်ပြမှာမို့ ဆင်ဆာဖြတ်မှာ မဟုတ်ပါဘူး။


Planet Myanmar မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free