ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်က မွန်ပါတီ နှစ်ပါတီကို တပါတီ အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ ပိုမိုတွန်းအားဖြစ်လာကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌနိုင်ငွေသိန်းက ပြောသည်။
“ကြားဖြတ်ရွေး ကောက်ပွဲမှာ မွန်ပါတီက မျော်လင့်ထားတာထက် ရလဒ်က အရမ်းနည်းတယ် ၊ကိုယ်တွေ မွန်ပါတီက တပါတီ စီဖြစ်နေရင် ပြိုင်ဆိုင်မှုကများမယ် ၊အခုလို နှစ်ပါတီ ပူးပေါင်းလိုက်ရင် မွန်လူထုအတွက် ပိုပြီး ဆောင်ရွက်နိုင်မယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလက မွန်ပြည်နယ်ရှိ ကော့နှပ် ကျေးရွာတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုရေစီပါတီမှ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်ဝေ၏ လက်ကမ်းကြော်ငြာကို ဖတ်နေသည့် ပြည်သူတဦး

ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် ထောက်ခံမဲ အရေအတွက် ထောင်ဂဏန်းမျှသာ ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ထောက်ခံမဲအရေအတွက် ခြောက်သောင်းကျော်ဖြင့် အနိုင်ရရှိသွားခြင်းဖြစ်သည်။

ထို့ကြောင့် မွန်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ ၀င် ရန်အတွက် မှတ်ပုံတင်ထားသောမွန်ဒေသလုံးဆိုင် ရာဒီမိုကရေစီပါတီနှင့် ယခင် မှတ်ပုံမတင်ရသေးသည့် ပါတီဟောင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့က လာမည့် ၂၀၁၄ခုနှစ်တွင်  တပါတီအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဧပြီ ၂၂ ရက်နေ့တွင် အစည်းအဝေးလုပ်၍ ဆုံးဖြတ်ချက်ချခဲ့သည်။

“ကိုယ့်မွန်တွေ တကွဲတပြားစီ မဖြစ်ချင်ဘူးလေ ၊ဒါကြောင့်ပေါင်းစည်းဖို့ လိုတယ်၊မပေါင်းရင် ကြားဖြတ် ရွေးကောက်ပွဲ အတွေ့အကြုံလည်းရှိတယ်၊ ပေါင်းစည်းမှပဲ မွန်လူထုအတွက် ပိုပြီး အားသွန်ခွန်စိုက် လုပ်နိုင်မယ်”ဟု မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့မှ ဒုဥက္ကဌ နိုင်တင်အောင်ကပြောသည်။

မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့သည် ဧပြီ ၂၃ ရက်တွင် “မွန်ဒီမိုကရက်တစ်ပါတီ”နာမည်အသစ်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး အဆိုပါနာမည်ကို နှစ်ပါတီပြန်လည်ပေါင်းစည်းသည့်အခါ အသုံးပြုသည့် နာမည် လည်းဖြစ်နိုင်ကြောင်း နိုင်တင်အောင်ကပြောသည်။

သို့သော်နိုင်ငွေသိန်း က ပေါင်းစည်းသည့်အခါ လက်ရှိနာမည်များကို သုံးသွားမည်မဟုတ်ဘဲ နောက်ထပ် နာမည်အသစ်တစ်ခု အနေနှင့်သာပေါင်းစည်းသွားမည်ဖြစ်ပြီး ပေါင်းစည်းသည့်အခါ လက်ရှိပါတီ နှစ်ခုစလုံးကို ဖျက်သိမ်းရမည်ဟုဆိုသည်။

နှစ်ပါတီပေါင်းစည်းရေးကို ၂၀၁၄ ဒီဇင်ဘာလ တွင် နောက်ဆုံးထား ပေါင်းစည်းရမည်ဖြစ်ပြီး ကြားကာလတွင် တလတခါ တွေ့ဆုံ၍ နှစ်ပါတီ ညှိနှိုင်းစရာ များကို ညှိနှိုင်းသွားမည်ဟု နိုင်ငွေသိန်းကပြောသည်။

မွန်နှစ်ပါတီ ပူးပေါင်းဆောင်ရွက် ရန်အတွက် မွန်ပြည်သူများနှင့် သံယာတော်များက လိုလားလျက်ရှိကြ ပြီး နှစ်ဖက်စလုံးမှ ပေါင်းစည်းရေး ကော်မတီဖွဲ့စည်း ပြီး အဆိုပါကော်မတီက ပေါင်းစည်းရေးအတွက် ဆုံးဖြတ်ချက် ချပေးခြင်းဖြစ်သည်။

“နှစ်ပါတီပေါင်းစည်းဖို့ ကဘယ်လိုပဲပြောပြော နည်းနည်းခက်တယ် ရှမ်းမှာဆိုလည်းမဖြစ်ဘူး ၊ရခိုင်မှာလဲမဖြစ်ဘူး မွန်မှာက ပေါင်းလို့ရလားဆိုတာကတော့ နိုင်ငံရေးခံယူချက်တွေ အပေါ်မူတည်တယ်၊လက်ရှိအနေအထားတော့ ညှိစရာတွေအများကြီးပေါ့” ဟုနိုင်တင်အောင်ကပြောသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ မှအချက် အချို့ပြင်ဆင်လာခြင်း ၊နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခြင်းနှင့် လက်နက်ကိုင်တိုင်းရင်းသားများနှင့် အပစ်ခတ်ရပ်ဆဲရန် အတွက်အစိုးရမှစေ့စပ်ဆွေးနွေးခြင်းများပြုလုပ်လာသည့်အတွက် ပြန်လည်မှတ်ပုံတင်ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

YPI မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free