b5_3_07
Battle of Britain တိုက်ပွဲတွင် Spitfire များ အုပ်စုဖွဲ့ပျံသန်းစဉ်

လွန်ခဲ့သော ၆၇ နှစ် ဒုတိယကမ္ဘာစစ် ပြီးစီးလုနီးအချိန်နှင့် ပြီးစီးခဲ့ပြီးအချိန်တွင် မဟာမိတ်တပ်များက မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ် Spitfire အစင်း ၂၀ ကို ပြန်လည်တူးဖော်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ မြန်မာနှင့်ဗြိတိန် အာဏာပိုင်များသည် ယင်းလေယာဉ်များ ရှာဖွေတူးဖော်ရေးကို ပူးတွဲလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ဗြိတိန်အစိုးရအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ယင်းကိစ္စကို မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ညှိနှိုင်းခဲ့သည်ဟု သိရသည်။ ဒေါင်းနင်းလမ်းမှ သတင်းအရင်းအမြစ်များကို ကိုးကားပြီး ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ တူးဖော်ရေး အကောင်အထည်ပေါ်လာရန် အခြေအနေကောင်းနေကြောင်း သိရသည်။ ဗြိတိန်အရာရှိများအဆိုအရ မြန်မာနိုင်ငံဘက်ကလည်း ယခုကိစ္စအတွက် အထူးပင်စိတ်အား ထက်သန်နေသည်ဟုဆိုသည်။ တူးဖော်ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံတွင် မိုးရာသီမ၀င်မီ လုပ်ဆောင်ဖြစ်မည်ဟုသိရသည်။ SkyNews ၏ ဖော်ပြချက်တွင်မူ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ရေး စီမံကိန်းတစ်ခု စတင်ရန်အတွက် သဘောတူညီမှုရသည်ဟု ဖော်ပြထားသည်။ လေယာဉ်များမှာ အစိတ်အပိုင်း တစ်ခုစီဖြုတ်ပြီး သယ်ယူလာခဲ့ခြင်းဖြစ်ပြီး မတပ်ဆင်ရသေးမီတွင် မြှုပ်နှံခဲ့သည့် လုံးဝအသုံးမပြုရသေးသော အသစ်များဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ မြှုပ်နှံထားသည့်နေရာကို သိရှိထားပြီဟု ၁၅ နှစ်ကြာ လိုက်လံရှာဖွေနေခဲ့သူ ဗြိတိန်မှ ဒေးဗစ်ကွန်းဒဲလ် အပါအ၀င်ရှာဖွေရေး လုပ်ဆောင်နေသူအချို့က ထုတ်ဖော်ပြောကြားခဲ့သော်လည်း နေရာအတိအကျကိုမူ ထုတ်ပြန်မထားပေ။ တူးဖော်ရေးအတွက် ကျန်ရှိနေသောအခက်အခဲမှာ နိုင်ငံတကာ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများအရ မြန်မာနိုင်ငံအတွင်း၊ အပြင် စစ်လက်နက် တင်သွင်းတင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ထားခြင်း ဖြစ်သည်။ မကြာမီ အရေးယူပိတ်ဆို့မှုများသာ ရုပ်သိမ်းနိုင်ပါက တူးဖော်သယ်ယူရေးမှာ အဆင်ပြေလာနိုင်ပြီး မြန်မာအစိုးရဘက်မှလည်း တူးဖော်မှုကို ခွင့်ပြုချက်ပေးနိုင်မည့် အခြေအနေရှိသည်ဟု သိရသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လအတွင်းတွင် Spitfire Mark XIV အမျိုးအစား မတပ်ဆင်ရသေးသည့် တိုက်လေယာဉ် အစိတ်အပိုင်းများကို ဗြိတိန်ရှိ ကာဆယ်ဘရွန်းဝစ်ခ်ျအရပ်ရှိ စက်ရုံမှမြန်မာပြည်သို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ ယင်းလေယာဉ်များတွင် ယခင်အမျိုးအစားကဲ့သို့ မဟုတ်ဘဲ မာလင်းစ်အင်ဂျင်များ မတပ်ဆင်ဘဲ ရိုးရွိုက်စ်ဂရစ်ဖွန်အင်ဂျင်များ တပ်ဆင်ထားခဲ့သည်ဟုဆိုသည်။

မြန်မာပြည်သို့ ရောက်ရှိလာချိန်တွင် လေယာဉ်များမှာ လိုအပ်ချက်ထက် ပိုလွန်နေခဲ့သည်။ စစ်ပွဲမှာ နောက်ဆုံးကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲများမှာ ပစိဖိတ်ဒေသတစ်ဝိုက်ရှိ ဂျပန်တို့၏ နောက်ဆုံးလက်ကျန် ခြေကုပ်ယူရာနေရာများကိုသာ ဦးစားပေးတိုက်ခိုက်မှုကို တိုးမြှင့်အာရုံစိုက်နေရသည့် အချိန်ဖြစ်သည်။ သို့ဖြစ်၍ မြေပြင်အခြေစိုက် Spitfire လေယာဉ်များမှာ လေယာဉ်တင် သင်္ဘောဖြင့် သယ်ယူနိုင်သော Seafire များကဲ့သို့ ကျွန်းများကို တိုက်ခိုက်ရာတွင် မဆင်မပြေသောကြောင့် အသုံးဝင်မှုနည်းပါးလာခဲ့သည်။

သို့ဖြစ်သောကြောင့် မတပ်ဆင်ရသေးသော Spitfire ၁၂ စင်းကို သေတ္တာပုံးများအတွင်းမှ မထုတ်ရသေးမီ အချိန်တွင်ပင် မြှုပ်နှံထားရန် အမိန့်ထွက်ခဲ့သည်ဟုဆိုသည်။

Spitefire လေယာဉ်များ မြန်မာပြည်သို့ရောက်ရှိလာပြီး နှစ်ပတ်အကြာတွင် ဟီရိုရှီးမားတွင် အမေရိကန်က အဏုမြူဗုံးကြဲချခဲ့ပြီး ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နေ့တွင် ဂျပန်တို့ လက်နက်ချခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ထပ် Spitefire ရှစ်စင်းကို ထပ်မံမြှုပ်နှံ သိမ်းဆည်းခဲ့သည်ဟု ယူဆရပြီး စုစုပေါင်း အစင်း ၂၀ အထိ မြန်မာပြည်တွင် မြှုပ်နှံခဲ့သည်ဟု ယူဆရသည်။ Spitfire လေယာဉ် အစင်းရေ ၂၁၀၀၀ အထိ ထုတ်လုပ်ခဲ့ဖူးသော်လည်း ယနေ့အခါတွင် ပျံသန်းနိုင်သော Spitfire အရေအတွက်မှာ ၃၅စင်းသာ ရှိတော့သည်ဟု သိရသည်။



ELEVEN MEDIA မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free