နေ့သစ် – ဒေါ်စု က ကျမ်းကျိန်မယ်။ ပါလီမန် တက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်အပေါ် ကိုကိုမိုးသီးရဲ့ သဘောထားက။
ကိုမိုးသီး – ကောင်းပါတယ်။ ခုလိုဆုံးဖြတ်လိုက်တာ။ တကယ်က ပါတီမှတ်ပုံတင်ကတည်းက၊ ရွေးကောက်ပွဲဝင်လိုက်က တည်းက ၂၀၀၈ ကို လက်ခံရတဲ့သဘော ဖြစ်နေတယ်။ ဒီချုပ် ရွေးကောက်ပွဲဝင်မယ်။ မ၀င်ဘူး အခြေအတင်ကာလတုန်း က ရွေးကောက်ပွဲဝင်ရင် ဖြစ်လာနိုင်တဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို အကြံပြုခဲ့ဖူးပါတယ်။ ဒီထဲမှာ ကျမ်းကျိန်ရနိုင် တယ်ဆိုတဲ့အချက်ကို ကျနော် ရေးပေးလိုက်ပါတယ်။ ဒီချုပ်ခေါင်းဆောင်တွေရဲ့ ထုံးစံအတိုင်း ဖတ်ကြမယ်တော့ မထင် ဘူး။ ထားပါတော့။
အခု လက်တွေ့ဆန်တဲ့ နိုင်ငံရေးကို သူလုပ်ခွင့် ဒေါ်စုလုပ်ခွင့်ရတာပေါ့။ ဒါကြောင့် ဒေါ်စုကို ပါလီမန် သွားတက်စေချင်တာ ပါ။ သူဟာ ရွေးကောက်ခံအမတ်တယောက် ဖြစ်လာပြီ။
အရင်ကလို Icon နိုင်ငံရေးကနေ လက်တွေ့နိုင်ငံရေး (Real Politics) ကို လုပ်ဆောင်ရပြီပေါ့ဗျာ။ အပြောနဲ့အလုပ်တွေ က မှတ်တမ်းတွေနဲ့ ဖြစ်လာပြီပေါ့။ လက်တွေ့ရလဒ်တွေ ထွက်အောင်လုပ်တဲ့ကိစ္စတွေ ဖြစ်လာပြီ။ နောက်တခုက သူ့ကို ဝေဖန်တာတွေ၊ ကန့်ကွက်တာတွေ ဗြောင်လုပ်လာမယ့် သူတွေကို သူရင်ဆိုင်ရမယ်။ ဒါကို သည်းခံတတ်ဖို့။ စိတ်မဆိုးဖို့ လိုမယ်။ စကားမပြောတာ။ ပြန်ပြီး မဆက်သွယ်တာတွေ လုပ်လို့ မရတော့ဘူး။ သဘောထားအမြင် မတူတဲ့သူတွေကို စည်းရုံးရတော့မယ်။
နေ့သစ် – ဒေါ်စု ပါလီမန်ထဲကို ရောက်လာပြီဆိုတော့ သူက ကြံ့ဖွတ်အမတ်တွေကို စည်းရုံးပြီး အခြေခံဥပဒေကို ပြင်လာ နိုင်မယ်လို့ ယူဆလား။
ကိုမိုးသီး – ပြောရခက်တယ်။ အခြေခံအားဖြင့် လူတွေဟာ ကိုယ်ရပ်တည်နေတဲ့ ပါတီအဖွဲ့အစည်း အသင်းအပင်းတွေကို  Loyalty ရှိကြတယ်။ ကျနော်တို့ငယ်ငယ်က ထုပ်ဆီးတိုး ကစားကြလို့ လူခွဲလိုက်ရင်တော့ ကိုယ်ဖက်ကအဖွဲ့ပေါ်မှာသစ္စာ ရှိကြတာ အနစ်နာခံကြတာ ရှိတယ်။ ဇီဝဗေဒပညာရှင် ပါမောက ရစ်ချပ် ဒန်ခင် ရဲ့ Selfish Gene  ဆိုတဲ့ စာအုပ်မှာ လူ တွေဟာ ကိုယ်အုပ်စု၊ ပါတီ၊ လူမျိုးအပေါ်မှာ အသက်ပါစွန့်လွှတ်ပြီး ကာကွယ်လေ့ရှိကြတဲ့ ဗီဇ ရှိနေတယ်လို့ ဆိုတယ်။
အမေရိကန်နဲ့ ရစ်ပတ်ဘလစ်ကန်ပါတီမှာ ဒီလို ဟိုဖက်ဒီဖက် ခြံခုန်သွားတာ၊ တဖက်ပါတီရဲ့အဆိုတွေကို တဖက်ပါတီက ထောက်ခံတာတွေဟာ တွေ့ရခဲလှပါတယ်။
ရှိတော့ရှိကြပါတယ်။ ဒါကြောင့် ဒေါ်စုပါလီမန်ထဲမှာ ပြောလိုက်လို့ ကြံ့ဖွတ်အမတ်တွေက လိုက်လုပ်မယ်။ ထောက်ခံလာ ကြမယ်ဆိုတာ ကျနော်တော့ သိပ်မမြင်သေးဘူးလို့ မြင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ သူပြောထားတဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးတွေဆိုတာ ကြံ့ ဖွတ်အမတ်တွေရဲ့ အကျိုးတူစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့အရာတွေ ဖြစ်နေတယ်။
နေ့သစ် – ဒေါ်စုနဲ့ အရွေးခံအမတ်တွေကို ဘာလုပ်စေချင်လဲ။
ကိုမိုးသီး – ရေလာအောင်၊ မီး ပုံမှန်ရအောင်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေရအောင်၊ တယ်လီဖုန်းတွေဈေးကျအောင် လုပ်စေချင်တယ်။ ကြိုးပမ်းစေချင်တယ်။ အလွယ်ဆုံးဟာတွေကနေ စတင်လှုပ်ရှားဖို့ ကျနော် တိုက်တွန်းချင်တယ်။ ဒီ အာဂျင်ဒါတွေက ကြံ့ဖွတ်တွေပါ စိတ်လှုပ်ရှားလာပါလိမ့်မယ်။
နေ့သစ်- အစိုးရဖက်ကရော ဘယ်လို့ခြေလှမ်းတွေ ပြင်လာနိုင်မလဲ။
ကိုမိုးသီး – အစိုးရဖက်ကတော့ ဒေါ်စုရဲ့ပါဝါကြီးထွားမလာအောင် ချုံ့ပစ် (Minimize) လုပ်မှာပဲ။ ဒါကလဲလွယ်ပါတယ်။  စီးပွားရေးမှာ ပြုပြင်ပြောင်းလဲလာမယ်ဗျာ။ အခြေခံလိုအပ်ချက်တွေကို အောက်ခြေ လာဘ်စားမှုတွေကို နှိမ်နင်းမယ်။ တ စုံတရာ ပွင့်လင်းလွတ်လပ်မှုတွေ ပေးလာတာနဲ့ အစိုးရက လူထုထောက်ခံမှု တဖြေးဖြေးတက်လာနိုင်တယ်။ တိုင်းရင်း သားတွေနဲ့ အပစ်ရပ်မယ်။ ၂၀၁၅ အတွက် ပြင်ဆင်ပြီးသား ဖြစ်လာမယ်။ ထောက်ခံမှုတွေ ရလာနိုင်တယ်။
ဒေါ်စုနဲ့ ၈၈ တွေကို အရင်က ဖမ်းတယ်။ ဒီတော့ သူရဲကောင်းတွေ ဖြစ်လာတယ်။ အခုဟာ မဖမ်းတော့ဘူးဆိုတာ့ သူရဲ ကောင်းဖြစ်ဖို့က ကိုယ့်ဖါသာကိုယ် ဆက်လုပ်ကြရမယ်။ လုပ်ကိုင်နိုင်စွမ်း Capacity က အရေးကြီးလာကြမယ်။ စီမံခန့် ခွဲမှု (Management) တွေက စကားပြောလာမယ်။
နေ့သစ် – ဆိုလိုတာက
ကိုမိုးသီး – ဆိုလိုတာက ပိုပြီးအလုပ်လုပ်၊ အရေအသွေးကို ပိုပြီး မြှင့်တင်၊ ပိုပြီး မဟာမိတ်တွေနဲ့ ပိုပြီး ပူးပေါင်းဆောင် ရွက်။ ပွင့်ပွင့်လင်းလင်းပြောရရင်  ဦးသိန်းစိန် က ပိုပြီး နာမည်ရနေတယ်။ ပိုပြီး အလုပ်လုပ်နေတာ နားထောင်တာ၊ ပူး ပေါင်းဆောင်ရွက်တာတွေ ရှိနေတယ်။ သူတို့ထဲမှာ ပြုပြင်မှုတွေ လုပ်နေကြတယ်။
ဒီချုပ်နဲ့ ပတ်သက်လို့လူတွေက ဝေဖန်မှုတွေတဖြေးဖြေး နက်ရှိုင်းလာနေတယ်။ ဦးကျော်ဆန်းလို ခံစားချက်ဖြစ်သွားတဲ့ လူတွေရှိနေတယ်။ လူသစ်လူဟောင်း ခံစားချက်တွေ ဖြစ်လာနေတယ်။ အနားပြာတွေကများပြီး အရေအသွေးက ကျ ဆင်းနေတယ်။ ဒါတွေကအစ ပြင်ရမယ်။

နေ့သစ်မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. nyi nyi on May 2, 2012 at 11:11 AM

    ကိုမိုးသီး ကို မေးပါရစေ..
    နိုင်ငံရေးလုပ်တာ ပါဝါကြီးထွားဖို့ လား၊ သူရဲကောင်းဖြစ်ဖို့ လား၊ နာမည်ကောင်းရဖို့ လား ဒါမှမဟုတ် တိုင်းပြည်နဲ့ လူမျိုးအတွက်လားဗျာ...
    ဦးသိန်းစိန် နာမည်ကြီးတာ မကြီးတာ အရေးမကြီးပါဘူး...
    သူ တိုင်းပြည်အတွက် စဉ်းစားပြီးလုပ်တာတွေက တိုင်းပြည်အတွက်အမြတ်ထွက်တာပေါ့ဗျာ...
    ဒေါ်အောင်ဆန်းစုကြည် လွှမ်းမိုးမှာ စိုးလို့ ဖြစ်စေ၊ သူတို့ ဘာသာ သူတို့ နိုင်ငံအတွက် ကြိုးစားတာ ဖြစ်စေ....နိုင်ငံအတွက် အကျိုးရှိဖို့ က အဓိက လို့ ကျွန်တော်မြင်ပါတယ်...

Leave a comment

Join Free