- အရင်က ရွာထဲမှာ ၀မ်းပျက်၊ ၀မ်းလျှောတွေဖြစ်ပြီဟေ့ဆိုရင် ဒါဟာ အစားအသောက်မဆင်ခြင်လို့ ဖြစ်ရတာလို့ပဲ ကင်မွန်းခြုံရွာသား အများစုက မှတ်ယူထားကြပါတယ်။
“အခုနောက်ပိုင်းကျမှ ယင်လုံအိမ်သာတွေ မသုံးလို့ ၀မ်းပျက်ဝမ်းလျှောတွေ အဖြစ်များရတယ်ဆိုတာ သိလာကြတာ” လို့ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ထဲမှာရှိတဲ့ ကင်မွန်းခြုံရွာရဲ့ ဥက္ကဋ္ဌဦးသန်းမောင်က ပြောပါတယ်။

ယင်လုံအိမ်သာ ဘာကြောင့် သုံးဖို့လိုလဲဆိုတာကို အသေအချာ မသိတဲ့အတွက်ကြောင့်လည်း အရင်က အိမ်သာသွားချင်ကြပြီဆိုရင် နီးစပ်ရာ တော၊ ခြုံတွေမှာပဲ ဖြစ်သလို သွားလိုက်ကြတာများတယ်လို့ ကျေးရွာဥက္ကဋ္ဌက ဆိုပါတယ်။
ရွာနီးချုပ်စပ်မှာ အဆင်ပြေသလို စွန့်ပစ်လိုက်တဲ့ မစင်တွေ ကိုယ်စားတဲ့အစားအစာထဲကို ဘယ်လိုရောက်လာ နိုင်တယ်ဆိုတာကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(Unicef)နဲ့  အစိုးရကျန်းမာရေး ၀န်ထမ်းတွေက ပြီးခဲ့တဲ့ ၆ လလောက်က လက်တွေ့ကျကျ မျက်စိထဲမှာ ထင်မြင်လာအောင် သင်တန်းပေး အပြီးမှာတော့ အိမ်ခြေ ၉၀ နီးပါးရှိတဲ့ ကင်မွန်းခြုံရွာမှာ ယင်လုံအိမ်သာတွေ သူ့ထက်ငါ ဆောက်လုပ်လာကြ တယ်။

Unicef နဲ့ အစိုးရ ကျန်းမာရေးဝန်ထမ်းတွေဟာ ကင်မွန်းခြုံရွာအပါအ၀င် ကျေးရွာပေါင်း ၁၄၀ ကျော်မှာ Community Led Total Sanitation ခေါ် “လူထုဦးဆောင် အလုံးစုံသန့်ရှင်းရေး” စီမံချက်ကို ဖော်ဆောင်နေ ကြပါတယ်။

“သင်တန်းတွေ ပြီးတဲ့အခါမှာ ယင်လုံအိမ်သာကို ဘာကြောင့် အားလုံး သုံးဖို့သင့်တယ်ဆိုတာကို ရွာကလူတွေ သဘောပေါက်ကုန်ကြတယ်။…ရွာတစ်ရွာမှာ အခြားအိမ်တွေက ယင်လုံအိမ်သာသုံးပြီး တစ်အိမ်က မသုံးဘူးဆိုရင်တောင် တစ်ရွာလုံးမှာ ၀မ်းပျက်၊ ၀မ်းလျှောဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သဘောပေါက်ကုန်ကြတယ်” လို့ Unicef ရဲ့ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဌာန အကြီးအကဲ မစ္စတာ ဒါရာ ဂျွန်စတန်က ပြောပါတယ်။

တစ်ရွာလုံးရဲ့ ကျန်းမာရေးအတွက် တစ်အိမ်မကျန် ယင်လုံအိမ်သာ သုံးရမယ်ဆိုတယ်ကို နားလည်လာကြတဲ့ အလျောက် ပေါက်ခေါင်းမြို့နယ်ထဲက ဆယ်အိမ်မှူး၊ ရာအိမ်မှူးအချို့အတွက် အလုပ်တစ်ခုလည်း တိုးလာပါတယ်။ အဲဒါကတော့ ယင်လုံအိမ်သာ ဆောက်ကြရဲ့လား၊ ဆောက်ပြီးရင်ကော သုံးကြရဲ့လားဆိုတာ ကြပ်မတ်ပေး ကြရတဲ့ အလုပ်ပါ။ လက်ထဲမှာ ငွေအသင့်မရှိလို့ မဆောက်နိုင်ရင် ပိုက်ဆံစုပြီး မဖြစ်မနေလိုက် ဆောက်ပေးကြ တာ တွေလည်း ရှိပါတယ်။

ပြည်မြို့ကနေ ပေါက်ခေါင်းမြို့ကိုသွားတဲ့ ကားလမ်းရဲ့ ညာဘက်ခြမ်းက ရေဦးဆိုတဲ့ ရွာမှာ ဆယ်အိမ်မှူး ကိုသက်နိုင်ဟာ သူ့ရွာထဲမှာ အိမ်သာမဆောက်ရသေးတဲ့ မိသားစုဆီကို နေ့စဉ်လိုလို သွားကာ “အိမ်သာ ဘယ်တော့ ဆောက်မှာတုန်း၊ အိမ်သာ ဘယ်တော့ ဆောက်မှာတုန်း” ဆိုပြီး တွန်းအားပေးနေရတာတဲ့။

ယင်လုံအိမ်သာကို သုံးလိုက်ရပြီဆိုရင်၊ ယင်လုံအိမ်သာရဲ့ ကောင်းကွက်တွေကို သိရှိလာတဲ့ ရွာသူ၊ ရွာသားတွေဟာ ယင်လုံအိမ်သာဆိုတာ သူတို့အတွက် ကျန်းမာရေးကိစတစ်ခုတင်မဟုတ်၊ လူနေမှု အဆင့်အတန်း တစ်ခုကို ဖော်ပြသော ပြရုပ်တစ်ခုဖြစ်တယ်လို့လည်း ခံယူထားကြပါတယ်တဲ့။

အရင်တုန်းကဆိုရင် တောတိုးရင်တိုး၊ အိမ်မှာရှိတဲ့ အိမ်သာကို သုံးမယ်ဆိုရင်လည်း တွင်းအိမ်သာ၊ အနံ့တွေက တထောင်းထောင်း၊ ယင်တွေကလည်း တ၀ီဝီနဲ့ အောက်ငုံ့ကြည့်ရင် မစင်တွေက ဒုနဲ့ဒေး။

“ပြန်စဉ်းစားကြည့်ရင် ရှက်စရာ တော်တော်ကောင်းတယ်။ ရွံ့စရာလည်း တော်တော်ကောင်းတယ်” လို့ ကင်မွန်းခြုံရွာမှာ မွေးဖွား၊ ကြီးပြင်းကာ အိုမင်းစပြုလာပြီဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်စန်းက ပြောပြပါတယ်။

ဒီကနေ့တော့ သူမခြံထောင့်မှာ ယင်လုံအိမ်သာတစ်လုံးရှိလာပြီ။ အပေါ့အလေးသွားချင်တိုင်း အိမ်သာကို မပျက်မကွက်သုံးတတ်တဲ့ အလေ့အထလည်း သူ့မှာ ရှိလာပြီတဲ့။

နိုင်ငံတကာမှာ အောင်မြင်နေပြီး မြန်မာနိုင်ငံမှာ ၂၀၁၀ လောက်ကမှ စတင် မိတ်ဆက်၊ အကောင်အထည်ဖော် တဲ့ “လူထုဦးဆောင် အလုံးစုံသန့်ရှင်းရေး” စီမံချက်ဟာ ယင်လုံအိမ်သာ ဆောက်ဖို့ ပစည်းပစယထောက်ပံ့ ပေးတဲ့ စီမံကိန်းမျိုးမဟုတ်ပါဘူး။ အိမ်သာဆောက်ဖို့ ပစ္စည်းပစ္စယ ထောက်ပံ့ပေးတဲ့ ချဉ်းကပ်နည်းဟာ ရေရှည်မှာ အောင်မြင်မှုမရှိတတ်ဘူးလို့ မစ္စတာ ဂျွန်စတန်က ပြောပါတယ်။

အကြောင်းကတော့ “အိမ်သာ ဘာကြောင့် သုံးဖို့လိုလဲဆိုတာကို ပြည့်ပြည့်စုံစုံ နားမလည်ထားကြတဲ့ အတွက်ကြောင့် အိမ်သာ ပျက်သွားလို့ရှိရင် ပြန်ပြင်ဖို့ကို ဦးစားပေးပြီး လုပ်ကြမှာ မဟုတ်ဘူး။ ပစ္စည်းလာထောက်ပံ့မှပဲ ပြင်ကြလိမ့်မယ်” လို့ မစ္စတာ ဂျွန်စတန်က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၀ နှစ်လယ်လောက်ကတည်းက အိမ်သာတွေ ကောင်းမွန်ရေးအတွက် အစိုးရက လုပ်ဆောင်လာခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ယင်လုံအိမ်သာတွေ ဆောက်ဖို့ အစိုးရက ပစ္စည်းပစ္စယအချို့ကို ထောက်ပံ့ပေးလာခဲ့ပါတယ်။

ထိုစဉ်က အစိုးရ ထောက်ပံ့ပေးတာကို မယူရင် သက်ဆိုင်ရာက အရေးယူမှာစိုးလို့ လက်ခံထားကြရပေမဲ့ အသုံးပြုရကောင်းမှန်း တော်တော်များများ မသိကြဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပြပါတယ်။

“တချို့က အိမ်မှာ ချောင်ထိုးထားကြတယ်။ တချို့က ဈေးမှာ သွားရောင်းပစ်ကြတယ်။ သုံးရကောင်းမှန်း သိတဲ့လူ မရှိသလောက်ပဲ” လို့ ပေါက်ခေါင်းမြို့နယ်ထဲက ကြို့ပင်ဝိုင်းရွာဘက်မှာ အနှစ် ၂၅ ကျော် ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ ၀မ်းဆွဲဆရာမ ဒေါ်မြင့်မြင့်အေးက ပြန်ပြောင်းပြောပြပါတယ်။

“အခုနောက်ပိုင်းကျမှ လူတွေက (ယင်လုံအိမ်သာ ဘာကြောင့် အရေးကြီးလဲဆိုတာကို) သိလာကြပြီး အိမ်သာတွေ ဆောက်လာကြတာ” လို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

အစိုးရက ထုတ်ပြန်တဲ့စာရင်းတွေအရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၄ ရာခိုင်နှုန်းမှာ ကောင်းမွန်တဲ့ အိမ်သာတွေ ရှိကြတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေက ဒီအချက်အပေါ်မှာ သံသယရှိတယ်လို့ဆိုပါတယ်။

“အိမ်သာသုံးတဲ့နှုန်းမြင့်ရင် ၀မ်းလျှောနှုန်း ကျလာရမယ်။ အခုက အဲလိုမဟုတ်ဘူး။ ၀မ်းလျှောတဲ့နှုန်းတွေ တက်တက်လာတာကို ကြည့်ရင် အဲဒီကိန်းဂဏန်းဟာ မမှန်နိုင်ဘူး” လို့ Unicef အရာရှိဆိုပါတယ်။

Unicef အဆိုအရ ၂၀၀၃ ခုနှစ်တုန်းက ၀မ်းပျက်၊ ၀မ်းလျှောတဲ့နှုန်းဟာ ၂၁ ယောက်မှာ ၁ ယောက်နှုန်းရှိခဲ့ရာက ၂၀၁၀ ခုနှစ်ရောက်တော့ ၁၅ ယောက်မှာ ၁ ယောက်နှုန်းရှိလာပါတယ်။ (ရာခိုင်နှုန်းအနေနဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းကနေ ၆ ဒသမ ၇ ရာခိုင်နှုန်းကို တက်လာတာပါ။)

အာရှတိုက်မှာ ငါးနှစ်အောက် ကလေးသေဆုံးနှုန်း အာဖဂန်နစတန်ပြီးရင် ဒုတိယအမြင့်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကြား ၀မ်းပျက်၊ ၀မ်းလျှောနှုန်းဟာ အတော်ကို မြင့်မားနေတယ်လို့ဆိုပါတယ်။ ကလေးငယ်တွေကြား ၀မ်းပျက်၊ ၀မ်းလျှောနှုန်းဟာ ၇ ဒသမ ၉ ရာခိုင်နှုန်း(ကလေး ၁၃ ယောက်မှာ ၁ ယောက်နှုန်း)အထိကို ဖြစ်ပွားတယ်လို့ဆိုပါတယ်။

ဝမ်းပျက်၊ ၀မ်းလျှောနှုန်းကို လျှော့ချရေး လုပ်ဆောင်တဲ့နေရာမှာ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေကို အကြီးအကျယ်စိန်ခေါ်တာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျေးလက်နေပြည်သူတွေ အိမ်သာတက်တဲ့အခါ ရေနဲ့ သန့်ရှင်းရေးမလုပ်ဘဲ “ဒုတ်” ကိုပဲ သုံးနေကြတဲ့ ကိစလို့ဆိုပါတယ်။

“ဒုတ် မသုံးကြဖို့ လိုက်လိုက်ပြောရတာ တော်တော် ပင်ပန်းတယ်” လို့ ကင်မွန်းခြုံရွာ အပါအ၀င် ကျေးရွာပေါင်း တစ်ဒါဇင်လောက်ကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေးလုပ်သားတစ်ယောက်က စိတ်ရှုပ်ထွေးဟန်နဲ့ ပြောပြပါတယ်။

ဒုတ်သုံးရင် ဒုတ်မှာ ကပ်နေတဲ့ မစင်ကို ယင်နားမယ်။ အဲဒီကနေ အစားအစာထဲကို ရောက်မယ် ဆိုတာကို နားလည်အောင် ရှင်းပြတာတောင် ဒုတ်ကိုပဲ သုံးနေတဲ့သူတွေက သုံးနေကြတုန်းပဲ။

အသိရှိလာပေမဲ့ အဲဒီအသိကို လက်တွေ့အသုံးချဖို့ဆိုတာ လွယ်ကူတဲ့ကိစတော့ မဟုတ်ဘူးလို့ ကင်မွန်းခြုံရွာအနီးမှာရှိတဲ့ ဒွရွာက ရာအိမ်မှူး ဦးရဲထွဋ်ကဆိုပါတယ်။

ဆေးပေါ့လိပ်ကို ဖြည်းဖြည်းချင်းဖွာရှိုက်ရင်း ဦးရဲထွဋ် တွေးတွေးဆဆပြောတာက “အကျင့်ဟောင်းကို ဖျောက်ဖို့ ကျနော်တို့ အချိန်တော့ ယူကြရလိမ့်ဦးမယ်ဗျ”တဲ့။          ။

YPI မှ ဖြစ်သည်။
ယင်လုံအိမ်သာနှင့် ကျေးရွာသား တဦး
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free