လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်အနေနဲ့ The Hot News ဂျာနယ်နဲ့ အဆိုပါ ဂျာနယ် အယ်ဒီတာချုပ် မမရဲ့ ကလောင်အား ထိခိုက်နစ်နာရန် မဟုတ်မမှန်သော အပြောအဆို၊ အပြုအမူ၊ အကြောင်းရပ်များကို ဆက်လက် ရှာဖွေ သိရှိပါက တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်မှာ ဖြစ်ကြောင်း အယ်ဒီတာချုပ် မမက The Hot News Weekly ဂျာနယ် အင်တာနက်စာမျက်နှာကတဆင့် ထုတ်ပြန် ကြေငြာပါတယ်။ မြန်မာသတင်းဂျာနယ် အယ်ဒီတာတဦးက အစိုးရ အဖွဲ့ဝင် ၀န်ကြီးတဦးအား ဥပဒေကြောင်းအရ ဆောင်ရွက်မှာ ဖြစ်ကြောင်း အခုလို ထုတ်ဖော် ကြေငြာချက်ဟာ မျက်မှောက်ခေတ် မြန်မာသတင်းလောကရဲ့ ပထမဆုံး ကြေငြာချက် ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအရ မီဒီယာများ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် စမ်းသပ် ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ အစိုးရ၀န်ကြီးဌာန နှစ်ခုက သတင်းမီဒီယာနှစ်ခုအား တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။ ထို တရားစွဲဆိုမှု နှစ်မှုအနက် တမှုဟာ သတ္ထုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အား ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။ အခုအချိန်မှာ နှစ်ဘက်စလုံး အမှုရင်ဆိုင်နေရာ သက်ဆိုင်ရာဝန်ကြီးဌာနက သတင်းဂျာနယ်ကို သတင်းရေးသားသူ ထုတ်ဖော် ပြောကြားရန် တောင်းဆိုခဲ့ပါတယ်။ (ဖြစ်စဉ်ဟာ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ တိုက်ရိုက် မပတ်သက်ဘဲ သတင်းဖော်ပြရာမှာ The Voice ဂျာနယ်က ပြန်ကြားရေးဝန်ကြီးဌာနကို မထိခလုပ် ထိခလုပ် ရေးသားခဲ့တဲ့အတွက် တဖက်လှည့်နဲ့ သတ္ထုတွင်း ၀န်ကြီးဌာနက တရားစွဲတာဖြစ်ကြောင်း ပြောနေတာတွေလည်း ကြားရပါတယ်။) အဲဒီလို အမှုရင်ဆိုင်တဲ့နေ့က တရားရုံးပြင်ပတွင် သတင်းဓါတ်ပုံ ရိုက်ကူးတဲ့ အလဲဗဲန်းဂျာနယ် သတင်းထောက်ကို သက်ဆိုင်ရာ တရားရုံးက ရိုက်ကူးထားတဲ့ ဓါတ်ပုံ ဖျက်ပေးရန်လည်း ဖိအားပေးခဲ့ပါတယ်။ ထိုဖြစ်စဉ်တွေဟာ မီဒီယာကို ၀န်ကြီးဌာနက တရားစွဲဆိုတဲ့ အမှုတွေ၊ အာဏာပိုင်က သတင်းထောက်ကို ဖိအားပေးတဲ့ကိစ္စတွေ ဖြစ်ပေမယ့် အယ်ဒီတာ မမ ကတော့ ၀န်ကြီးကို တရားစွဲဆိုမှာဖြစ်ကြောင်း ထုတ်ပြန် ကြေငြာလိုက်တာ ဖြစ်ပါတယ်။ အယ်ဒီတာ မမ ဟာ ပေဖူးလွှာ၊ မုခ၊ The Hot News Weekly ဂျာနယ်တို့ကို တာဝန်ခံ ထုတ်ဝေနေသူဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်ကြီးများ အသိုင်းအ၀ိုင်းတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ကာ သူ့အိမ်ထောက်ဘက်ကတော့ မြန်မာအစိုးရအတွင်း ထဲထဲဝင်ဝင် ပတ်သက်သူ ဖြစ်ပါတယ်။ အယ်ဒီတာ မမ ထုတ်ဝေတဲ့ ၂၀၁၂ မတ်လ ၂၃ - ၂၉ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ ၂၊ အမှတ် ၈၄ တွင် ဖော်ပြထားတဲ့ တွေ့ဆုံမေးမြန်းမှုတွင် ၀န်ကြီး ဦးမြင့်လှိုင်က လွှတ်တော်ကိုယ်စားလှယ်အားလုံးအား ပြည်သူလူထုက အထင်အမြင် လွဲမှား၊ အယုံအကြည်ကင်းမဲ့၊ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်တဲ့ အသုံးအနှုန်းများ သုံးနှုန်းခဲ့ပါတယ်။ ထို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၂၀၁၂ ဧပြီ ၃၀ ရက်နေ့၌ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်တွင် ၀န်ကြီး ဦးမြင့်လှိုင်က လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ နားလည် ခွင့်လွှတ်ပေးရန် လေးစားစွာ ထပ်လောင်း မေတ္တာရပ်ခံ တောင်းပန်ခဲ့ကာ တောင်းပန်မှုကို နိုင်ငံပိုင်သတင်းစာနဲ့ မီဒီယာများတွင် ဖော်ပြခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးမြင့်လှိုင်က သတင်းသမားတဦးကို မိသားစုအသွင် အလွန် စိတ်ရှည်စွာ ဆွေးနွေးတင်ပြခဲ့တာဖြစ်ကြောင်း တောင်းပန်ရာမှာ ပြောဆိုခဲ့ပါတယ်။ တောင်းပန်စကား ပြောကြားစဉ် ၀န်ကြီး ဦးမြင့်လှိုင်က “ကျွန်တော်တို့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေ၊ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ရဲ့ အစိုးရကို မတည်မငြိမ်အောင်၊ စည်းရုံးမှုတွေ ပြိုကွဲအောင် ဖန်တီးလိုတဲ့ အသံတွေ စာနယ်ဇင်းတွေ၊ ဂျာနယ်တွေ၊ အဲဒီထဲမှာ ကောင်းတဲ့ ဂျာနယ်တွေ၊ စာနယ်ဇင်းတွေလည်း ရှိပါတယ်။ မကောင်းတာတွေက များ ပါတယ်။ အမျိုးမျိုး ဝေဖန်ကြ၊ ပြစ်တင် ရှုတ်ချကြတယ်၊ ကျွန်တော်တို့ကို တခုမဟုတ် တခု၊ ကြားလေ သွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေတယ်“ လို့ ပြောကြားကြောင်း အယ်ဒီတာ မမက သူ့ရဲ့ လွှတ်တော်ကိုယ်စားလှယ်များအား လယ်/ဆည်ဝန်ကြီး၏ တောင်းပန်ချက် နှင့်ပတ်သက်၍ Hot News Weekly Journal အယ်ဒီတာချုပ် မမ ၏ ရပ်တည်ချက် သဘောထား (ဒုတိယပိုင်း) တွင် ဖော်ပြထားပါတယ်။ အဲဒီလို ပြောကြားခြင်းဟာ ပြည်ထောင်စုဝန်ကြီးတဦးအနေနဲ့ မိမိ ပြောဆိုခဲ့တဲ့ နှုတ်ထွက်စကားကို တာဝန်ယူမှု မရှိ ထိန်းသိမ်းမှု မရှိဘဲ ဂုဏ်သိက္ခာမဲ့စွာ မိမိအပြစ်ကို သူတပါးအပေါ်သို့လွှဲပြီး အခြေအမြစ် မရှိ၊ လွယ်လွယ် ပြောဆိုသွားသည်ဆိုခြင်းကို တိတိပပ လေ့လာ တွေ့ရှိရတဲ့အတွက် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်အနေနဲ့ The Hot News ဂျာနယ်နဲ့ အဆိုပါ ဂျာနယ် အယ်ဒီတာချုပ် မမရဲ့ ကလောင်အား ထိခိုက်နစ်နာရန် မဟုတ်မမှန်သော အပြောအဆို၊ အပြုအမူ၊ အကြောင်းရပ်များကို ဆက်လက် ရှာဖွေ သိရှိပါက တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ပါမှာ ဖြစ်ကြောင်း အယ်ဒီတာချုပ် မမက The Hot News Weekly ဂျာနယ် အင်တာနက်စာမျက်နှာကတဆင့် ထုတ်ပြန် ကြေငြာလိုက်ခြင်း ဖြစ်ပါတယ်။

၂၀၁၂ မေ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှ
၂၀၁၂ မေ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှ

ယနေ့မြန်မာသတင်းဋ္ဌာနမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free