ယခုလ ၁၄ရက်နေ့တွင် အင်းစိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်တခုမှ တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီမှ ၎င်းတို့ဝယ်ထားသော မြေကွက်မှ ဆင်းမပေးသော အိမ်ငှားများ လမ်းပေါ်သို့နှင်ချခဲ့ကြောင်း အိမ်ငှား တဦးဖြစ်သူ ဦးမြင့်ဦးကပြောသည်။

“ကျွန်တော်တို့လူကြီးတွေမရှိတုန်း ကျွန်တော့်သမီးလေးတယောက်တည်းရှိနေတဲ့အချိန်မှာ ကုမ္ပဏီကလူတွေရယ် ရပ်ကွက်က လူတွေလဲအပါလူ၂၀လောက်အိမ်ကို လာဖျက်သွားတယ် ပစ္စည်းတွေလည်း လမ်းပေါ်မှာ ပုံထားတယ် အခုကျွန်တော်တို့ လမ်းပေါ်မှာပဲနေနေတယ်”ဟု၎င်းက ပြောသည်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် ကျူးကျော်နေရာ အဖြင့်သတ်မှတ်ထားသည့် မြို့သစ် ကခ ရပ်ကွက် အပိုင်း (၃)၊ (က) ၃ လမ်း၊အိမ်နံပါတ် (၉၃) ၏အိမ်ကို တော်ဝင်ကုမ္ပဏီကပြီးခဲ့သည့် လပိုင်းများက အိမ်ရှင်များထံ မှဝယ်ယူခဲ့သည်။

အိမ်မှာ ၀ါး၊ဓနိများဖြင့်ဆောက်ထားသည့် အိမ်ဖြစ်၍ အဆိုပါခြံအမှတ် (၉၃)တွင် ယခင်က ပိုင်ရှင်မှ အိမ်သုံးလုံးဆောက်လုပ်ပြီး အိမ်ငှားများတင်ထားရာ ရောင်းချပြီးနောက်ပိုင်းပြီးခဲ့သည့်မတ်လက အိမ်သုံးလုံးစလုံးကိုဖျက်ပစ်ကာ နှင်ထုတ်စဉ် အိမ်ငှားတဦးဖြစ်သူ ဦးမြင့်ဦးမှဆင်းပေးရန်အဆင်မပြေသေးဟုဆိုကာ ခြံဘေးမြေကွက်လပ်တွင် နောက်ထပ်တဲလေးတလုံးထပ်ထိုးကာ ဆက်လက် နေထိုင်နေခဲ့သည်။

ထိုသို့နေထိုင်လာရာမှ ယခုလ ၁၄ ရက်နေ့မှ ကုမ္ပဏီမှလူများက အဆိုပါတဲကို ဖျက်သိမ်း၍ ပစ္စည်းများကို ခြံရှေ့ရှိ လမ်းမပေါ်သို့ပုံထားခဲ့သည်ဟုဆိုသည်။

ဦးမြင့်ဦးမှအိမ်ငှားနေစဉ်လိမ်လခမှာ တသောင်းကျပ်ဖြစ်ပြီး ခြံကိုပိုင်ရှင်မှ တော်ဝင်ကုမ္ပဏီသို့ခြံကို ခြောက်သိန်း ၀န်းကျင်ဖြင့် ရောင်းချခဲ့ကြောင်း အိမ်နီးဝန်းကျင်များကဆိုသည်။

ဦးမြင့်ဦး၏ ပြောကြားချက်အရ ၎င်းတို့မှာဆင်းပေးရန်အဆင်မပြေသေးသည့်ကာလတွင် အိမ်၌ ကလေး တဦးတည်းရှိနေစဉ် ယခုကဲ့သို့ လူအင်အားသုံးပြီး အိမ်ကိုဖျက်၍ မင်းမဲ့စရိုက်ဆန်ဆန် မနှင်ချသင့်ဟုဆိုသည်။

“အဖေတို့ အမေတို့ မရှိတဲ့ အချိန်မှာသူတို့လာဖျက်တော့ သမီးကကြောက်လည်းကြောက်တယ် ရှက်လည်း ရှက်တယ်”ဟု အိမ်ဖျက်စဉ် တယောက်တည်းရှိနေသည့် ဦးမြင့်ဦး၏ သမီးဖြစ်သူ အသက်၁၅ နှစ်အရွယ်ရှိ မခိုင်မြတ်လင်းက ပြောသည်။

အဆိုပါနေရာသို့ မီဒီယာများသတင်းယူနေစဉ် လာရောက်မှတ်တမ်းယူနေသည့် တော်ဝင်ကုမ္ပဏီမှ ၀န်ထမ်းတဦးက ၎င်းတို့က အိမ်ငှားများ ဆင်းရန် နှစ်လ သုံးလ အချိန်ပေးခဲ့သော်လည်း မဆင်းသောကြောင့် ယခုကဲ့သိုလုပ်ရခြင်းဖြစ်ကြောင်းဆိုသည်။

ရပ်ကွက်ရှိဆယ်အိမ်မှူး ဦးမျိုးအောင်ကမူ “ဒီကိစ္စ ကျွန်တော်တို့နဲ့ပတ်သတ်တယ်လို့တော့ပြောလို့မရဘူး ကုမ္ပဏီကလူတွေက သူတို့ဒီ လိုလုပ်တာတော့ အသိလာပေးတယ် ဒါပေမဲ့ လုပ်တာတော့ ကျွန်တော်တို့ မသိဘူး”ဟုဆိုသည်။

ရပ်ကွက်အတွင်း တော်ဝင်ကုမ္ပဏီမှဝယ်ထားသည့် အိမ်များ (အနီရောင် ကြက်ခြေခတ်အမှတ်အသား များလုပ်ထားသည့်အိမ်များ) အများအပြားရှိကြောင်းလည်းတွေ့ရသည်။

အဆိုပါရပ်ကွက်အနီးတွင် တော်ဝင်ကုမ္ပဏီက ဆောက်လုပ်နေသည့် အိမ်ယာ စီမံကိန်းတခုက အမည်မဖေါ်လိုသော တာဝန်ခံဟု ဆိုသူက ၎င်းတို့မှာ ခြံကိုအရပ်အရောင်းအ၀ယ် ဖြင့် ၀ယ်ထားခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ဖြစ်စဉ်မှာ ၎င်းတို့ကုမ္ပဏီမှ လုပ်ခြင်းမဟုတ်ဘဲ ရောင်းချသူ အိမ်ရှင်များကသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။

လက်ရှိဖြစ်ပျက်နေသောကိစ္စနှင့်ပတ်သက်၍ ၎င်းအနေဖြင့်ပြောကြားပိုင်ခွင့်မရှိဟုလည်း ဆိုသည်။
ယခုလို အိမ်ဖျက်၍ နှင်သည့် ဖြစ်စဉ်အား နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံသို့ လွန်ခဲ့သည့် မတ်လက တိုင်ကြားခဲ့ကာ ကိစ္စကိုလည်း အင်းစိန်မြို့နယ်ရဲစခန်းသို့လည်း တိုင်ကြားထားကြောင်း ဦးမြင့်ဦးကဆိုသည်။

လက်ရှိအဖြစ်အပျက်ကို ဦးမြင့်ဦးဘက်မှလိုက်ပါကူညီဆောင်ရွက်နေသည့် ဦးခင်မောင်ကြီးက “ကျွန်တော်ကဖြစ်စေချင်တာက ကုမ္ပဏီကအခုလိုလုပ်တာကိုနိုင်ငံတော်ကခွင့်ပြုထားသလားပေါ့။ အခု လုပ်ရပ်က မင်းမဲ့စရိုက်ဆန်တယ်လို့မြင်တယ်”ဟုပြောသည်။

လက်ရှိတွင် သားသမီးလေးယောက်ရှိသည့်ဦးမြင့်ဦးတို့မိသားစု မှာ အဆိုပါခြံဝင်းအပြင်ဘက်တွင် အဖီချ၍ နေထိုင်လျက်ရှိပြီး ၎င်းအနေဖြင့် ရွှေ့ပြောင်းပေးရန် အဆင်မပြေသေးဟုဆိုသည်။
ဦးမြင့်ဦးမှာ ဘုရင့်နောင်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ အလုပ်လုပ်ကိုင်ကာ တနေ့လျင် ကျပ် ၂၀၀၀ ၀န်းကျင်ရရှိသည်ဟုဆိုသည်။        ။

အိမ်ဖျက်ပြီး နှင်ခံရသည့် ဦးမြင့်ဦး မိသားစုက စည်းရိုးအပြင်တွင် အဖီချနေထိုင်လျှက်ရှိသည်ကို မေလ ၁၇ ရက်နေ့နံနက်ပိုင်းက ယခုလို မြင်တွေ့ရသည်။    
Yangon Press International မှ ကူးယူဖော်ပြသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free