ဒု သမ္မတသစ် ဘယ်သူဖြစ်မလဲ

ဒု သမ္မတ ဟီဟသူရ ဦးတင်အောင်မြင့်ဦးက မေလ ၃ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ၎င်း၏နေရာတွင် မည်သူ့ကို ရွေးချယ်ခန့်အပ်မည်နည်း ဆိုသည်ကို လူအများက စိတ်ဝင်စားလျက်ရှိသည်။
၀၁၁ ခု ဇွန်လအတွင်းက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် မြင်တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - AP / straitstimes.com)
ဦးတင်အောင်မြင့်ဦး၏ နေရာ၌ လက်ရှိ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့၏ အမည်စာရင်းကို ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။
သို့သော် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း အစိုးရမီဒီယာများက တရားဝင် ထုတ်ပြန်ကြေညာမှု မရှိသေးပေ။ ပြည်တွင်း ပုဂ္ဂလိက မီဒီယာများတွင်လည်း ထိုသတင်းကို ဖော်ပြရေးသားခွင့် ပိတ်ပင်ထားကြောင်း ဂျာနယ်များထံမှ သိရသည်။ စိစစ်ရေးမှ ဖော်ပြခွင့် မပေးခြင်းသည် ကောလာဟလ သတင်းဖြစ်၍ ရေးသားပုံနှိပ်ခွင့်မပေးခြင်းဖြစ်ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ ဖြေဆိုထားသည်။
ဦးတင်အောင်မြင့်ဦး နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး တရပ်ခေါ်ယူကာ အတည်ပြုပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လွှတ်တော်ကိုယ်စားလှယ်များထံ တစုံတရာ အကြောင်းကြားမှု မရှိသေးကြောင်း ကိုယ်စားလှယ်များက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ဆီကို အကြောင်းကြားတာ မရှိသေးပါဘူး။ တကယ်လို့ အသစ်ခန့်မယ်ဆိုရင်တော့ သူရ ဦးရွှေမန်းကို ပို သဘောကျပါတယ်။ သူနဲ့က အတူတူ လုပ်နေကြတာဆိုတော့ ထိတွေ့မှုလည်း များပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေတစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်စီက ဧရာဝတီသို့ ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ တာဝန်သည် ပိုမိုကြီးမားသည့်အတွက် ဦးရွှေမန်းအနေဖြင့် ဒုသမ္မတ တာဝန်ကို ပြောင်းရွှေ့ထမ်းဆောင်လိမ့်မည် မဟုတ်ဟု ယူဆကြောင်းလည်း ကိုယ်စားလှယ် တချို့က ဆိုသည်။
“ဒု သမ္မတ နေရာမှာ ဦးတင်အောင်မြင့်ဦးထက် ဦးတင်အေး ကိုပဲ ၂၀၁၀ ရွေးကောက်ပွဲ ပြီးကတည်းက ရွေးမယ်လို့ ထင်ခဲ့ပါတယ်။ သူက သဘောထားပျော့တဲ့သူဖြစ်လို့ ပိုပြီးတော့ သင့်တော်ပါတယ်။ သူရ ဦးရွှေမန်းကတော့ ဒု သမ္မတ လုပ်မှာ မဟုတ်လောက်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်းရေးဆွဲရေး ကော်မတီဝင် ဦးဘရှိန်က ဆိုသည်။
အစိုးရအနေဖြင့် ဒု သမ္မတတဦး ရှိနေသည့်အတွက် အသစ်တင်မြှောက်ခြင်းကိစ္စအား လတ်တလော အခြေအနေအရ မြန်ဆန်စွာ ဆောင်ရွက်လိမ့်ဟု မထင်ကြောင်းလည်း ဦးဘရှိန်က ပြောသည်။
ဦးရွှေမန်းသည် လွှတ်တော်ကိုယ်စားလှယ် အများစုနှင့် အဆင်ပြေသူဖြစ်ကြောင်း၊ ၎င်းအား လွှတ်တော်၌သာ ရှိစေချင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။ ၎င်းက “ဦးရွှေမန်းက ကိုယ်စားလှယ်တွေနဲ့ အသားကျနေပါပြီ၊ သူပြောင်းသွားရင် နောက်ထပ် ဥက္ကဋ္ဌအသစ်နဲ့ ဆက်ဆံရမှာဆိုတော့ သူ့ကို လွှတ်တော်ထဲမှာပဲ ရှိစေချင်ပါတယ်” ဟု ဆိုသည်။
ဦးတင်အောင်မြင့်ဦး နေရာ၌ အစားထိုးမည့်ပုဂ္ဂိုလ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး၊ ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီမှု ရရှိသူ ဖြစ်ရမည်။ ဒု သမ္မတများ ရွေးချယ်ရာ၌ တိုင်းရင်းသား ကိုယ်စားလှယ်တဦးနှင့် စစ်တပ် ကိုယ်စားလှယ်များမှ အဆိုပြုသူတဦးတို့အား တင်မြှောက်ပိုင်ခွင့်ရှိသည်။
ဦးတင်အောင်မြင့်ဦးအား စစ်တပ်ကိုယ်စားလှယ်မှ ရွေးချယ်ခဲ့ခြင်းသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ အချိန်ကဖြစ်ကြောင်း၊ လက်ရှိကာလသည် အခင်းအကျင်းသစ် ဖြစ်နေသည့်အတွက် မည့်သည့်ကိုယ်စားလှယ်ကိုမဆို အဆိုပြုနိုင်ကြောင်း ဦးစိုင်းဆောင်စီက ပြောသည်။
မကြာသေးခင် ရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဦးတင်အောင်မြင့်ဦး၏ နေရာ၌ တာဝန်ပေးနိုင်ဖွယ် ရှိကြောင်းလည်း အင်တာနက်စာမျက်နှာတချို့၌ ပြန့်နှံ့နေသည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား ဒု သမ္မတအဖြစ် ရွေးချယ်ပိုင်ခွင့် မရှိပေ။
ဖွဲ့စည်းပုံ၌ ဒု သမ္မတသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးအမြင်များ ရှိရမည်ဟု ပါရှိသော်လည်း လွှတ်တော်ကိုယ်စားအဖြစ် အရွေးခံထားရသူ မည်သူမဆို သမ္မတလောင်း အဖြစ်အဆိုပြုနိုင်ကြောင်း ဦးစိုင်းဆောင်စီက ပြောသည်။
၎င်းက “ကျနော့်အမြင်အရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုများ သူတို့က ကမ်းလှမ်းလာမလားဆိုပြီး စိတ်ကူးယဉ်ကြည့် မိတယ်။ အပြောင်းအလဲတွေက ရုပ်ရှင်ဇာတ်လမ်းတွေလိုပဲ ဖြစ်နေတာဆိုတော့လေ။ ပျော်စရာလည်း ကောင်းပါတယ်” ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့၌ ခေါင်းမာဂိုဏ်းသားများနှင့် အပျော့ဂိုဏ်းသားများဟု ကွဲပြားနေပြီး ခေါင်းမာဂိုဏ်းဝင်များဟု သတ်မှတ်ခံနေရသည့် ဦးတင်အောင်မြင့်ဦး၊ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း၊ အမှတ်(၁) လျှပ်စစ် ၀န်ကြီး ဦးဇော်မင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ၀န်ကြီးဟောင်း ဦးအောင်သောင်းတို့အား အပြောင်းအလဲ လုပ်မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
ဦးအောင်သောင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယင်းအဖွဲ့တွင် မပါဝင်တော့ပေ။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည်လည်း အစိုးရသတင်းစာများ၌ မတွေ့ရသည်မှာ သီတင်း တပတ်ခန့်ရှိနေပြီဖြစ်၍ ထင်ကြေးအမျိုးမျိုး ပေးခြင်းခံနေရသည်။
သို့သော်လည်း ဦးတင်အောင်မြင့်ဦး နုတ်ထွက်သည့် သတင်းအပါအ၀င် ၀န်ကြီးအပြောင်းအလဲများကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ နုတ်ထွက်စာတင်သည့်တိုင် သမ္မတ ဦးသိန်းစိန်က လက်ခံအတည်ပြုမှသာ ဦးတင်အောင်မြင့်ဦး နုတ်ထွက်မှု တရားဝင် ဖြစ်နိုင်သည်။
ဦးတင်အောင်မြင့်ဦးသည် လည်ချောင်းကင်ဆာရောဂါ လက္ခဏာများ တွေ့ရှိနေရသဖြင့် စိတ်ကျဝေဒနာကိုပါ ခံစားနေရကြောင်း၊ ဒု သမ္မတ ရာထူးမှ နုတ်ထွက်လွှာ တင်သွင်းထားကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကလည်း ပြောဆိုသည်။
ဒု သမ္မတ ဦးတင်အောင်မြင့်ဦးသည် DSA အပတ်စဉ် ၁၂ ကျောင်းဆင်းဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ နအဖအစိုးရ၏ အတွင်းရေးမှူး (၁) တာဝန်လည်း ထမ်းဆောင်ခဲ့သည်။ လတ်တလောတွင် ဒု သမ္မတအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်လည်း အဖွဲ့ဝင်ဖြစ်သည်။


ဧရာဝတီမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free