လျှပ်စစ်မီး ပိုမိုရရှိဖို့ ဖယောင်းတိုင်ထွန်းညှိ၍ ဆန္ဒထုတ်ဖေါ်ပွဲများ မြန်မာနိုင်ငံမြို့ကြီး အချို့တွင် ပြုလုပ်လျှက်ရှိရာ ပေါင်းတည်မြို့တွင်လည်း ယနေ့ညဦးပိုင်းက လူဦးရေ ၃၀၀ ၀န်းကျင်က ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်လိုက်ကြသည်။

ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သည့် လှုပ်ရှားမှုကို ပေါင်းတည်မြို့ အန်အယ်လ်ဒီပါတီဝင် အချို့က ဦးဆောင်ကြသည်ဟုလည်း မြို့ခံတဦးက ပြောသည်။

ပေါင်းတည်မြို့ခံ ဦးဝင်းနိုင်က “ ည ၇နာရီလောက်မှာ ရန်ကုန် ပြည် ကားလမ်းမကြီးနဘေး၊ မြို့ရဲ့ ဈေးရုံထိပ်မှာ လူစုပြီး ဖယောင်းတိုင်နဲ့ ဆန္ဒပြခဲ့ကြတာ” ဟု YPI သို့ပြောသည်။

တနာရီခန့်အကြာ ဆန္ဒထုတ်ဖေါ်ပြီးနောက် လျှပ်စစ်မီး ပြန်လာသည့်အတွက် ရုပ်သိမ်းလိုက်ကြသည်ဟု လည်း ၎င်းကပြောသည်။ အာဏာပိုင်များက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ယူမှုတော့ရှိခဲ့သည်ဟုလည်း မြို့ခံ ဦးဝင်းနိုင်က ပြောပြသည်။

လောလောဆယ် ပေါင်းတည်မြို့တွင် လျှပ်စစ်ဓါတ်အား ရရှိမှု အခြေအနေမှာ တရက်လျှင် စုစုပေါင်း ၄/၅နာရီဝန်းကျင်သာရှိသည်ဟုလည်း ၎င်းက ဆိုသည်။
လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်ခြင်းကို မေလ ၂၀ ရက်နေ့တွင် မန္တလေးမြို့မှ စတင်လိုက်ခြင်းဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် ရန်ကုန်မြို့တွင်လည်း စတင်ခဲ့ကြသည်။

ယနေ့ညဦးပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမ အနီးနှင့် တောင်ဒဂုံမြို့နယ်တို့တွင် ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဒုတိယနေ့ကို ပြုလုပ်ခဲ့ကြသည်။ အစိုးရက လျှပ်စစ်မီး ပေးဝေနိုင်မှု အခြေအနေနှင့်ပတ်သက်၍ ပြည်သူလူထုသို့ ပန်ကြားချက် တစောင်ကို တမြန်နေ့က ထုတ်ပြန်ခဲ့သည်။ ။

23 ရက်နေ့ YPI တွင် ဖော်ပြခဲ့သော သတင်းဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free