အလုပ်ကိုင် အခွင့်လမ်းရရှိနိုင်ခြေ နည်းလို့လား ၊ လက်ကြောမတင်းတဲ့ လူတွေများလို့လား ၊ သတ်သတ်မှတ်မှတ် အလုပ်မလုပ်ချင်ပဲ အလုပ်ခုန်ချင်သူတွေ များလို့ပဲလားမသိဘူး … အလုပ်လက်မဲ့တွေ များသည်ထက်များလာတယ် …. ။
  
အလုပ်လက်မဲ့များလာတာက ပြသနာမဟုတ်ပေမယ့် စားဝတ်နေရေး ၊ ဘ၀ရပ်တည်ရေးအတွက် ၀င်ငွေရှိမှု မရှိမှုဆိုတာ ပြသနာ တစ်ခုလို ဖြစ်လာတယ် ။ ဒီတော့လည်း…  ပိုက်ဆံရဖို့ အရေး တွေးပူရပြန်ပြီပေါ့ ။ ပိုက်ဆံရဖို့ ဆိုလျှင် တစ်ချို့ကတော့ သမ္မာအာဇီဝပဲ ရှာစားမယ်လို့ ခံယူထားကြပေမယ့် တစ်ချို့ကတော့ သမုဒ္ဒရာ ၀မ်းတစ်ထွာအရေးက ပိုအရေးကြီးတယ် မသမ္မာတာလည်း … စားသင့်လျှင်စားမှာပဲ ၊ လျှင်သူစားဆိုပြီး ဖျံကျ ရှာစားချင်သူတွေကလည်း ရှိနေပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျွန်မကတော့ ကိုယ့်ဝမ်းထဲ မျိုချရမယ့် ထမင်းတစ်လုတ်ကို သမ္မာအာဇီဝ ကျကျပဲ ရှာထားတဲ့ ပိုက်ဆံနဲ့ လိပ်ပြာ သန့်သန့်စားသောက်ချင်ပါတယ် … ။
အခုနောက်ပိုင်း မကြားချင်မှ အဆုံး ခဏခဏကြားနေရတဲ့ သတင်းကတော့  ခါးပိုက်နှိုက်ခံရခြင်းဆိုတဲ့ သတင်းပါပဲ ။ ရှေးယခင်ခေတ်တွေကတည်းက ပေါ့ပေါ့နေ ပေါ့ပေါ့စား ၊ လက်ကြောတင်းအောင် ရှာမစားချင်သူတွေကတော့ တရားသဖြင့် ရော ၊ မတရားသဖြင့်ရော မစဉ်းစားပဲ …. ခါးပိုက်နှိုက်ခြင်း အမှုကို ပြုပြီး ဒုစရိုက်မကြောက် ၊ အကုသိုလ်မကြောက် လုပ်စားကြလေရဲ့ ….။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ ခါးပိုက်နှိုက်ခြင်းက ရိုးအီ ပျောက်ကွယ်သွားခြင်း မရှိသော်လည်း ၊ခါးပိုက် နှိုက်တဲ့ နည်းတွေကတော့ မျိုးစုံပြောင်းလာခဲ့ပါတယ် ။
   ယခင်က ခါးပိုက်နှိုက်ဆိုတာမျိုးက ကားပေါ်တို့လိုမျိုး ၊ ရုပ်ရှင်ရုံတန်းစီတဲ့နေရာတို့လိုမျိုး စတဲ့ လူဦးရေ ၊ထူထပ် ကြပ်သိပ်သော နေရာတွေမှာသာ အဖြစ်များပြီး ၊ ခါးပိုက်နှိုက်အများစုက တကိုယ်တော် လှုပ်ရှားပါတယ် ။ ခါးပိုက်နှိုက်တာကို လူသိသွားတဲ့အခါ သူ့ကိုယ်သူကာကွယ်ရန် ငါးပြားစေ့လေးတွေရဲ့ အသွားကို သွေးပြီး ဓါးကဲ့သို့ ချွန်ထက်အောင် လုပ်ထားတယ်လို့ သိရပါတယ် ။ တပါးသူအား ခါးပိုက်နှိုက်နေသည်ကို မြင်တွေ့သော်လည်း ၊ ငါးပြားစေ့ရန်ကြောက်သဖြင့် လူသိအောင်ပြောဆိုရန် မ၀ံ့ရဲ ခဲ့ကြကြောင်းလည်း သိရတယ် ။ ခါးပိုက်နှိုက်က ပြောဆို ဖော်ထုတ်သူကို လက်မြန်ခြေမြန် မျက်နှာနှင့် ကိုယ်ခန္ဓာပေါ်သို့  ငါးပြားစေ့ဖြင့် လှီးခြစ်သွားသော ဇာတ်လမ်းများလည်း ကြားခဲ့ရဖူးပါတယ် ။
  
တဖြည်းဖြည်းပြောင်းလဲ လာသည့် ခေတ်ကို လိုက်၍ ခါးပိုက်နှိုက်များလည်း … လူပိုတစ်ယောက်ခေါ်ဆောင်ခြင်းဖြင့် …အကာကွယ်ယူတတ်လာကြတယ် ။ လူပိုတစ်ယောက်မှ အနှိုက်ခံရမည့်သူကို အာရုံပြောင်းအောင် လုပ်တတ်ပြီး ကျန်တစ်ယောက်မှ ကျူးလွန်ရန် ကြိုးစားခြင်းဖြစ်ပါတယ် ။ လူမိပါကလည်း ထို အဖော်ဖြစ်သူမှ အဟန့်တားဖြစ်အောင် ကာကွယ်ပေးခြင်းမျိုး ၊ ပိတ်စို့ တာဆီးပေးခြင်းမျိုး လုပ်ပြီး ကူညီပေးပါသတဲ့ ။ နောက်ပိုင်း အဖော်ပါသူ တစ်ယောက်မှ နှစ်ယောက်ထိ စုစုပေါင်း သုံးယောက်ပေါင်းပြီး ခါးပိုက်နှိုက်စားကြတာလည်း ကြားဖူးနားဝရှိခဲ့ပါတယ် ။
ဟိုးတလောက ဂျာနယ်တစ်ခုမှာ ဖတ်ရတဲ့ သတင်းလေးတစ်ပုဒ် ၊ ဖတ်ပြီးတော့ အံ့အားသင့်သွားပါတယ် ။ သေချာ ဂဃနဏ ကျကျ သေချာ ပြန်မရေးပြတတ်ပေမယ့် … မှတ်မိသလောက်ပြန်ရေးပြပေးလိုက်ပါတယ် ။ ခါးပိုက်နှိုက်တွေ လက်ရဲ ဇာတ်ရဲ ရှိလာတဲ့ အကြောင်းပါ ။ ၁၉၉ ယာဉ်လိုင်းပေါ်မှာ အုပ်စုလိုက် (လူ၈ယောက်) ခါးပိုက်နှိုက်ခဲ့ကြပါတယ် ။ ကျူးလွန်သူကို ယာဉ်နောက်လိုက်ရဲ့ အဖော်ဖြစ်သူက သိပေမယ့် မပြောရဲခဲ့ဘူး ။ ခါးပိုက်နှိုက် ကားပေါ်က ဆင်းသွားတဲ့ အချိန်မှသာ ခါးပိုက်နှိုက်သွာပြီဖြစ်တဲ့အကြောင်းပြောလည်းပြော ၊ ဟိုလူနှိုက်တာပဲ ဆိုပြီး လက်ညှိုးလည်း ညွှန်နေတဲ့အချိန် ကားပေါ်က ကျန်ခဲ့တဲ့ လူအချို့ ထဲမှ လူတစ်ယောက်က ဓါးမြောင်နဲ့ ပေါင်ကိုခွဲသွားပြီး ဆင်းပြေးသွားတာ ဖတ်လိုက်ရပါတယ် ။ အကာကွယ်ပေးဖို့ ကြိုးစားတဲ့ စပယ်ယာလည်း အထိုးခံရတယ်လို့ ရေးသားထားတာ ဖတ်လိုက်ရမိတယ် ။ ကမ္ဘာကြီး ဘယ်လိုဖြစ်သလဲတော့ မသိ ၊ လူတွေ ဖြစ်နေတာတော့ စိတ်ဓါတ်တွေ နိမ့်ကျလာတာပါ ။ ကောင်းရောင်းကောင်းဝယ် ကိုယ့်အစွမ်း အဆသုံးပြီး ရှာမစားချင်ပါပဲ  .. သူတပါး ချွေးနည်းစာကို ကလိမ်ကျတာ အတော်အောက်တန်းကျလွန်းပါတယ် ။ အခုလို လူကိုပါ အုပ်စုဖွဲ့  အန္တရာယ် ပြုတာကတော့ ခါးပိုက်နှိုက်တာနဲ့ မတူပဲ ၊ ဓါးပြတိုက်တာနဲ့တောင် ဆင်တူလို့ နေပါသေးတယ် ။ ၁၉၉ ကားပေါ်မှာ ဖြစ်ပွားခဲ့တဲ့နေရာကတော့ (ကြည့်မြင်တိုင်) သဲကွင်းမှတ်တိုင်မှာလို့ သိရပါတယ် ။ ထိုလူအုပ်စုကတော့ (ကြည့်မြင်တိုင်) နတ်စင်လမ်းမှတ်တိုင်ကနေတက်လာတာပါတဲ့လေ ။
ခါးပိုက်နှိုက်တွေ သောင်းကျန်နေတဲ့ သတင်းကြောင့် ကျွန်မလည်း သွားလေရာ ကိုယ့်ပစ္စည်းကိုယ် ဥစ္စာခြောက်လုပ်ပြီး ဂရုတစိုက်သွားပါတယ် ။ သမ္မာအာဇီဝ လုပ်အားနဲ့ ရထားတဲ့ ပိုက်ဆံမို့ ကိုယ့်ရဲ့ စိတ်ဆန္ဒမပါပဲ သူတပါးက ခိုးယူတာမျိုးကိုတော့ ရွံမုန်းပါတယ် ။ တစ်ကျပ်တစ်ပြားတောင် စေတနာမထားနိုင်ပါဘူး ။  ဒါကြောင့် ကားစီးတာမျိုးပဲ ဖြစ်ဖြစ် ၊ လူစုလူဝေးနဲ့ တိုးသွားရမယ့်နေရာမျိုးပဲ ဖြစ်ဖြစ် ကိုယ့်ပိုက်ဆံအိတ်နဲ့ ခြင်းတောင်းကိုတော့ သတိနဲ့ စောင့်ကြည့်ကာကွယ်ပါတယ် ။ ကိုယ့်ပစ္စည်းကိုယ် ကာကွယ်နေရတာနဲ့ ဘေးပတ်ဝန်းကျင်က အဖြစ်ပျက်တစ်ခု သတိမထားလိုက်မိလို့ .. အားနာရတဲ့ အဖြစ် တစ်ခု ကြုံ ဖူးခဲ့ပါတယ် ။
ပြီးခဲ့တဲ့ တစ်လကျော်လောက်က ၄၈ မီနီဘတ်စ်လေးစီးရင်း အုတ်ကျင်းမှတ်တိုင်ကနေ မြို့ထဲကို စီးပါတယ် ။အချိန်ကတော့ ညနေစောင်းပေါ့လေ … ကားလည်း သိပ်မကြပ်တာကြောင့်  ထိုင်စရာနေရာရပါတယ် ။ လူအနည်းကျဉ်းသာပါပြီး ထိုင်စရာတွေ လွတ်လို့နေတာပေါ့ ။ မှတ်မှတ်ရရ သံလမ်းမှတ်တိုင်မှာ ကောင်လေးတစ်အုပ်တက်လာပါတယ်  .. ဘောလုံးကန်ပြီး ပြန်လာသလိုပုံစံတွေနဲ့ပါ ။ ချွေးကလည်း တရွဲရွဲ ၊ ဘောင်းဘီတိုတွေနဲ့ အားကစားဝတ်စုံ ၀တ်သူကလည်း ၀တ်ဆိုတော့ ဒီလိုပဲ ကောက်ချက်ချမိပါတယ် ။ သူတို့ တက်လာကတည်းက လူလည်း မတိုးရတဲ့ကားပေါ် ၀ရုန်းသုန်းကားနဲ့ တွန်းတိုက်တက်လာပြီး ထိုင်ခုံမှာ ထိုင်နေတဲ့ ကျွန်မကို ပိုက်ဆံအိတ်လွတ်ထားတဲ့ လက်ဘက်ကနေ .. ဆောင့်တိုက်ပါတော့တယ် ။ ရုတ်တရက်အပြုမူကြောင့် လက်မောင်းမှာ ချိတ်ထားတဲ့ ပိုက်ဆံအိတ် သူတို့ကိုယ်နဲ့ ညှပ်ပါသွားတယ် ။ ပိုက်ဆံအိတ်သာပါပေမယ့် ကြိုးစက ကျွန်မလက်ထဲမှာတော့ ကျန်ခဲ့သေးတယ် ။ ကားလည်း ဘရိတ်မအုပ်ပဲ ရုတ်တရက်ယိုင်သွားတဲ့ အဖြစ်ပျက်ကြောင့် ကဗျာကယာ ပိုက်ဆံကို သတိရမိပြီး လက်ထဲ ကျန်ခဲ့တဲ့ ကြိုးစကို ဆောင့်ဆွဲတော့မှ ကျွန်မရဲ့ ပိုက်ဆံအိတ်လေး ပိုင်ရှင်ဆီကို ဘတ်ခနဲ ပြန်ရောက်လာတော့တယ် ။ ဟုတ်တာ မဟုတ်တာ အပထား ကိုယ့်ပစ္စည်းကိုယ်ကာကွယ်ရမယ်ဆိုတဲ့ အသိနဲ့ သတိထားလိုက်မိပါတယ် ။ ကျွန်မလည်း ဥစ္စာခြောက်ပီပီ ၊ ဘယ်သူဘယ်လိုထင်ထင် မထူးဘူးဆိုပြီး ခြင်းထောင်းထဲ ပိုက်ဆံအိတ်ကို ထည့်ပြီး ခြင်းထောင်းကို ရင်ဘတ်မှာ ပိုက်ပြီး ကားစီးမိပါတော့တယ် ။ နေရာတွေ အများကြီးလွတ်နေပါလျှက် ထိုအုပ်စုက ကောင်လေးတွေ အသီးသီး နေရာခွဲ ထိုင်ကြတာတော့ သတိထားမိလိုက်တယ် ။ ဘူတာရုံလမ်း မှတ်တိုင်ကျတော့ အဲ့ဒီကောင်လေး အဖွဲ့ ဆင်းသွားတယ် ။ အဲ့ဒီအခါကျမှ ကျွန်မလည်း သက်ပြင်းချပြီး ” ငါကိုယ်က စိုးရိမ်တတ်လိုက်တာ … ပူလောင်လိုက်တာ” လို့ ကိုယ့်ကိုယ်ကို ရှုံ့ ချမိပြန်တယ် ။ ကျွန်မအတွေးတွေကောင်းတုန်း ကောင်မလေးတစ်ယောက်က ရုတ်တရက်ထအော်လိုက်ပါတယ် ။ ကျွန်မအိတ်ခွဲခံလိုက်ရပြီလို့လေ … ။ ဟုတ်ပါတယ် သူမပြောမှ လှမ်းကြည့်မိတော့ သူမရဲ့ အိတ် တိတိရိရိကို ခြောက်လက်မစာလောက် အခွဲခံခဲ့ရတာပါ ။ ဘေးမှာ ခုနက အဖွဲ့ မှ တစ်ယောက်လာထိုင်သွားတာလို့လည်း ကောင်မလေးက ပြောပါတယ် ။ဘာစာရွက်စာတမ်းမှ မပါပဲ ၊  ပိုက်ဆံ တစ်သောင်းကျော်လောက်ပဲ ပါတာမို့ … များများကြီး မဆုံးရှုံးလိုက်ပေမယ့် ဒီလို ခါးပိုက်နှိုက်တွေရဲ့  လုပ်ရပ်ကိုတော့ ရှုံ့ချမိပါတယ် ။ အခုလို အဖြစ်ပျက်တွေမြင်တော့မှ ခုနက ” ငါစိတ်ပူနေတာ မလွန်ပါဘူး” လို့ တွေးရင်း ပြုံးမိတယ် ။ ကောင်မလေးကို ဘယ်ဆက်သွားရဦးမှာလဲမေးပြီး အကူညီပေးဖို့ ကြိုးစားတော့ ၊ သူမအိမ်ကို ပြန်မှာမို့ ပိုက်ဆံ မလိုတော့ပါဘူးပြောရှာတယ် ။ ရဲလည်း မတိုင်တော့ဘူး ငွေတစ်သောင်းလောက်ပဲ ပါသွားတာကြောင့် အတွေ့ ကြုံတစ်ခုကို ငွေတစ်သောင်းနဲ့ လဲ လိုက်ရတယ်လို့လည်း သူမက ရယ်ကျဲကျဲ ပြောသွားခဲ့ပါတယ် ။
ကောင်မလေးကတော့ အဆင်မပြေမှုတွေ ကြုံရပေမယ့် ၊ သင်ခန်းစာလို့ သဘောထားပြီး ကြံဖန် စိတ်အေးချမ်းမှုကို ရယူသွားလို့ …သူမကို ချီးကျူးမိပါတယ်။ ကိုယ့်ပစ္စည်းကိုယ်ကာကွယ်ပြီး ပတ်ဝန်းကျင်ကိုသတိမထားမိတဲ့ ကျွန်မ ၊ သူမအပေါ် အားနာသလိုတောင်ဖြစ်မိတယ် ။ ခဏကြာတော့ သူမ ဆင်းရမယ့် မှတ်တိုင်ရောက်ကာ ဆင်းသွားတဲ့အခါ ၊ ကျွန်မက သူ့နောက်ကျောပြင်ကို ကြည့်ရင်း အတွေးများလို့သာ ကျန်ခဲ့ပါတယ် ။ လူတွေ သမ္မာအာဇီဝနဲ့ ရှာစားချင်စိတ်ရှိလျှင် သိပ်ကောင်းမှာပါပဲလို့ … တွေးမိပါတော့တယ် ။ ။


Mandalay Gazette မှ ဖြစ်သည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. etone on May 24, 2012 at 3:48 AM

    ကျွန်မပို့စ်ကို ပြန်တင်ပေးတာ ကျေးဇူးတင်ပါတယ်နော် ... ဒါပေမယ့် .. မူရင်း လင့်လေးပါ ထည့်ပေးပါ ။ ဒါမှ ကော့မန့်တွေ အပြန်လှန်ရေးထားတာ ၊ ဆွေးနွေးထားတာတွေပါ ဖတ်နိုင်မှာမို့ပါ ။
    တစ်ချို့ကော့မန့်တွေက ပို့စ်ထက်ကိုပိုကောင်းနေတာမျိုး ရှိတတ်တာကြောင့်ပါ ။


    http://mandalaygazette.com/124197/education/environment-energy-issues-environmental-awareness-food-agriculture#comments

Leave a comment

Join Free