ဧပြီလ  အစပိုင်းစ၍ မေလလယ်ထိ မိုးရွာသွန်းမှုမရှိသဖြင့် စစ်တွေမြို့နယ်ရှိ ကျေးရွာအချို့တွင် သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရပြီး လူဦးရေ ၁၅၀၀ ကျော် နှင့် ကျွဲနွားများပါ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။


ယခုလောလောဆယ် ရေအခက်အခဲကြုံတွေ့နေရသည့် ကျေးရွာများမှာ စစ်တွေမြို့နယ် ညိုရောင်ကျေးရွာ၊ ဆားတောင်ပုတ်ကျေးရွာ၊ မင်းလှကျေးရွာ နှင့် ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်းကျေးရွာတို့ဖြစ်သည်။

အောင်မြေကုန်းကျေးရွာမှ ရွာလူကြီးတဦးက “ မိုးကြိုကာလက နောက်ကျတော့ ရေက မရှိတော့ဘူး၊ အခုသုံးနေတဲ့ရေက ပြီးခဲ့တဲ့ တပတ်က မိုးနည်းနည်းရွာလို့ ဒီလောက်ဖြစ်သွားတာ၊ ဒီရေကလည်း နောက် ၅ ရက်လောက်သုံးရင် ခန်းတော့မှာ၊ မနှစ်ကဆို ရွာသားတွေအားလုံးပေါင်းပြီး မော်တော်ဘုတ်နဲ့ ၄မိုင်လောက်ဝေးတဲ့   ကန့်ကော်ကျွန်းရွာမှာ သွားခပ်ရတယ် ” ဟုပြောသည်။

အောင်မြေကုန်းကျေးရွာမှာ လူဦးရေ ၅၀၀ ၀န်းကျင်နေထိုင်သည့် ကျေးရွာဖြစ်သည်။

ယင်းကျေးရွာ အနီးရှိ အောင်ဇေယျ ကျေးရွာမှာမူ ယမန်နှစ်က စည်ပင်သာယာမှ တူးပေးသည့် ကန်တကန်ကြောင့် ယခုနှစ် အခက်အခဲမကြုံတွေ့ရဟုလည်း အောင်မြေကုန်း ရွာသူကြီးဖြစ်သူက ပြောသည်။

မင်းလှကျေးရွာမှာမူ ရေရရှိရန် ရွာနှင့် ၅ ဖာလုံခန့်ကွာဝေးသော ကြားကျောင်း ဘုန်းတော်ကြီးကျောင်းတိုက်မှ သွားရောက်ခပ်ယူရသည်ဟု ကျေးရွာသားများက ပြောသည်။ ယင်း ကြားကျောင်းတိုက်တွင် ရေခန်းသွားမည့်အရေးကိုလည်း စိုးရိမ်နေကြရသည်ဟုလည်း ၎င်းတို့က ဆိုသည်။ မင်းလှရွာမှ နှစ်စဉ် တပေါင်းလနောက်ပိုင်း ရေစတင်ခန်းခြောက်လာလေ့ရှိကာ တန်ခူးလကုန်ခါနီးတွင် အနီးအနားရှိရွာများမှ သွားရောက်သယ်ယူရလေ့ရှိသည်ဟုလည်း သိရသည်။

မကြာသေးမီရက်ပိုင်းက မိုးအနည်းငယ်ရွာသဖြင့် ယင်းရေများကို သုံးစွဲမိရာမှ ကလေးသူငယ်များတွင် ၀မ်းနှင့်ပတ်သက်သည့် ရောဂါများ ဖြစ်ပွားလျှက်ရှိသည်ဟုလည်း ၎င်းကျေးရွာသားများက ပြောသည်။

မင်းလှရွာသားတဦးက ပြောရာတွင် “ အ၀ီစိ (စက်ရေတွင်း) ကလည်းတူးလို့မရဘူး၊ ဒီဘက်မှာ တူးရင် ဇ၀က်သာ (ဆားငံရေ) ပဲထွက်တယ်” ဟု YPI သို့ပြောသည်။

အနီးအနားရှိကျေးရွာများထံမှ ရေအကူအညီတောင်းဖို့ရာတွင် အချို့ကျေးရွာများမှာ မိမိတို့ရွာထက် အခြေအနေဆိုးပြီး အချို့ရွာများမှ ၎င်းတို့ဖာသာ ဖူလုံရုံသာရှိသည့်အတွက် အားကိုးဖို့ရာ မဖြစ်နိုင်ကြောင်း မင်းလှရွာခံတဦးက ပြောဆိုသွားသည်။

မိုးလေ၀သ ခန့်မှန်းထုတ်ပြန်ချက်များအရ မုတ်သုန်ရာသီလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၂၀ ရက်နောက်ပိုင်းတွင် ၀င်ရောက်ရန်ရှိသည်ဟု သိရှိရသည်။          ။

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free