ရန်ကုန်မြို့တော် စည်ပင်မှ တည်ဆောက်ရန် လျာထားသော ခုံးကျော်တံတားများ အနက်မှ တာမွေတွင် တည်ဆောက်မည့် အပိုင်းကို တည်ဆောက်တော့မည် မဟုတ်ကြောင်း မြို့တော်စည်ပင် သတင်းစာ ရှင်းလင်းပွဲတွင် ဌာနအတွင်းရေးမှုး ဦးကျော်စိုး က ပြောသည်။

“လက်ရှိ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အခုလို ဆုံးဖြတ်တာပါ။ နောက်ပိုင်းတော့ လိုအပ်ချက်ရှိလာရင်
ဆောက်ပါမယ်။ ခုကတော့ လျာထားမှုကနေ ခေတ္တ ပယ်ထားပါတယ်။ ဒီစစ်တမ်းကလည်း ကျနော်တို့ အနည်းဆုံး တပါတ်အကြာ ကောက်ယူခဲ့တာပါ။ အနီးအနား မြို့နယ်ပေါင်း ၆ မြို့နယ်ရဲ့ ကားသွားလာမှုကို ကောက်ယူခဲ့တာ
ဖြစ်တယ်။ စစ်တမ်းအရ အဲဒီနေရာမှာ လမ်းချဲ့ပြီး မီးပွိုင့်စနစ် ထပ်တိုး ဆောင်ရွက်တာနဲ့တင် ယာဉ်ကြောပိတ်ဆို့မှု
ပြေလည်နိုင်ပါတယ်။ ဒီအပိုင်းတော့ ဆောင်ရွက်ဖို့လုပ် ဆောင်သွားပါမယ်။ ဆောက်ရင် ပိုက်ဆံကုန်တာပဲ ရှိမယ်။ ဒါကြောင့်ပါ” ဟု ပြောသည်။

ဆုံးဖြတ်ချက်အရ လှည်းတန်း၊ ရွှေဂုံတိုင်နှင့် အင်းစိန်မြို့နယ်များတွင်သာ တည်ဆောက်သွားမှာဖြစ်ပြီး စည်ပင် အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ချေးငွေရယူကာ တည်ဆောက်သွားမှာဖြစ်ကြောင်း သိရသည်။
skybridge1
ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့် ကုန်းကျော်တံတား တည်ဆောက်ရန်အတွက် မြေစမ်းမှုပြုလုပ်နေသည့် အလုပ်သမားများကို မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

“အခုက စည်ပင်ကနေ ဆောင်ရွက်ရမှာဆိုတော့ ငွေကြေးကုန်ကျမှု အပိုင်းအရ လုပ်ငန်းရှင်တွေဆီက ချေးပြီး
ဆောင်ရွက်သွားမှာပါ။ ဒီတော့ စနစ်တကျနဲ့ အကုန်အကျ နည်းအောင် ဆောင်ရွက်သွားမယ်။ ခုက တာမွေပိုင်းက မလိုအပ်လို့ မတည်ဆောက်တာပါ” ဟု ပြောသည်။

တည်ဆောက်ရေးပိုင်းတွင် ရေရှည်ခံ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိ/မရှိကို လုပ်ဆောင်ရာတွင် စစ်တမ်းကောက်ယူပြီးမှ ဆောင်ရွက်သည့် အလေ့အထဖြင့် မြို့တော်စည်ပင် အနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့တော်ဝန် ဦးလှမြင့် ကလည်း ထပ်မံဖြည့်စွက်ပြောသည်။

“အရင်ကတော့ စစ်တမ်းကောက်ယူပြီး လုပ်ဆောင်မှုမျိုး မရှိခဲ့ဘူး။ ခုလက်ရှိမှာတော့ ဘာလုပ်လုပ် မြို့တော်စည်ပင် အနေနဲ့ စစ်တမ်းကောက်ပြီးမှ ပြည်သူတွေအတွက် လိုအပ်မှု ရှိ/မရှိကို လုပ်ဆောင်ပေးတယ်။ ဒါမှလည်း ပြည်သူတွေ အနေနဲ့ ဘာကြောင့် လုပ်ဆောင်ရသလဲ ဆိုတာကို သေချာနားလည်စေမယ်”ဟု မြို့တော်ဝန်က ပြောသည်။

စစ်တမ်းကောက်ယူမှုအပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းတခုဖြစ်သော Vertect က ကူညီဆောင်ရွက်ပေးခဲ့ပြီး ခုံးကျော် တံတား တည်ဆောက်ရေးအတွက် လက်ရှိ ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီများနှင့် ချေးငွေယူသော ကုမ္ပဏီများ စာရင်းကိုမှု ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

“ဒါက ခုချိန်မှာ ပြောဖို့ စောသေးတယ်။ သေချာစိစစ်ဦးမှာပါ။ သူတို့တွေဘက်က ဘယ်လောက် လုပ်ပေးနိုင်မလဲ။ အဓိက ပြည်သူတွေအပေါ် ဘယ်လောက် စေတနာထား လုပ်ဆောင်နေလဲဆိုတာကို ကြည့်ပြီးမှ လုပ်မှာမို့ပါ” ဟု မြို့တော်ဝန်က ဆိုသည်။

ဂျပန်နိုင်ငံ ဂျကာကုမ္ပဏီမှ မိုးပျံတံတား နှစ်စင်း ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသော်လည်း လောလောဆယ်
ဆောက်လုပ်ဦးမှာ မဟုတ်ကြောင်း ပြောဆိုသွားသည်။

လျာထားသော တံတားသုံးစင်းအနက် လှည်းတန်း ခုံးကျော်တံတားမှာမူ စတင် ဆောက်လုပ်နေပြီး တနှစ်နီးပါး ကြာမြင့် မည်ဟု သတ်မှတ်ထားသည်။ ကျန် တံတားနှစ်စင်းမှာမှု တိုင်းတာမှုများသာ ဆောင်ရွက်ရသေးသည့် အတွက် ပြီးဆုံး မည့်ကာလ မခန့်မှန်းနိုင်သေးကြောင်း မြို့တော်စည်ပင်က ဆိုသည်။

သို့ရာတွင် လျာထားသော တံတားများကို ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်ရန် သမ္မတကြီးက ညွှန်ကြားထားသည်။

mizzima မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free