ဆယ်စုနှစ် နှစ်ခုကြာ လုပ်ကိုင်စားသောက်ခဲ့သောလယ်မြေအား ရာအိမ်မှူးက မြေစာရင်းဦးစီးဌာနတွင် အခွန်ပြေစာနာမည်ပေါက်ရယူပြီး လုပ်ကိုင်ခွင့်ရရှိခဲ့မှုကြောင့် အဆိုပါရာအိမ်မှူးနှင့် မြေစာရင်းဦးစီးဌာနတို့ကို ခေါ်ယူစစ်ဆေးပေးပါရန် ၎င်းလယ်မြေအားနှစ်စဉ်လုပ်ကိုင်ခဲ့သော တောင်သူတစ်ဦးက ပုသိမ်မြို့နယ်တရားလွှတ်တော်သို့   ဧပြီ ၂၅  ရက်က ဦးတိုက်လျှောက်ထားခဲ့သည်။

ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာအုပ်စု၊ သဲကရက်ရွာမှ ကိုဝင်းနိုင်သည် ၁၉၉၃ ခုနှစ်မှစတင်ကာ စားကျက်မြေလွတ်မြေရိုင်း ငါးဧကကို မြေစာရင်းဦးစီးဌာနတွင် လယ်ယာလုပ်ခွင့်တောင်းယူကာ နှစ်စဉ်မြေခွန်ပေးဆောင်ခဲ့ပြီး ခုတ်ထွင်ရှင်းလင်းကာ လယ်ယာလုပ်ငန်းလုပ်ကိုင်ခဲ့သည်။

ယခုနှစ်တွင် တစ်ရွာတည်းနေ ရာအိမ်မှူး ဦးဝင်းစိန်ဆိုသူမှ မြေစာရင်းဦးစီးဌာနတွင် အခွန်ဆောင်ပြီးနောက် ဧပြီ ၂၀ ရက်က ၎င်းလယ်မြေပေါ်တွင် လယ်ယာလုပ်ကိုင်ရန် စတင်ထွန်ယက်ခဲ့သည်ဟု ကိုဝင်းနိုင်ကပြောသည်။

“ သူလုပ်နေတာမြင်တော့ ဦးလေး ကျွန်တော့်မြေမှာမလုပ်ပါနဲ့ လို့တားတယ်။ အဲဒီတော့ သူက ပြေစာထုတ်ပြတယ်။ သူဒီနှစ်အတွက် အခွန်ဆောင်ထားတာ သူ့မြေဖြစ်သွားပြီလို့ပြောတယ်။ ကျွန်တော်က စားကျက်မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင်ပြီး စိုက်ပျိုးလို့ရအောင် လုပ်လာခဲ့ရတာ” ဟု ကိုဝင်းနိုင်က အဖြစ်အပျက်ကို ရှင်းပြသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီ ပုသိမ်မြို့နယ် မြေစာရင်းဦးစီးဌာနသို့ မေးမြန်းရာ နှစ်စဉ်ပေးသွင်းရသောအခွန်များမှာ လယ်ယာလုပ်ကိုင်ခွင့်သာဖြစ်ပြီး မြေပိုင်ဆိုင်ခွင့်မဟုတ်ကြောင်း မြေတိုင်းအရာရှိမှ ပြန်လည်ရှင်းပြသည်။ 

“ စားကျက်မြေဆိုတာကျွဲ၊နွားတွေအစာအတွက် ထားတာ။ နိုင်ငံတော်ကအခွန်ဆောင်ခွင့်ရှိသူလို့ သတ်မှတ်တဲ့သူက အခွန်ဆောင်ပြီး လုပ်ကိုင်ခွင့်ရှိတယ်။ အဲ့ဒီအခွန်ပြေစာနောက်မှာလည်း မြေပိုင်ဆိုင်ခွင့်လက်မှတ်မဟုတ်ပါဆိုပြီးပါတယ်” ဟု၎င်း မြေတိုင်းအရာရှိကရှင်းပြသည်။

၎င်းဖြစ်စဉ်တွင် ဥပဒေကြောင်းအရ အစိုးရဌာနများမှ မည်သူ့ကို လုပ်ကိုင်ခွင့်ပေးရမည်ကို ဆုံးဖြတ်နိုင်သော်လည်း မူလတောင်သူမှာ နှစ်စဉ်အခွန်ပေးဆောင်ခဲ့သောကြောင့် အခြားတစ်ဦးကို လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခြင်းမှာ မဖြစ်သင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး  ဒု-တိုင်း ဥပဒေအရာရှိဦးကြည်ခင်က သုံးသပ်သည်။

၎င်းက “ ဥပဒေအရဆိုရင်တော့ လုပ်လို့ရတယ်။ ဒါပေမယ့် သူကိုယ်တိုင်ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးစားသောက်ခဲ့တာ ကြာပြီ။ နောက်ပြီးနှစ်တိုင်းလည်းမြေခွန်ပေးဆောင် ခဲ့တဲ့သူဆိုတော့ ဒီလိုလုပ်တာဟာ မဖြစ်သင့်တဲ့ကိစ္စပါ”  ဟုရှင်းပြသည်။

ပုသိမ်မြို့နယ်အတွင်း မြေယာသိမ်းမှုများနှင့်ပတ်သတ်ပြီး မြို့နယ်တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထားမှုများ ယခုနှစ်အတွင်း များပြားလာကြောင်း တရားရေးဝန်ထမ်းများကပြောသည်။

မနှစ်က စက်တင်ဘာလအတွင်း ငွေဆောင်မြို့နယ်ခွဲ၊ သဇင် နှင့် ဘုန်းမောင်ကြိုင်ကျေးရွာများမှ ရွာသူရွာသားများက မိမိတို့ လုပ်ကိုင်နေသော လယ်မြေများကို ရွှေခရုကုမ္ပဏီမှ သိမ်းယူခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တောင်းဆိုမှု ပြုလုပ်ခဲ့သည်။           ။


YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free