မော်ဟန်-နန့်စီးအောင်ကြား အိပ်စင်ရထား (၃၃) အဆန် မိုင်းထိမှုမြင်ကွင်း
ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် မငြိမ်သက်မှုများမှာ တစ်နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ရှိနေသော်လည်း တိကျသည့် အဖြေရရှိ ခြင်းမရှိသေးဘဲ မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကာ ပြီးခဲ့သည့် ဧပြီလအတွင်းမှာပင် ပေါက်ကွဲမှု အကြိမ်အရေအတွက် ငါးကြိမ်ထက်မနည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုခဲ့ကြပါသည်။

၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ကချင်ပြည်နယ်အတွင်း အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ပေါက်ကွဲမှုများရှိခဲ့ရာ ထိခိုက်သေကျေမှု မရှိခဲ့သော်လည်း ဒေသခံများ စိုးရိမ်ပူပန်မှု ပိုမိုတိုးပွားစေခဲ့သည်ဟု ကချင်ပြည်နယ်အတွင်း နေထိုင်သူများက ပြောဆိုကြပါသည်။


မြစ်ကြီးနားမြို့ ဆေးရုံကြီးအနီးတွင် ဧပြီလ ၂၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
''တိုက်ပွဲတွေဖြစ်လာတာ တစ်နှစ်နီးပါး ရှိခဲ့ပါပြီ။ ဒုက္ခသည်စခန်းမှာ ကာလကြာရှည် နေထိုင်နေရလို့ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေ အများကြီး ဖြစ်ရပါတယ်။ နှစ်ဖက်တပ်တွေ အပစ်အခတ်လျော့သွားလို့ အခြေအနေ ကောင်းလာပြီလို့ ထင်နေတုန်းမှာပဲ ပြီးခဲ့တဲ့ ဧပြီလတစ်လထဲမှာ ပေါက်ကွဲမှု ငါးကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ရင်ဆိုင်တိုက်ပွဲတွေမဟုတ်ဘဲ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေပဲ သိရလို့ ငါးကြိမ်လို့ပဲ ပြောရတာပါ။ ပေါက်ကွဲမှုကြောင့် သေတာမကြားရပေမယ့် တော်ရုံအရေးကိစ္စနဲ့ အပြင်သွားဖို့ စဉ်းစားနေရ တယ်''ဟု မြစ်ကြီးနားမြို့ပေါ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။ မန္တလေး-မြစ်ကြီးနား အမှတ် ၃၃ အဆန်ရထားအား ဗုံးဖောက်ခွဲမှု အပါအ၀င် ဧပြီလအတွင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာ ဧပြီလ ၁၄ရက်နေ့က မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်နှင့် အေးမြသာယာအကြား မီးရထား သံလမ်းကူးတွင် တစ်ကြိမ်၊ ဧပြီ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့ ထူး ရေကစားမဏ္ဍပ်တွင် မပေါက်ကွဲသေးသော ဗုံးတစ်လုံး တွေ့ရှိခဲ့မှု၊ ဧပြီ ၁၉ ရက်က ၀ိုင်းမော်မြို့ ဘီးခွန်ကောက်ခံရေးဌာနတွင် ပေါက်ကွဲမှုတစ်ကြိမ်၊ ဧပြီလ၂၀ ရက်က အေးမြသာယာရပ် ရထားသံလမ်းတွင် ပေါက်ကွဲမှု တစ်ကြိမ်၊ ဧပြီလ ၂၅ ရက်က ပြည်သူ့ဆေးရုံကြီးအနီးတွင် ပေါက်ကွဲမှုတစ်ကြိမ် အပါအ၀င် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား အနီးတစ်ဝိုက်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
''သင်္ကြန်လောက်ဆိုရင် အိမ်ပြန်နိုင်တော့မယ် ထင်ထားတာ။ ဒါပေမယ့် ဧပြီ ၁၄ ရက်ကတည်းကစပြီး ဟိုနေရာမှာ ကွဲလိုက်၊ ဒီနေရာမှာ ကွဲလိုက်နဲ့ ဗုံးကွဲတဲ့သတင်းတွေကို ကြားနေရပါတယ်။ အိမ်ပစ်ယာပစ်နဲ့ ထွက်လာခဲ့ရတာ။ အခုလို တအုန်းအုန်း ကွဲနေပုံမျိုးနဲ့ဆိုရင် အိမ်ပြန်ဖို့ မမျှော်လင့်ရဲသလောက်ပါပဲ။ လက်နက်ဆိုလို့ ဘာမှမရှိတဲ့ အရပ်သားတွေကိုတော့ ချမ်းသာပေးစေချင်ပါတယ်။ နောက်ပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ လမ်းတံတားတွေကို မဖျက်ဆီးကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်''ဟု ၀ိုင်းမော်မြို့အတွင်းရှိ ဒုက္ခသည် စခန်းတစ်ခုတွင် မှီခိုနေသူတစ်ဦးက ပြောဆိုပါသည်။

ဧပြီလအတွင်းက ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုများအနက် ပြီးခဲ့သည့် ဧပြီလ၂၉ရက် နံနက် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သော မန္တလေး- မြစ်ကြီးနား အဆန်ရထားအမှတ်(၃၃) ပေါက်ကွဲမှုတွင် မီးရထားတွဲ ရှစ်တွဲ ပျက်စီးသွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိသွား ခဲ့သည်။ ထို့အပြင် ရထားလမ်းပိုင်းနှင့် တံတားပျက်စီးသွားမှုကြောင့် မြစ်ကြီးနားနှင့် မန္တလေးအကြား ဆက်သွယ်မှု ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှုကို ထိခိုက်ခဲ့ရသည်ဟု မန္တလေးနှင့် မြစ်ကြီးနားမြို့မှ ကုန်သည်များက ပြောဆိုကြပါသည်။


Eleven Media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free