ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ သတင်းမီဒီယာ အဖွဲ့အစည်းများသို့ ကမ်းလှမ်းသည့် စာနယ်ဇင်းကောင်စီသည် စာပေစီစစ်ရေးကို အသွင်ပြောင်းထားခြင်း လုံးဝမဟုတ်ဟု စာပေစီစစ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားလိုက်သည်။

ယနေ့ နေ့လည်က မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA) ဖြစ်ထွန်းရေး ကော်မတီ ၊ မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ (MJU) ဖြစ်မြောက်ရေး ကော်မတီ၊ မြန်မာဂျာနယ်လစ်ကွန်ယက်(MJN) တို့နှင့်  စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးတင့်ဆွေ၊ ဦးမျိုးမြင့်မောင် တို့ ဆွေးနွေးစဉ် စာပေစိစစ်ရေး ဘက်မှ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယနေ့ ဆွေးနွေးမှုမှ ရလဒ်အဖြစ် စာပေစိစစ်ရေးအစားထိုး အဖွဲ့အစည်းမဟုတ်သည့် ကြားဖြတ်စာနယ်ဇင်းကောင်စီကို ပဏာမဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

`စာနယ်ဇင်းအဖွဲ့တွေ အဓိကတောင်းဆိုတာတော့ မီဒီယာဥပဒေတောင်းတာပါ။ မီဒီယာဥပဒေကို မမြင်ရသေးတဲ့အတွက် အရှေ့ကို ကျော်ပီးစဉ်းစားနေရသလိုဖြစ်နေတယ်။ ဒါကြောင့် ဘာလုပ်နိုင်လဲ ဘယ်လောက်ထိ ညှိနှိုင်းနိုင်လဲဆိုတာ အားလုံးဝိုင်းပြီး အပြန်အလှန်ငြင်းခုန်ဆွေးနွေးခဲ့ပြီးမှ အပြီးသတ်မှာ စာနယ်ဇင်းကောင်စီမှာ ဘာတွေလိုအပ်တယ်၊ ဘယ်လိုအဖွဲ့အစည်းဖြစ်သင့်တယ်။ ဘယ်လို ပုဂ္ဂိုလ်တွေ ပါဝင်သင့်တယ် ဆိုတာကို ကျမတို့စာနယ်ဇင်းသမားတွေကပဲ ကျောရိုးဆွဲမယ်ဆို သဘောတူခဲ့တယ်´ ဟု MJN အလုပ်မှုဆောင် အဖွဲ့ဝင် မတင်ဇာဇော်က ပြောခဲ့သည်။

စာနယ်ဇင်းကောင်စီမှာ လာမည့်နှစ်ဆန်းတွင် အသက်ဝင်ဖွယ်ရှိသည့် မီဒီယာ ဥပဒေတွင် အစိတ်အပိုင်း တခုအနေဖြင့် ပါဝင်လျှက်ရှိကာ ယင်းအဖွဲ့အစည်းမျိုးကို မြန်မာနိုင်ငံတွင် ယခင်က ဖွဲ့စည်းခဲ့ဖူးခြင်း မရှိပေ။

ယနေ့ဆွေးနွေးပြီးနောက် ကြားဖြတ်စာနယ်ဇင်းကောင်စီနှင့် ပတ်သတ်သည့် အချက်အလက်များကို ပုံနှိပ်သတင်းစာ (Press) နှင့်သက်ဆိုင်သော အဖွဲ့အစည်းများက ကိုယ်တိုင်  ပြုစုရေးဆွဲရန်နှင့် စာပေစိစစ်ရေးကို အစားထိုးခြင်းမဟုတ်ဆိုသည့် အချက်အပေါ် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်။

ထို့ပြင် ကြားဖြတ်စာနယ်ဇင်းကောင်စီ မပေါ်ထွက်မီ  မီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြ အတည်မပြုဆိုသည့် အချက်ကိုလည်း စာပေစိစစ်ရေးမှ တာဝန်ရှိသူများက သဘောတူခဲ့သည်ဟု မြန်မာဂျာနယ်လစ် ကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လွန်ခဲ့သည့် တနှစ်တာဝန်းကျင်အတွင်း စာပေစိစစ်ရေရး မှ ချုပ်ကိုင်မှုအချို့ကို ဖြေလျော့ပေးခဲ့သော်လည်း ယခုအချိန်ထိ သတင်းဂျာနယ်များအနေဖြင့် သတင်း၊ ဓါတ်ပုံနှင့် စီးပွားရေး ကြော်ငြာများ အထိ ပုံနှိပ်ဖြန့်ချိခြင်းမပြုမီ စာပေစိစစ်ရေးသို့ တင်ပြကြရသည်။  

စာပေလွတ်လပ်ခွင့် သတင်းလွတ်လပ်ခွင့်ကို မကြာမီလပိုင်းက ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဖြစ်ထွန်းရေး ကော်မတီ၊ မြန်မာစာနယ်ဇင်း သမဂ္ဂ ဖြစ်ပေါ်ရေး ကော်မတီ၊ မြန်မာဂျာနယ်လစ် ကွန်ရက်တို့မှ  တောင်းဆိုထားကြသည်။        ။


 

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free