အမှိုက်ကောက်ကလေးငယ်များကို ပင်တိုင် စာသင်ကြားပေးနေတဲ့ ဆရာ ကိုကြည်သားဖြိုးနဲ့ အမှိုက်ကောက်ကလေးငယ်များ စာ မသင်ကြားခင် ရှေးဦးစွာ ဘုရားရှိခိုး ၀တ်ပြုနေစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက်ရဲ့ လမ်းညွှန်ချက် စည်းကမ်းချက်များနဲ့အညီ ပိတ်ရက်မရှိ အသက်ကယ် သွေး အကူအညီပေးရေးနဲ့ အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်းပညာများ အခမဲ့ သင်ကြားပေးရေး ပညာဒါန (NLD - BG) ကျောင်းရဲ့ အမေ့မေတ္တာ လွှမ်းခြုံထားတဲ့ စာသင်ခန်းထဲဝယ် လူတန်းစား အလွှာအသီးသီးက သင်တန်းသူ၊ သင်တန်းသားများဖြင့် အသံမစဲ တဖွဲဖွဲ စည်ကားနေပါတယ်။ တနေ့ကို မနက်၊ နေ့လည်၊ နေ့ခင်း၊ ညနေခင်းဆိုပြီး အတန်းခွဲများစွာ၊ ဆရာစုံလင်စွာနဲ့ မူကြိုတန်း၊ မူလတန်း၊ အင်္ဂလိပ်စာ သဒ္ဒါသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းများကို လူထုခေါင်းဆောင်၊ မေမေ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိတဲ့အတိုင်း သင်ကြားပေးနေပြီ ဖြစ်ပါတယ်။ ယခု လာမယ့် စနေနေ့မှ စတင်ပြီး စက်ချုပ်သင်တန်းနဲ့ ဆံပင်ညှပ်သင်တန်းတို့ကို ကျွမ်းကျင် ဆရာ၊ ဆရာမများကိုယ်တိုင် သင်တန်းသူ၊ သင်တန်းသားများ အလုပ်ခွင်ဝင်နိုင်တဲ့အထိ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အပတ်စဉ်သင်တန်းများကို သင်ကြားပို့ချပေးသွားဦးမယ်ဆိုတဲ့ သတင်းကိုလည်း ကြားသိခဲ့ရပါတယ်။ မေလ (၁) ရက်နေ့ စမ်းချောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းကို ဖွင့်လှစ်ပေးခဲ့စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးနဲ့အတူ လူငယ်များရဲ့ အခြေအနေ၊ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မျှော်လင့်ချက် ပျောက်နေ ကျွန်မတို့လူငယ်တွေကို အားကိုးပါတယ်။ နောက်ပြီးတော့ လူငယ်အားကိုးတဲ့အချိန်ထဲမှာ ကျွန်မတို့လူငယ်တွေကို အားပေးတဲ့စကား ပြောချင်ပါတယ်။ တချို့၊ ကျွန်မတို့လူငယ်တချို့ မဟုတ်ဘူး။ လူငယ်တော်တော်များများဟာ ကျွန်မ သတိထားမိတာကတော့ မျှော်လင့်ချက် ပျောက်နေတဲ့ပုံ ပေါက်နေတယ်။ မျှော်လင့်ချက် ပျောက်နေတယ်ဆိုတဲ့အကြောင်းရင်းကလည်း ကျွန်မတို့ရဲ့ပညာရေးစနစ်နဲ့ အများကြီး ဆက်နွယ်နေတယ်လို့ ကျွန်မ ထင်ပါတယ်။ ဒီနိုင်ငံရဲ့ ပညာရေးစနစ်က လူငယ်တွေကို တကယ် မိမိတို့ရဲ့ဘ၀ကို ဆောက်တည်ပိုင်ခွင့်ပေးမယ့် အလုပ်ရနိုင်အောင်လို့ အထောက်အကူ မပေးဘူး။ ပြောရမယ်ဆိုလို့ရှိရင် ဘွဲ့သာရသွားမယ်၊ အလုပ်မရတဲ့ အခြေအနေတွေ ဖြစ်နေကြတယ်။ ဖြေရှင်းရမယ် ကျွန်မတို့က ဒီပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းရမယ်။ လက်တွေ့ကျကျ ဖြေရှင်းရမယ်ဆိုတာ ကျွန်မတို့အမြင်မှာတော့ ဘွဲ့ရပြီးသား လူငယ်တွေ၊ ဒါမှမဟုတ် ဘွဲ့မရဘဲနဲ့ ကျောင်းပြီးသွားတဲ့ လူငယ်တွေ၊ ကျောင်းကိုဆယ်တန်းထိတိုင် မတတ်ရောက်နိုင်တဲ့ လူငယ်တွေ၊ အကြောင်းကြောင်းကြောင့် ထွက်ပြီးတော့ အလုပ်လုပ်ရတဲ့ လူငယ်တွေရဲ့အရည်အချင်းတွေကို မြှင့်တင်ပေးရေးအတွက် ကျွန်မတို့ ကြိုးစားမှာပါ။ ဘ၀ အသက်မွေးဝမ်းကြောင်းပညာ ပေးဖို့ ကျွန်မတို့ ဦးတည်ရမယ်။ ပညာဆိုတာ ကိုယ် အသက်မွေးဖို့တောင် ကိုယ် မမွေးနိုင်လို့ရှိရင် ဘယ်လိုလုပ် သုံးမလဲ။ ဘာပဲပြောပြော ကိုယ် သင်ထားတဲ့ပညာတွေဟာ ကိုယ့်အတွက် နိစ္စဓူဝစားနိုင်ဖို့အတွက်တော့ လုံလောက်ရမယ်။ ကိုယ့်အတွက်တောင်မှ ထမင်းနပ်မှန်အောင်လို့ စားနိုင်တဲ့အခြေအနေမှာ မရှိလို့ရှိရင် တိုင်းပြည်အတွက် ၀င်ရောက်ပြီး လုပ်ပေးဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒါ ကျွန်မတို့က လူငယ်တွေကို အားကိုးတယ်လို့ ပြောတဲ့အချိန်ထဲမှာပဲ လူငယ်တွေအတွက် ကျွန်မတို့ တာဝန်ရှိတယ်လို့ လက်ခံပါတယ်။ ဒါကြောင့်မို့လို့ အသိပညာ၊ အတတ်ပညာ သင်ကြားပေးရေး၊ အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေးကိစ္စကို ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစားပေးပြီးတော့ ကြိုးစားပြီး လုပ်သွားပါမယ် လို့ ကျွန်မ ပြောချင်ပါတယ်။
နေ့စဉ် ပင်တိုင် စာ သင်ကြားပေးနေတဲ့ ဆရာမ ဆုဆု၊ မြတ်မြတ်မွန်နဲ့ ဆရာကြည်သာဖြိုးတို့ အမှုက်ကောက်ကလေးငယ်များကို စာသင်ကြားပေးနေစဉ်
အမှိုက်ကောက်ကလေးငယ်များအား သူတို့ရဲ့ ဆရာ၊ ဆရာမများနဲ့အတူ NLD - BG ကျောင်းရှေ့တွင် ရိုက်ကူးထားတဲ့ အမှတ်တရဓါတ်ပုံ


ယနေ့မြန်မာမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free