သတ္တုတွင်း ဝန်ကြီးဌာနက The Voice Weekly ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုတွင် အဆိုပါအမှု ဆက်လက် စစ်ဆေးခြင်းအား ရပ်ဆိုင်း၍ တရားစွဲဆိုခွင့် ရှိမရှိကို နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဆုံးအဖြတ် ရယူရန် ဇွန်လ ၆ ရက်နေ့ တရားခွင်၌ လျှောက်လဲချက် ပေးသွားမည် ဖြစ်ကြောင်း The Voice Weekly အကျိုးဆောင် ရှေ့နေ ဦးသိန်းညွန့်က ပြောကြားသည်။

မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly Vol.8/ No. 13 ဂျာနယ်ပါ "ဝန်ကြီးဌာနအချို့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ" သတင်းရေးသားသူအား ဖော်ထုတ်ပေးရန် သတ္တုတွင်း ဝန်ကြီးဌာန၏ လျှောက်ထားမှုကို ဒဂုံမြို့နယ် တရားရုံးက ပလပ်ခဲ့ပြီး အဆိုပါ အမှု၏ ပင်မ အကြောင်းအရာ ဖြစ်သော ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားမှုကို နှစ်ဖက် ရှေ့နေများ ဇွန်လ ၆ ရက်နေ့တွင် လျှောက်လဲချက် ပေးရမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် တရားရုံးက ယနေ့ စီရင်ချက် ချမှတ်ခဲ့သည်။

ယနေ့ ပဉ္စမအကြိမ်မြောက် တရားခွင် ကြားနာစစ်ဆေးရာ ဒဂုံမြို့နယ် တရားရုံး၌ လုံခြုံရေး ထူထပ်စွာ ချထားခဲ့ကာ သတင်းရယူကြသော မီဒီယာသမားများအား သတင်းထောက် ကတ်ပြား သို့မဟုတ် သက်သေခံ ကတ်ပြား ပါရှိမှသာ ဝင်ရောက်ခွင့် ပြုခဲ့ပြီး လက်ကိုင်ဖုန်း၊ ကင်မရာ၊ အသံဖမ်းစက်နှင့် လက်ကိုင်ဖုန်းများကို ယူဆောင်ခွင့် မပေးခဲ့ကြောင်း အဆိုပါ တရားခွင်သို့ တက်ရောက် သတင်းရယူခဲ့သူ ပြည်တွင်းထုတ် သတင်းဂျာနယ် တစ်စောင်မှ အယ်ဒီတာ တစ်ဦးက ပြောကြားသည်။

"ခြံစည်းရိုး အ၀င်ဝမှာတင် ရဲက လေးယောက်။ ရုံးအဝင်ဝနဲ့ တရားခွင်ထဲမှာလည်း အဲဒီလောက် ရှိတယ်။ အရပ်ဝတ် လုံခြုံရေးတွေလည်း တရားရုံး အတွင်းရော အပြင်ရောမှာပါ တွေ့ရတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

The Voice Weekly ၏ အကျိုးဆောင်ရှေ့နေ ဦးသိန်းညွန့်ကလည်း ယနေ့ လုံခြုံရေး ချထားသည့် အခြေအနေမျိုးကို အင်းစိန် အကျဉ်းဦးစီး ဌာနဝင်းအတွင်းရှိ တရားရုံးမှ လွဲ၍ ပြင်ပ မည်သည့် တရားရုံးတွင်မှ မတွေ့ရှိခဲ့ရကြောင်း မှတ်ချက်ပြုသည်။

အဆိုပါ အမှု၏ ပင်မအကြောင်းအရာ ဖြစ်သော ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားမှုကို ဇွန်လ ၆ ရက်နေ့တွင် နှစ်ဖက် ရှေ့နေများ လျှောက်လဲရန် တရားရုံးက အမိန့်ချမှတ် ခဲ့သော်လည်း The Voice Weekly အကျိုးဆောင် ရှေ့နေက တရားရုံး၏ အမှုစစ်ဆေးခြင်းကို ရပ်ဆိုင်းထားပြီး ဤကဲ့သို့ တရားစွဲဆိုခွင့် ရှိမရှိကို နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဆုံးအဖြတ် ရယူသွားရန် လျှောက်လဲချက်သာ ပေးသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

ယနေ့ပြုလုပ်သော The Voice Weekly နှင့် သတ္တုတွင်း ဝန်ကြီးဌာန တရားခွင့်သို့ လာရောက် သတင်းရယူသူ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ၅၀ ဦးခန့် ရှိခဲ့သည်။

the voice မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free