ယခုလ ၈ ရက်နေ့က Weekly Express Time ဂျာနယ်မှ သတင်းထောက်တဦးအား ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးက ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဂျာနယ်မှ တာဝန်ရှိသူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ယနေ့စာပို့လိုက်ကြောင်း ယင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
 “အန်တီစုကို တစောင်၊ဦးညဏ်ဝင်းကိုတစောင် ဦးအုန်းကြိုင်ကိုတစောင် ဦးတင်ဦးကို တစောင်ပို့လိုက်တာပါ ၊အန်တီနဲ့ ဦးညဏ်ဝင်းအတွက် NLD ပြန်ကြားရေးဌာနက အမျိုးသမီးတဦးကို ပေးလိုက်တာပါ၊ ဦးညဏ်ဝင်း ကိုတော့ ကြုံသွားလို့ သူ့လက်ထဲပဲတိုက်ရိုက်ထည့်လိုက်တာပါ ။ ဦးတင်ဦကိုလည်း ဒီလှိုင်း ဂျာနယ် ကတဆင့်ပေးလိုက်ပါတယ်” ဟု Weekly Express Time အယ်ဒီတာ ကိုကျော်ဇေယျာထွန်းက YPI သို့ ပြောသည်။
စာကို ယနေ့နံနက် ၁၁ နာရီတွင် ပေးပို့ခြင်းဖြစ်ပြီး NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)မှလုံခြုံရေးတာဝန် ရှိသူက Weekly Express Time မှသတင်းထောက်အား ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့်မီဒီယာအား စော်ကားပြောဆိုခြင်းကိစ္စအား လိုအပ်သလိုညှိုနှိုင်း ဆောင်ရွက်ပေးပါရန် တင်ပြခြင်းဖြစ်ကြောင်း စာတွင် ဖေါ်ပြထားသည်။
စော်ကားခံရသည့် သတင်းထောက်မှာ ရွှေမင်းသားဖောင်ဒေးရှင်းမှ ပြုလုပ်သည့် အခမ်းအနားတွင် ယင်းဂျာနယ်မှ သတင်းထောက် ကိုဟိန်းကိုစိုးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်အား ဓါတ်ပုံရိုက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန်ယူသူ ကိုကျော်စိုးနိုင် ခေါ် ကိုဘောကြီးက ကိုယ်ထိလက်ရောက် ပြုမူခြင်း၊ စော်ကားသည့် စကားအသုံးအနှုန်းပြောဆိုခဲ့၍ ဂျာနယ်တာဝန်ရှိသူများက ကန့်ကွက်စာပေးပို့ခြင်း ဖြစ်သည်။
“သူကကျွန်တော်ကင်မရာချိန်ထားတဲ့လက်ကိုပုတ်ထုတ်တယ် ကျွန်တော်ကလည်း ဦးလေးဘာဖြစ်တာလဲဗျာ ဆိုပြီးပြန်ပြီးပြန်ပြောလိုက်တော့ သူပေါက်သွားတယ်ထင်တယ် ကျွန်တော်လည်း မရိုက်တော့ဘဲ ပြန်လာတော့သူကဟေ့ကောင် မင်းလိုက်ခဲ့ဆိုပြီး အိမ်သာဘက်ကို သူရယ် နောက်တယောက် ရယ်ခေါ်သွားတယ် နောက် မင်းဘယ်ကဘယ်လဲဘာညာဆိုပြီးမေးပြီး စော်ကား ပြောဆိုတာပါ ”ဟု ကိုဟိန်းကိုစိုးက YPI သို့ပြောသည်။
Weekly Express Time အဖွဲ့ချုပ် မှပေးပို့သည့် စာထဲတွင် တွင် ဦးကျော်စိုးနိုင်က သတင်းထောက် ကိုဟိန်းကိုစိုး အား စော်ကားပြောဆိုခဲ့သော စကားလုံးမှာ “မင်းတို့ မီဒီယာသမားတွေက ဗိုက်ဆံ ရလို့ အလုပ်လုပ်နေတာ ငါတို့က ဘာစောက်တပြားမှမရဘဲ ထောင်အကျခံပြီးနိုင်ငံရေး လုပ်နေတာကွ ဘယ်ကောင်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့ အယ်ဒီတာကိုပြောလိုက်” ဟု ပါရှိသည်။ ၎င်းကပြောဆိုစဉ် သတင်းထောက်ဧ။် အကျီရင်ဘတ်ကို အကြိမ်ကြိမ်ဆွဲ၍ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း စာတွင် ဖေါ်ပြထားသည်။
ဦးဟိန်းကိုစိုး၏ ပြောကြားချက်အရ ဓာတ်ပုံရိုက်ယူစဉ်၎င်းတဦးတည်းသီးသန့်သတင်းဓာတ်ပုံ ရိုက်ယူ ရန်ကြိုးစားခြင်းမဟုတ်ဘဲ မီဒီယာ အများအပြားသတင်းဓာတ်ပုံရိုက်ယူနေစဉ်အချိန်တွင် ရိုက်ယူခြင်းဖြစ်ပြီး ၎င်းက ဦးကျော်စိုးနိုင်၏ ဘေးတွင် နီးကပ်စွာရှိနေသောကြောင့် ၎င်းကိုသာခေါ်ယူ ပြောဆိုခြင်းဖြစ်သည် ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ အနေဖြင့် ပေးပို့သည့်စာများကို သေချာစိစစ်လေ့လာပြီးမှ ဆွေးနွေးဆုံးဖြတ်သွားမည်ဟုဆိုသည်။
“အကယ်၍ ကျွန်တော်တို့ဘက်က ကလေးကလည်းပြောမိရင် နောင်ဒီလိုမဖြစ်အောင်ဆုံးမရမှာပေါ့ နိုင်ငံရေးသမားဆိုတာ မီဒီယာတွေနဲ့ ပြသာနာမဖြစ်ချင်ပါဘူး ။ ဒါမျိုးမဖြစ်ချင်ပါဘူး နောင်မီဒီယာတွေ နဲ့ဒီလိုမဖြစ်အောင်လည်း ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ဆောင်ရွက်သွားမှာပါ ” ဟုဆိုသည်။
ဂျာနယ်မှ အယ်ဒီတာ ဦးကျော်ဇေယျာထွန်း ကလည်း “ဒါမျိုးကလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ မီဒီယာနဲ့ ပါတီဆိုတာ ရေရှည်လက်တွဲသွားရမှာပါ ပါတီကိုမီဒီယာသမားတွေကို ဘယ်လိုမျိုးကိုင်တွယ်ရမလဲဆိုတဲ့ Plan (အစီအစဉ်) တခုရှိစေချင်တယ် အခုလိုနင်ပဲငဆ ဆက်ဆံတာကို  Action (အရေးယူမှု) တခုခု ယူစေချင်တယ် မီဒီယာသမားတွေနဲ့ ဆက်ဆံတဲ့အခါဘယ်လိုမျိုး လုပ်သင့်လည်း ဆိုတာ သူတို့ကိုအသိပေး စေချင်တာပါ”ဟုဆိုသည်။
ယခုဖြစ်ရပ်အပေါ် မြန်မာနိုင်ငံမှ ဂျာနယ်လစ်များဧ။်အခွင့်အရေးနှင့် နစ်နာမှုများ ကာကွယ်ရန်ရည်ရွယ် ဖွဲ့စည်းထားသည့် ကွန်ယက်ဖြစ်သည့် MJN  (Myanmar Journalist Network) မှလည်း ယနေ့ညနေပိုင်းတွင် အစည်းအဝေးခေါ်ယူ၍ ဆုံးဖြတ်ချက်တခုခု ချမှတ်ရန် သို့မဟုတ်ထုတ်ပြန်ချက်တခုခု ထုတ်ပြန်ရန်ဆောင်ရွက်သွားမည်ဟု အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်တင်ဇာဇော်ကပြောသည်။
အခြားသတင်းစာဆရာ အဖွဲ့အစည်းတခုဖြစ်သည့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဖြစ်ထွန်းရေး ကော်မတီမှ လည်းအစည်းအဝေး တရပ်လုပ်ဆောင်သွား၍ ယင်းကိစ္စနှင့်ပတ်သတ်၍ ဆုံးဖြတ်မည်ဟု ဖြစ်ထွန်းရေးကော်မတီအဖွဲ့ဝင်  ဦးသီဟစောကပြောသည်။        ။
Weekly Express Time ဂျာနယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သည့် စာ

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free