လယ်ယာမြေဥပဒေ ဘယ်သူ့အတွက်လဲ




စိုက်ပျိုးရေးကိုအခြေခံသော မြန်မာနိုင်ငံအတွက် အင်မတန်အရေးကြီးသည့် လယ်ယာမြေဥပဒေ ပြုပြင်ပြောင်း လဲရေးလုပ်ဆောင်ခဲ့ခြင်းကို လယ်သမားအရေး လိုက်ပါဆောင်ရွက်နေသည့် တက်ကြွလှုပ်ရှားသူများ၊ လေ့လာသူများနှင့် ပညာရှင်များက ကြိုဆိုကြသည့်တစ်ချိန်တည်းတွင် လိုအပ်မှုများစွာရှိနေကြောင်းလည်း ရှုမြင်သုံးသပ်ကြပါသည်။

            ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲထားသည်ဆိုသော ယခုဥပဒေသစ်များသည် ယခင်ဥပဒေ များနှင့်ယှဉ်ပါက လယ်သမားများအတွက် အားသာချက်များ ပါဝင်သည့်    အလျောက် တစ်ဖက်တွင်လည်း ရတက်မအေး စရာ အချက်တွေလည်းပါရှိနေကြောင်း ပညာရှင်နှင့်လေ့လာသူများက ထောက်ပြ ကြသည်။

            ယခုနှစ် သြဂုတ် ၃၁ ရက်မှ စတင်အာဏာတည်ခဲ့ပြီဖြစ်သည့် လယ်ယာမြေဥပဒေသစ်တွင် လယ်သမားများသည် ၎င်းတို့၏ “လယ်ယာမြေများအား ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ရှိသည်” ဆိုသည့် အချက် ပါဝင်သည်။

            ယင်းအချက်မှာ လယ်သမားများအလိုချင်ဆုံး အချက်တစ်ချက်ဖြစ်ပြီး လယ်သမားများအရေး လိုက်ပါဆောင်ရွက် သူများ၊ လေ့လာသူများအနေဖြင့် ကာလအတန်ကြာ အရေးဆိုလာခဲ့သော အချက်လည်းဖြစ်ပါသည်။

            “လယ်သမားတွေ ငွေရှာရတဲ့ပြဿနာ အဆင်ပြေသွားတယ်၊ သူတို့လိုအပ်တဲ့ အရင်းအနှီးအတွက် ပေါင်လို့ရသွား တယ်၊ လုပ်နိုင်တဲ့အတိုင်းအတာတစ်ခုထက်ပိုတဲ့ မြေတွေကို လည်း ငှားလို့ရသွားတယ်” ဟု လယ်သမား၊ အလုပ်သမား အမှုအခင်းများအား အဓိကထား လိုက်ပါဆောင်ရွက်ပေးနေသော ဥပဒေအကျိုးဆောင်အဖွဲ့ Purple Equitly Law Firm မှ ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက ဆိုပါသည်။

            ထို့ပြင် ကွက်ကျဉ်းက ကွက်ကျယ်ဖြစ်သွားအောင် တိုးချဲ့ ခွင့်ရသွားသလို၊ ကိုယ့်မှာရှိသည့်အကွက်နှင့် တစ်ပါးသူမှာရှိ သည့် အကွက်တူရာ၊ တူရာ လဲယူ၍လည်း ရသွားကြောင်း ဦးဖိုးဖြူက ဆိုပါသည်။

            နှစ်ပေါင်း ၆၀ နီးပါး အာဏာတည်ခဲ့ပြီး ယခုအခါ ပျက်ပြယ်သွားပြီဖြစ်သည့် ယခင်ဥပဒေများတွင်တော့ လယ်သမားများကို လယ်ယာမြေ ရောင်းပိုင်ခွင့်လည်းမပေး၊ ပေါင်ခွင့်၊ လဲ ခွင့်၊ ငှားခွင့်လည်းမပေးခဲ့ပါ။ ထို့ကြောင့် လယ်သမားများ ငွေလို အပ်ပြီဆိုပါက လယ်စွန့်လွှတ်ကြောင်းစာချုပ်ကိုပဲ ချုပ်ကြရသည်။

            အချို့ဒေသများတွင် လယ်သမားက ငွေကြေးတတ်နိုင်သည့်အခါ အပေါင်ခံထားသော သူ၏လယ်ယာမြေကို ပြန်ရွေး ချင်လျှင်တောင်မှ ပြန်ရွေးမရတော့ဘဲ ငွေရှင်ကြေးရှင်တို့၏ လက်ထဲမှာပင် အဆုံးခံလိုက်ရသည်များလည်း ရှိကြောင်း ဦးဖိုးဖြူ က ပြောပြသည်။

            လယ်ယာမြေပြုပြင်ပြောင်းလဲရေးကို စိုက်လိုက်မတ်တတ် အရေးဆိုခဲ့ကြသူများထဲတွင်ပါဝင်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီခေါင်းဆောင် ဦးနေမျိုးဝေကတော့ ယခု လယ် ယာမြေဥပဒေထဲတွင် သူ့အနေနှင့် ကြိုက်သည့်အချက် အတော် များများ ပါရှိသည်ဟု ဆိုပါသည်။

            “အဓိကကြိုက်တာက တစ်ကြိမ်တစ်ခါ မှတ်ပုံတင်ပြီးကာ မျှနဲ့ ဦးဘယ်သူရဲ့လယ်မြေဟာ  သေသည်အထိ အကျုံးဝင်သွား တယ်။ အဲဒါကို ကျွန်တော်တို့က ရချင်တာ” ဟု ဦးနေမျိုးဝေက ဆိုသည်။
            လယ်ယာမြေအရေး လေ့လာကြသူများ ကြိုဆိုကြသည့် နောက်ထပ်အချက်တစ်ချက်မှာ အစိုးရအနေဖြင့် နိုင်ငံတော် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းအတွက် မြေသိမ်းယူရာတွင် အနည်းဆုံးလိုအပ်သော ပမာဏကိုသာ သိမ်းယူရမည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်ခြင်းမပြုတော့ပါက မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည် ပေးအပ်ရမည်ဟု လယ်ယာမြေဥပဒေ အခန်း(၁၁)၊ လယ်ယာ မြေကို စီမံခန့်ခွဲခြင်း၊ ပုဒ်မ ၃၂ တွင် ပြဋ္ဌာန်းထားပါသည်။

လယ်ယာမြေဥပဒေသစ်၏ ပုဒ်မ ၂၆ အရလည်း အစိုးရက လယ်ယာမြေသိမ်းယူသည့်အခါ မူလလယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိထားသူအား နစ်နာမှု လုံးဝမရှိစေရန် လျော်ကြေး ပေးခြင်းနှင့် အခြားနည်းလမ်းများဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ရေး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်ဆိုသည့် အချက် လည်း ပါဝင်ပါသည်။

            ယခင်ကာလက မြေအသိမ်းခံရလျှင် လယ်သမားများမှာ လျော်ကြေးမရသည်ကများပြီး ရပြန်လျှင်လည်း ပေးသလောက် နှင့်သာ ကျေနပ်ခဲ့ကြရသည်။
            ပညာရှင်များအကြံပြုကြသည်မှာ လယ်သမားများအား စားဖို့၊ နေဖို့အတွက် လုံလောက်သော လျော်ကြေးပေးရုံနှင့် သူ့ တို့ ဘ၀၏လိုအပ်မှုများ ပြီးပြည့်စုံသွားမည် မဟုတ်သဖြင့် အသက်မွေးဝမ်းကျောင်းအတွက်ပါ ထည့်သွင်း စဉ်းစားပေးသင့် သည်ဟု ဆိုပါသည်။

            အထူးသဖြင့် စီးပွားရေးလုပ်ငန်းကြီးများ၊ စီမံကိန်းကြီး များ ဖော်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် လယ်သိမ်းပါက လယ် သိမ်းခံ လယ်သမားများ၏ နောင်ရေးအတွက်ပါ ထည့်သွင်းစဉ်း စားပေးသင့်ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုယ်စားပြုအဖွဲ့ EcoDev မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက အကြံပြုသည်။

            “မြေသိမ်းရတာဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ရတယ်လို့ဆိုရင် အဲဒီကရတဲ့ အကျိုးမြတ်တွေကိုလည်း သူတို့ (လယ်သမားတွေ) ခံစားခွင့်ရဖို့လိုတာပေါ့”” ဟု ဦးဝင်းမျိုးသူက ဆိုသည်။

            “ဥပမာ - ထားဝယ်စီမံကိန်းပေါ့၊ လျော်ကြေးတွေ နင့်နေ အောင် ပေးလိုက်သော်လည်းပဲ တောင်သူက တတိတိသုံးပြီး ကုန်သွားမှာကိုး။ ရေရှည်မှာ သူ့ဘ၀ရပ်တည်ရေး ထောက်ပံ့ပေးနိုင်ဖို့(စီမံကိန်းတွေကနေ) ကောက်လို့ရတဲ့ အခွန်ဘဏ္ဍာတွေ ထဲက ရာခိုင်နှုန်းတစ်ခုချမှတ်ပြီး ပေးသင့်တယ်” ဟု ဦးဝင်းမျိုး သူက ဆိုသည်။
            ယင်းအတွက် ဥပဒေကြောင်းဆိုင်ရာ အထောက်အပံ့များ ထည့်သွင်းပြဋ္ဌာန်းသင့်ကြောင့်လည်း ၎င်းင်းကအကြံပြုသည်။

အကာအကွယ်ပေးမှုပိုင်း အားနည်း

            လယ်သမားများကို အကာအကွယ်ပေးမှုအပိုင်းနှင့်ပတ်သက်၍ ပျက်ပြယ်သွားခဲ့သော ၁၉၅၃၊ ၁၉၆၃ ဥပဒေများက လယ်သမားများကို အကာအကွယ်ပေးလွန်းရာကျသလောက် ယခုဥပဒေများမှာတော့ အကာအကွယ်ပေးမှုပိုင်းမှာ အားနည်း သည်ဟု ပညာရှင်များက ထောက်ပြပြောဆိုပါသည်။
            ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ် သည့်ဥပဒတွင် ငွေရှင်၊ ကြေးရှင်နှင့် မြေရှင်များ၏ မတရားဖိနှိပ် ချုပ်ချယ်မှုအန္တရာယ်မှ တောင်သူလယ်သမားများကို ထိရောက် စွာ အကာအကွယ်ပေးခဲ့သည်များရှိကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများကဆိုသည်။
            “တစ်နည်းနည်းနဲ့ တောင်သူတွေကို အကာအကွယ်ပေးဖို့ တော့ လိုသေးတယ်” ဟု ဦးဝင်းမျိုးသူကဆိုသည်။

            မြန်မာ့လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ဥပဒေသည် အာရှဒေသအတွင်း ဆိုရှယ်လစ်အလွန်နိုင်ငံတွေဖြစ်သည့် ဗီ ယက်နမ်၊  တရုတ်၊  လာအိုကဲ့သို့သော နိုင်ငံများတွင်ပြုလုပ်ခဲ့ သည့် လယ်ယာမြေပြုပြင်ပြောင်းလဲရေးနှင့် ကွဲလွဲနေရုံသာမက မြန်မာပြည်တွင်းမှာရှိသည့် လူ အများစု၏ လိုအပ်ချက်နှင့်ပါ ဖြောင့် ဖြောင့်ကြီး ကွဲလွဲလျက်ရှိသည်ဟု ပညာရှင်များက ထောက်ပြကြ ပါသည်။

            ထိုနိုင်ငံများနှင့် အဓိကကွာ ခြားသည့်အချက်မှာ ဈေးကွက်စီး ပွားရေးစနစ်နှင့်အညီ ပြုပြင်ပြောင်း လဲလိုက်သော မြန်မာ့လယ်ယာမြေ ဥပဒေသစ်၌ အသေးစားတောင်သူ လယ်သမားများအတွက် အကာ အကွယ်ပေးမှုအပိုင်းတွင် အားနည်း မှုအချို့     ရှိနေခြင်းတို့ကြောင့်ဖြစ်သည် ဟု ဆိုပါသည်။
            မြန်မာပြည်က လယ်သမားအများစုမှာ လယ်အနည်း အကျဉ်းသာပိုင်ဆိုင်သော လယ်သမားများဖြစ်ကြပြီး အများစု မှာ လယ်လုပ်ပိုင်ခွင့် အသိမှတ်ပြုလက်မှတ် မရှိသူများဖြစ်ကြ သည်ဟု စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Food Security Working Group - FSWG) နှင့် ၎င်းင်း၏ မြေလုပ်ငန်းအဖွဲ့ ခွဲ (Land Core Group - LCG) အတိုင်ပင်ခံ မစ္စတာကီဗင်ဝုဒ်စ် (Kevin Woods) က ထောက်ပြသည်။

            “လယ်ယာမြေဥပဒေကို အကောင်အထည်မဖော်ခင်မှာ မြေအသုံးပြုခွင့်လက်မှတ်တွေကို အစိုးရက (အရင်) ဖန်တီးပေး ဖို့လိုတယ်။ ဒါဟာ တော်တော်ကြီးကို အားထည့်လုပ်ရမယ့် အလုပ်ပါ။ မြေအသုံးပြုခွင့်လက်မှတ်နဲ့ပတ်သက်ပြီး စစ်တမ်း တွေလုပ်ဖို့နဲ့ စီမံခန့်ခွဲဖို့က ဆယ်စုနှစ်နဲ့ချီပြီး ကြာလိမ့်မယ်” ဟု ၀ုဒ်စ်က ဆိုသည်။
            ပညာရှင်များသုံးသပ်ကြသည်က တိုင်းပြည်၌ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် စွမ်းဆောင်ပေးနိုင်သော ပတ်ဝန်း ကျင်တို့ကို ဦးစွာဖော်ဆောင်ပြီးမှသာ လယ်လုပ်ပိုင်ခွင့်ပြုပြင် ပြောင်းလဲရေးကို ပြုလုပ်သင့်သည်ဟု ဆိုပါသည်။

            မော်ကွန်းမဂ္ဂဇင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်အသိမ်းခံလိုက်ရသော လယ်သမားများနှင့် တွေ့ဆုံမေးမြန်း ခဲ့သမျှ သိရသည်မှာ အများစု၏လက်ထဲတွင် လယ်ထွန်စရာ နွား၊ ကျွဲ မရှိကြတော့ပါ။ သွင်းအားစုများအတွက် သူတို့မှာ အရင်း အနှီးရှိဖို့နေနေသာသာ လောလောဆယ် ရှင်သန်ရပ်တည်ရေး အတွက် လယ်သူရင်းငှား သို့မဟုတ် ကြုံရာကျပန်း အလုပ် များလုပ်ပြီး မိသားစုဝင်ငွေရှာနေရသူက အများစုဖြစ်သည်။
            အဖွဲ့အစည်းအချို့မှ လည်ပတ်ပေးနေသော အတိုးနှုန်း နည်း အသေးစားချေးငွေဟူသည်မှာလည်း အရင်းအနှီးလိုအပ်သည့် လယ်သမားများထံသို့ ကျယ်ကျယ်ပြန့်ပြန့်မရောက်ရှိသေးပါ။

            တစ်ဖက်မှာလည်း မြေယာစိုက်ပျိုးထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်နိုင်မည့် ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သည့် သယ်ယူပို့ ဆောင်ရေးစနစ်နှင့် ဆည်မြောင်းစနစ်တို့ကို ဦးစွာကောင်းမွန်အောင် လုပ်ဆောင်ပေးရဦးမည်ဖြစ်ကြောင်းလည်း ပညာရှင်များက သုံးသပ်ကြသည်။
            “ဗီယက်နမ်ဆိုရင် လယ်ယာမြေပြုပြင်ပြောင်းလဲရေးကို အချိန်ယူပြီး အကောင်အထည်ဖော်ခဲ့တယ်။ ဒါဟာ အချိန်အများ ကြီးယူပြီး အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်၊ မူဝါဒတွေ၊ ဥပဒေတွေကို အကောင်အထည်ဖော်ရင်းနဲ့ အမြဲမပြတ်လေ့လာ နေရမယ့် လုပ်ငန်းစဉ်၊ ပြီးတော့ ထွက်လာတဲ့ ရလဒ်နဲ့အညီ ချိန်ညှိမှုတွေ လုပ်ရမယ့်လုပ်ငန်းစဉ်လို့ သူတို့က ရှုမြင်ထားခဲ့ကြ တာ” ဟု ၀ုဒ်စ်ကဆိုသည်။

            ဗီယက်နမ်နိုင်ငံ၏ ကျေးလက်ဒေသစီးပွားရေး လျင်မြန်စွာ ကြီးထွားလာမှုနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးကို မောင်းနှင်ပေးသော အရေးကြီးဆုံးအချက်များထဲတွင်  လယ်လုပ်ပိုင်ခွင့် လုံခြုံမှုကို တိုး တက်ကောင်းမွန်စေခဲ့သည့်အချက် လည်း ပါဝင်သည်ဟု Woods ကဆိုသည်။
            တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သော လေ့လာ မှုတစ်ရပ်အရ လယ်ယာမြေပိုင်ဆိုင်မှု သာတူညီမျှရှိသော နိုင်ငံများသည် လယ်ယာမြေပိုင်ဆိုင်မှု သာတူညီမျှမရှိသော နိုင်ငံများ ထက် စီးပွားရေးတိုးတက်မှုနှုန်း နှစ်ဆ၊ သုံးဆခန့် ပိုသည်ဟု FSWG - LCG ကဆိုပါသည်။

            မြန်မာနိုင်ငံအနေနှင့် စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်မှာလည်း လယ်ယာမြေခွဲဝေမှုအပေါ် မူတည် နေပါကြောင်း အမျိုးသားအဆင့်နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းပေါင်း ၄၇ ဖွဲ့နှင့် ဖွဲ့စည်းထား သည့်  FSWG - LCG က ထောက်ပြပါသည်။
            မြန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဥပဒေမှာတော့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကြီးများအတွက် ဧက ၅၀,၀၀၀ အထိ ခွင့်ပြုပေးထားပါသည်။ ကျေးလက်ဒေသရှိ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုး ရေးလုပ်ကိုင်လိုသူများအတွက်တော့ ၅၀ ဧကထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို သက်ဆိုင်ရာဒေသ အဖွဲ့အ စည်းတစ်ခုခုက  ခွင့်ပြုနိုင်ရေးအတွက်  စီမံဆောင်ရွက်နိုင်သည် ဟု ဥပဒေက ပြဋ္ဌာန်းထားသည်။

            “လက်ရှိဥပဒေက pro-business ပေါ့။ စီးပွားရေးလုပ် ငန်းရှင်တွေကို ထောက်ပံ့ပေးဖို့အတွက် အလောသုံးဆယ် ဖုတ်ပူ မီးတိုက်လုပ်တဲ့ ဥပဒေပဲ” ဟု ဦးဝင်းမျိုးသူက သုံးသပ်သည်။
            “ဘာလို့လဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အကြောင်းအမျိုးမျိုးနဲ့ contract farming (အကျိုးတူ လယ် ယာ) လုပ်နေတာတွေ၊ မြေယူပြီး လုပ်နေတာတွေရှိတယ်။ အရင် ဥပဒေဟောင်းတွေရှိနေမယ်ဆိုရင် သူတို့ဆီက သီးစားချထားရင် ပြဿနာရှိနေပြီ။ ငွေထုတ်ချေးတဲ့ဟာကိုလည်း တောင်သူလယ် သမားကာကွယ်ရေးဥပဒေအရ ပြန်မဆပ်လည်း ထိထိရောက်ရောက် အရေးယူလို့ မရဘူးဆိုတော့ ဒါတွေကို ကာကွယ်ပေးချင် တာဖြစ်တယ်။
            “နောက်တစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ရောင်း ချလို့ရရင် အဆင်ပြေမယ်။ မရင်းနှီးဖြစ်ခဲ့တဲ့မြေတွေကို လက်လွှဲ ရောင်းပြီး ငွေဖော်လို့ရမယ်ပေါ့။ ဒီလိုအချက်တွေကို အခြေခံပြီး အထောက်အကူပြုမယ့် မြေယာဥပဒေကို ဖုတ်သွင်းရထားဆိုက် တာပဲ” ဟု ဦးဝင်းမျိုးသူကဆိုသည်။

            အစိုးရအနေဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို တကယ် အလေးအနက်ထားလုပ်ဆောင်နေသည်ဆိုပါက မြေလွတ် မြေလပ်ခွဲဝေပေးရာ၌ လယ်မဲ့ယာမဲ့ သို့မဟုတ် လယ်ဧက လုံလုံ လောက်လောက်မရှိသော မိသားစုများကို ဦးစားပေးသင့် ကြောင်း ပညာရှင်များက အကြံပြုပါသည်။

EcoDev ၏ စစ်တမ်းတစ်စောင်ကို ကိုးကားထားသည့် FSWG - LCG ၏မှတ်တမ်းအရ မိသားစုစားဝတ်နေရေး ပြေ လည်စေရန် အနိမ့်ဆုံးလိုအပ်သော လယ်ယာမြေမှာ ၅ ဧက ဖြစ်သည်ဟု ဆိုပါသည်။ သို့သော်လည်း နိုင်ငံတော်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်မြေဒေသများတွင် အိမ်ထောင်စုများ၏ ထက်ဝက်ခန့်သည် ပျမ်းမျှအားဖြင့် တစ်အိမ် ထောင်လျှင် လယ်ယာမြေ ၃ ဒသမ ၆ ဧကသာ လုပ်ကိုင်နိုင် ကြသည်ဟုဆိုပါသည်။

            မြန်မာနိုင်ငံ၏ မြေနိမ့်ဒေသများတွင် ကျေးလက်လူဦးရေ၏ ၃၅ ရာခိုင်နှုန်းမှ ၅၃ ရာခိုင်နှုန်းမှာ မြေယာမပိုင်ဆိုင်ကြသော အိမ်ထောင်စုများဖြစ်ကြပြီး တိုင်းရင်းသားများနေထိုင်သော တောင်ပေါ်ဒေသများတွင်တော့ မြေယာမပိုင်ဆိုင်မှုနှင့် လယ် လုပ်ခွင့်မသေချာ၊ မရေရာမှုတို့မှာ မြေပြန့်ဒေသထက် ပိုမိုဆိုးရွား တတ်သည်ဟု စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO ၏ အချက်အလက်များကို ကိုးကားထားသော FSWG - LCG ၏ မှတ်တမ်းများကဆိုပါသည်။
အငြင်းပွားမှု ဘယ့်နှယ်ရှင်း
            လယ်ယာမြေဥပဒေသစ်သည် သြဂုတ်လကုန်က စတင်ပြီးအသက်ဝင်သွားပြီဖြစ်သောကြောင့် လယ်သမားများသည် ၎င်းတို့ လယ်ယာများကို မှတ်ပုံတင်နိုင်ကြပြီဖြစ်ပါသည်။

            မတူကွဲပြာင်းခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက တော့ မှတ်ပုံတင်ကာလမှာ ပြဿနာတွေ တက်လာကြလိမ့်မည် ကို သူ့အနေနှင့် ကြိုမြင်နေရသည်ဟုဆိုသည်။
            “ဘာလို့လဲဆိုတော့ ခင်ဗျားမြေလား၊ ကျုပ်မြေလားဆို တာ မကွဲပြားဘူး။ နှစ်တိုင်းနှစ်တိုင်း နာမည်တွေပြောင်းနေရ တယ်။ ရွာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဓလေ့က ခင်ဗျားက မနှစ် ကလုပ်တယ်။ နောက်နှစ်ကျတော့ ကျွန်တော် လုပ်ချင်လုပ်ဖြစ် မယ်။ (ဥပဒေအရ ရောင်းခွင့်မရှိပေမယ့်) ခင်ဗျားက ကျွန်တော့် ကို ရောင်းလိုက်တာဖြစ်ချင်ဖြစ်မယ်” ဟု ဖြစ်တတ်သည့် သဘောကို ဦးနေမျိုးဝေက ရှင်းပြသည်။
            “အဲဒီတော့ ဒီပြဿနာတွေဟာ မြေယာဥပဒေအသစ် ကြောင့်လို့ ပြောရင်မှားတယ်နော်။ အသစ်ကြောင့်မဟုတ်ဘူး။ အကူးအပြောင်းကာလကို ဖြတ်တဲ့အခါမှာ (ဥပဒေ) အဟောင်းရဲ့ အသုံးမကျတဲ့ဟာက အသစ်ရဲ့ကနဦးမှာ ခြေထောက်လာ ရိုက်ချိုးတာပဲ”
            မှတ်တမ်းမှတ်ရာ အထောက်အထား ခိုင်ခိုင်မာမာမရှိ သည့် အခြေအနေတွင် မြေယာဥပဒေကို နောင်ဆယ်နှစ်ကြာမှ ရေးဆွဲဦးတော့၊ အထောက်အထားမရှိခြင်း၏ ပြဿနာများကို မလွဲမသွေ ကြုံကိုကြုံရလိမ့်မည်ဖြစ်ကြောင်းလည်း ဦးနေမျိုးဝေ က ပြောပြသည်။
            “ဘာမှအထောက်အထားမရှိတဲ့ဟာကနေ အထောက် အထားလုပ်ရမှာ။ အဲသလိုဆိုရင် အထောက်အထားမရှိတဲ့ခေတ် မှာ နေခဲ့တဲ့သူတွေက အထောက်အထားမရှိတာကို အကြောင်း ပြပြီး ငြင်းတဲ့ကိစ္စကို ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်ဘူး”
            လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက်    သို့မဟုတ်   ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်ဟု လယ်ယာမြေဥပဒေ အခန်း (၈)၊ ပုဒ်မ (၂၂) တွင်  ဖော်ပြထားသည်။

            ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲမှုအဆင့်က ချမှတ်သည့်အမိန့်ကို မကျေနပ်ပါက မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ထိုမှ ပြည်နယ်အဆင့် (သို့မဟုတ်) တိုင်းဒေသကြီးအဆင့်ထိ အယူခံနိုင်သည်ဟုလည်း ဥပဒေက ပြဋ္ဌာန်းထားသည်။
            ပြည်နယ်အဆင့် (သို့မဟုတ်) တိုင်းဒေသကြီးအဆင့်၏ ဆုံးဖြတ်ချက်ကို လယ်သမားများအနေဖြင့် ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ထိုအဆင့်၏ ဆုံးဖြတ်ချက်သည် အပြီး အပြတ်ဖြစ်စေရမည် ဟုလည်း ဥပဒေကဆိုထားသည်။
            ပညာရှင်များအဖို့တော့ ယင်းအချက်မှာ ထောက်ပြ၊ ဝေဖန်စရာ ဖြစ်နေပြန်သည်။
“အစိုးရက စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့ပြီး ဆုံးဖြတ်တာကို အလုံးစုံ မှန်တဲ့အဖြေလို့မထင်ဘူး” ဟု ဦးဝင်းမျိုးသူကဆိုသည်။
            “အစိုးရက ဖွဲ့ထားတာဖြစ်လို့ impartial (ဘက်လိုက်မှု ကင်းရှင်းခြင်း) ဖြစ်မနေဘူး။ တောင်သူက မျှတတယ်ထင်လို့ အဆုံးဖြတ်ခံရင် သူ့သဘောဖြစ်ပါစေ။ တရားရုံးသွားချင်ရင် လည်း လမ်းဖွင့်ပေးရမှာပေါ့” ဟု ဦးဝင်းမျိုးသူကဆိုသည်။

            သို့မဟုတ်လျှင် ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် နိုင်ငံသားတစ်ယောက်သည် လွတ်လပ် သော တရားစီရင်ရေးကို လက်လှမ်းမီခွင့်ရှိသည် ဆိုသည့်အချက် ပါဝင်သည်။
            ပညာရှင်များထောက်ပြသည်က ယင်းကဲ့သို့ လယ်ယာစီမံ ခန့်ခွဲရေးအဖွဲ့ကို ဖြန်ဖြေသည့်အခါများတွင်သာ အသုံးပြုသင့်ပြီး လယ်သမားများအနေနှင့် မကျေနပ်ပါက တရားရုံးအထိ တက် ရောက်ခွင့်ရှိသင့်သည်ဟု ဆိုသည်။
            တရားရုံးတက် ဖြေရှင်းသည့်အခါမျိုးမှာဆိုလျှင်လည်း ငွေ ကြေးမတတ်နိုင်သော လယ်သမားများ ရှေ့နေကောင်းကောင်း မငှားနိုင်ပါက အရေးနိမ့်နိုင်သည့်အချက်ကိုလည်း ထည့်သွင်း စဉ်းစားထားသင့်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။ ထိုအခါမျိုးတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများအနေဖြင့် ၀ိုင်းဝန်းကူညီသင့်ကြကြောင်း ပညာ ရှင်များက အကြံပြုကြပါသည်။

            “ဒီအမှုအခင်းတွေပြေလည်ဖို့ဆိုတာ လျော်ကြေးသက် သက်ဆိုတာနဲ့ ကုစားနိုင်မှာမဟုတ်ဘူး” ဟု ဦးဖိုးဖြူကဆိုသည်။
            “ဒါကြောင့် အသက်မွေးဝမ်းကျောင်းရှင်သန်ဖို့ကို အကာအကွယ်ပေးတဲ့ ဥပဒေပြဋ္ဌာန်းချက် လိုကိုလိုအပ်လာပြီ”
            ဤနေရာတွင် စိတ်ဝင်စားစရာကောင်းသည်မှာ ယခင်စစ် အစိုးရလက်ထက်က အာဏာပိုင်များနှင့် နီးစပ်သည့် အခွင့်ထူးခံလုပ်ငန်းရှင်များနှင့် လယ်သမားများကြားက လယ်ယာမြေ အ ငြင်းပွားမှုများကိုမည်သို့ဖြေရှင်းမည်နည်း၊ မည်သို့သော ရလဒ် မျိုးထွက်လာမည်နည်းဟူသော အချက်ပင်ဖြစ်ပါသည်။
            လေ့လာသူအချို့မှန်းဆထားကြသည်မှာ ထိုလုပ်ငန်းရှင် ကြီးများမှ အချို့က ၎င်းင်းတို့သိမ်းဆည်းခဲ့ကြသည့် လယ်ယာမြေ (တချို့တစ်ဝက်ကိုဖြစ်စေ) ကို ပြဿနာအကြီးအကျယ် အတက် မခံဘဲ လယ်သမားများလက်သို့ ပြန်ပေးကြလိမ့်မည်ဟု ယူဆကြ သကဲ့သို့ အချို့လုပ်ငန်းရှင်ကြီးများမှာလည်း လက်ထဲရောက်လာ သည့် မြေများကို မလွှတ်တမ်းဆက်လက်ဆုပ်ကိုင်ကာ တရား        တဘောင် ရင်ဆိုင်သွားကြဖွယ်ရှိသည်ဟု ခန့်မှန်းထားကြပါသည်။

            နိုင်ငံတနံတလျား စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး၊ စက်မှုသီး နှံများ စိုက်ပျိုးရေးအတွက်ဟုဆိုကာ လယ်ယာမြေများ အသိမ်း ခံရခြင်းမှာ ၁၉၉၀ အစောပိုင်းနှစ်များကတည်းကဖြစ်ပြီး အစိုး ရက ပုဂ္ဂလိကလုပ်ငန်းရှင်များအား လယ်ဧက အမြောက်အမြား ခွဲဝေချထားပေးခဲ့ခြင်းများရှိခဲ့ကြောင်း လေ့လာသူများက ဆို ကြသည်။
            ၂၀၁၀ ဇန်န၀ါရီလအထိ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်း ၂၁၆ ခုအား တရားဝင်လုပ်ပိုင်ခွင့်ပြုခဲ့သော မြေဧရိယာ အကျယ် အ၀န်း စုစုပေါင်းမှာ ၁ ဒသမ ၇၅ သန်းနီးပါးရှိသည်ဟု စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကိန်းဂဏန်းများကို ကိုးကား ပြီး FSWG - LCG ကဆိုသည်။

            ယင်းသို့ခွင့်ပြုခဲ့သော မြေဧရိယာ အကျယ်အ၀န်း၏ ထက် ၀က်ခန့်မှာ တနင်္သာရီတိုင်းဒေသကြီးတွင်ဖြစ်ပြီး ဒုတိယအများ ဆုံးမှာ ကချင်ပြည်နယ်တွင်ဖြစ်သည်ဟု ဆိုပါသည်။
            ထိုသို့ လုပ်ကိုင်ခွင့်ပေးထားသောမြေများမှာ မြေလွတ်၊ မြေရိုင်းဟု အစိုးရက သတ်မှတ်ထားသော်လည်း ထိုမြေများမှာ ကျေးရွာများ၏ တောင်ယာမြေ (သို့မဟုတ်) စားကျက်မြေများ ဖြစ်နေတတ်သည်ဟု မစ္စတာဝုဒ်စ်နှင့် မစ္စတာတွမ်ခရေမာတို့ရေးသောသော Financing Dispossion: China’s Opium Substitution Programme in Northern Burma အမည်ရှိ စာတမ်းတစ်စောင်မှာ ဖော်ပြပါရှိပါသည်။

            အစိုးရက ထိုသို့ လယ်ဧက အမြောက်အမြား ခွဲဝေချထားပေးသော်လည်း ဧကအရေအတွက်အားလုံးပေါင်း၏ ၂၀ ရာခိုင်နှုန်းလောက်ကိုသာ အမှန်တကယ် ထွန်ယက်စိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး တစ်ဦးကို ကိုးကားထားသော မစ္စတာဝုဒ်စ်နှင့် မစ္စတာခရေမာတို့၏ စာ တမ်းတွင် ဖော်ပြပါရှိပါသည်။



ဉာဏ်လင်း၊ ဇေယျာလှိုင်၊ ၀င်းဇော်လတ် ရေးသားသည်
ရန်ကုန်၊ အောက်တိုဘာ၊ ၂၀၁၂

(မော်ကွန်းမဂ္ဂဇင်း အမှတ်(၂) တွင်ပါရှိသော မျက်နှာဖုံးဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)


These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free