ကျွန်တော်ကတော့ ကုန်သွယ်ရေး ဝန်ကြီး ထုတ်ပြော သွားတာတွေကို ပြန်စဉ်းစားပြီး အမျိုးမျိုး တွေးနေပါတယ်။ ချီးကျူးဖို့လည်း ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက သူထင်တာတွေကို အလွန် ပွင့်ပွင့် လင်းလင်း ပြောရဲပါတယ်။ အဆင် မပြေတာ တွေကိုလည်း အဆင်မပြေဘူးလို့ ဝန်ခံတယ်။ ပြဿနာ တွေ့နေတာကိုလည်း တွေ့နေတယ် လို့ပဲ ပြောတယ်။ ကျောက်စိမ်း အကြောင်း ရေးတုန်းက တရုတ် က ကျောက်စိမ်းသွင်းကုန် အခွန်ကို ၃ ဒသမ ၃ ရာခိုင်နှုန်း ကောက်ခံရာမှ ၃၄ ဒသမ ၄ ရာခိုင်နှုန်းကို တိုးကောက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူဘယ်လိုမြင်တယ်၊ ဘယ်လိုကြိုးစားနေတယ်ဆိုတာကို  ‘ကျောက်စိမ်းနှင့် တို့မြန်မာ’ ဆောင်းပါးမှာ ကျွန်တော် တင်ပြခဲ့ ပြီးပါပြီ။
မှောင်ခို အရောင်းအဝယ် ပမာဏ ... အဲ... မြန်မာနယ်စပ်မှာ တရားမဝင် ရောင်းဝယ် နေကြတဲ့ ကုန်သွယ်မှု ပမာဏနှင့် ပတ်သက်လို့   လည်း သူထုတ်ပြောမှပဲ ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ တိတိကျကျ  သိခွင့် ရခဲ့ပါတယ်။
ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
"မြန်မာနိုင်ငံရဲ့ မှောင်ခို ကုန်သွယ်မှု ပြုလုပ်နေတဲ့ ပမာဏ က တရားဝင် ကုန်သွယ်မှု ပြုလုပ်နေတဲ့ ပမာဏထက် ဆယ်ဆ၊ အဆ ၂၀ လောက် ပိုများနေပါတယ်" တဲ့။
ကျွန်တော် အလွန် အံ့သြ မိပါတယ် ခင်ဗျား။
မှောင်ခို ကုန်သွယ်မှု လုပ်နေကြတဲ့ ပမာဏက ဒီလောက်အထိ  ကြီးနေတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ကျွန်တော့်စိတ်ထဲမှာ ဒီလောက်တောင် ကြီးနေမယ်လို့ လုံးဝ မထင်ထားပါဘူး။ ဘာကြောင့်လဲ။
ကျွန်တော်ကိုယ်တိုင်လည်း မှောင်ခိုကုန်သည် အလုပ်ကို နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ လောက် အထိကို လုပ်ကိုင် ခဲ့ဖူးပါတယ်။  ၁၉၇၀ ပြည့်နှစ်... အဲ ... မဆလခေတ် တစ်လျှောက်လုံးနှင့် တပ်မတော် အစိုးရ ခေတ် အစပိုင်း ၂ နှစ်လောက် အထိကို လုပ်ဖူးပါတယ်။
ဘာကြောင့် လုပ်ခဲ့ရသလဲ။
အဲဒီတုန်းက တရားဝင် ကုန်သွယ်မှုမှ လုပ်ခွင့် မရခဲ့ဘဲ ခင်ဗျား။ အဲဒီခေတ်က ကျွန်တော်တို့ ရွှေမြန်မာတွေက ဆင်လို သတ္တဝါ ကြီးတွေကိုတောင် မှောင်ခို ကုန်ပစ္စည်း အဖြစ်ရောင်းခဲ့ကြတဲ့ခေတ်။ပြန်တွေးကြည့်ရင် ရယ်ဖို့လည်း အလွန် ကောင်းလှပါတယ်။
မြန်မာတွေ မှောင်ခို မရောင်းကြတဲ့ ပစ္စည်း မရှိသလောက်ပါပဲ။
ကျွန်တော်က ရတနာကုန်သည် ...။
မိုးကုတ် ရတနာမြေထွက် ပတ္တမြား၊ နီလာ၊ အညံ့ပန်းနှင့် ပြောင်ခေါင်းစိမ်း ကျောက်တွေကို အဓိက အရောင်းအဝယ် လုပ်ပါတယ်။ အဲဒီခေတ်က မိုးကုတ်မြို့မှာ ပတ္တမြားအရိုင်း၊ နီလာအရိုင်း ကိုလက်ထဲမှာ ကိုင်ထားတာကို တွေ့တာနဲ့ မိတာနဲ့ ဖမ်းပြီခင်ဗျား။  လက်ထဲ ကိုင်ထားတဲ့ လူရဲ့ ကျောက်ကိုလည်း သိမ်းပါတယ်။
နောက်ပုဒ်မ ၁၄/၁ ။ ပုဒ်မ ၁၅/၁ ဆိုတဲ့ အထူး ဥပဒေတွေနဲ့လည်း တရားစွဲပါတယ်။ ဒီဥပဒေတွေက ဆိုရှယ်လစ် စီးပွားရေး စနစ် ကာကွယ် တဲ့ ဥပဒေတွေတဲ့။ ပုဒ်မ ၁၅/၁ ဆိုတာရဲ့ ပြစ်ဒဏ်က အနည်းဆုံး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့် အများဆုံး သေဒဏ်တဲ့ ခင်ဗျား။ နိုင်ငံတော် ပုန်ကန်မှုနှင့် အဆင့် တစ်ခုတည်းကို သတ်မှတ်ခဲ့တာပါ။
ကျွန်တော် ကိုယ်တိုင် ၁၉၇၆ ခုနှစ် ကုန်ခါနီးမှာ အဲဒီပုဒ်မ ၁၅/၁ ဆိုတဲ့ အထူး ဥပဒေနှင့် တရားစွဲ ခံရဖူးပါတယ်။ အဲဒီတုန်းက  ကျွန်တော် ရတနာ ကုန်သည်လည်း မဖြစ်သေးပါဘူး။ လေသူရဲ စစ် ဗိုလ် ဘဝက ထွက်ပြီးစ အချိန်။ ဇနီးဖြစ်သူ အညို့ဖခင်ထံမှာ ရတနာ ပညာကို သင်နေတုန်းအချိန်။ မိုးကုတ်ကျောက် အမာနှင့် အပျော့ ဆိုတာ ကိုတောင် မခွဲတတ်သေးပါဘူး။
ရယ်ရတယ် ခင်ဗျား။
မိုးကုတ်ထောင်ထဲ ရောက်ပြီး ထောင်ထဲက မြေပြင်ပေါ်မှာ ပြန့်ကျဲ နေတဲ့ ကျောက်ဖြုန်းတွေ အထဲက အညံ့ပန်း တစ်ပွင့်ကို ကောက်ပြီး  ဒီပတ္တမြား လေးက သိပ်လှတာပဲလို့ ပြောပြီး အတူ အဖမ်းခံ နေရတဲ့ ကိုကျော်လေး ကို သွားပြမိတယ်။ ကိုကျော်လေးက အလွန်အံ့သြသွားပြီး ...
"ဟင် ... ကိုလှဝင်း။ ခင်ဗျား အညံ့ပန်းနဲ့ ပတ္တမြား ဆိုတာ တောင် မခွဲတတ်သေးပါလား။ ခင်ဗျားကို ဘာဖြစ်လို့ မှောင်ခိုရတနာ ကုန်သည်ကြီး ဆိုပြီး ဒီလူတွေက ဖမ်းကြတာလဲ။ကိုကျော်လေး ကလည်း တပ်မတော်က ထွက်လာတဲ့ တပ်ထွက်။   ရိုးရိုးရဲဘော် ဘဝမှ ထွက်ခဲ့ပြီး ထူးဆန်းစွာ ရတနာကုန်သည်လာဖြစ်ပြီး ကြီးပွား ချမ်းသာနေသူ ...။
"မသိပါဘူး ကိုကျော်လေးရယ်။ ကျောက်မျက် အလုပ်နှင့် ကျွန်တော် ပိုက်ဆံတစ်ပြားမှ မရခဲ့ဖူး သေးပါဘူး။ ယောက္ခမကြီးကို မော်တော်ကား မောင်းပြီး ဒရိုင်ဘာလို ဟိုလိုက်ပို့ ဒီလိုက်ပို့ လုပ်ခဲ့ဖူး တာကို အထင်ကြီးပြီး ဖမ်းကြတာလား မသိပါဘူးဗျာ" ... လို့ ပြန်ပြောခဲ့တာကို နားထောင်ပြီး အားလုံးက ဝိုင်းရယ်ခဲ့ကြပါတယ်။ သနားခဲ့ကြပါတယ်။
နောက် ... တစ်နှစ်လောက်ကြာပြီး ထောင်က ထွက်လာခဲ့ပြီးတဲ့ အချိန်ရောက်တော့ ... ဟယ် ... မထူးတော့ပါဘူး။ လေယာဉ်ပျံ မောင်းတဲ့ ပညာတောင် ငါတတ်အောင် သင်နိုင် ခဲ့သေးတာပဲ။ ကျောက်ပညာကို ငါတတ်အောင် ဘာကြောင့် မသင်နိုင်ရမှာလဲ။ တတ်အောင် သင်ဦးမယ်။ မှောင်ခို အလုပ်ကို လုပ်ကို လုပ်ဦးမယ်လို့ ကိုယ့်ဟာကိုယ် နာကြည်းချက်တွေ အပေါ် အခြေခံ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးတော့ မှောင်ခိုရတနာ ကုန်သည်ကြီး ဖြစ်လာတာပေါ့ခင်ဗျား။
အဲဒီခေတ်က မှောင်ခို ရတနာ ကုန်သည်ဆိုတာက ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ မိုးကုတ်မြို့က နာမည်ကြီး ရတနာ ကုန်သည် အားလုံးနီးပါးက မှောင်ခို ရတနာ ကုန်သည်တွေပါပဲ။
ဘာကြောင့်လဲ။
ဒီနေ့ခေတ် အခါလို တရားဝင် ကုန်သွယ်မှုတွေမှ မပေးသေးဘဲ ခင်ဗျား။
မိုးကုတ်မြို့မှာ ကျောက်အရိုင်းကို မဝယ်ဘဲ အယဉ်ချည်းပဲ ဝယ်လို့ ဘယ်လို အမြတ်ရနိုင် မှာလဲ။ သွေးပြီးသား အယဉ်ဆိုတဲ့ ကျောက်က ကုန်သည်တွေ လက်မှာရှိတဲ့ကျောက်။ မသွေးရသေးတဲ့  တွင်းက ထွက်စအရိုင်းဆိုတဲ့ ကျောက်က တွင်းသားတွေ လက်ထဲမှာ ရှိတဲ့ကျောက်။ ကျောက်အကြောင်း ဘာမှမသိတဲ့ တွင်းသားတွေရဲ့ လက်ထဲက အရိုင်းကိုဝယ်မှ အမြတ် ကောင်းကောင်းရနိုင်တာ။ ကုန်သည်တွေ လက်ထဲမှာရှိတဲ့ အယဉ်ကို အရောင်းအဝယ် သွားလုပ် လို့တော့ ဘယ်တော့မှ မြိုးမြိုးမြက်မြက် မြတ်စရာ မရှိပါဘူး။
နောက် ... ဈေးကွက် ...။
အရိုင်းကိုဝယ်ပြီး ဖြတ်တောက် ပြီးသွားလို့ ကျောက်အယဉ် ဘဝမှာ ပြန်ရောင်းဖို့ ဈေးကွက် ကျတော့လည်း အဲဒီခေတ် အချိန်က မြန်မာနိုင်ငံ အတွင်းမှာ မရှိပါဘူး။
ကျောက်မျက်ပြပွဲတွေကတော့ ဒီနေ့ခေတ်မှာလိုပဲ ဟိုခေတ်မှာလည်း ရှိပါတယ်။ အဲ ... ဒါပေမဲ့ တစ်နှစ်မှာ တစ်ကြိမ်ပဲ ကျင်းပတယ်။ ပြဿနာ က ကျောက်မျက်ပြပွဲကို သွားတင်ရောင်းရင် နောက်ဆုံးကိုယ့်ကို ဒီကျောက် ဘယ်ကရသလဲ ဆိုတဲ့ ပြဿနာနှင့် ပတ်လာနိုင်တာကို တွေး ကြောက်ကြပြီး ကိုယ့်မှာရှိသမျှ ကျောက်ကောင်းတွေကို တင်မရောင်း ရဲကြပါဘူး။ သတ္တိရှိတဲ့ လူနည်းစုလောက်ပဲ သွားရောင်းကြပါတယ်။
အဲ ... ဒါကြောင့်လည်း မဆလခေတ်က ကျောက်မျက်ပြပွဲမှာ ရောင်းနိုင်တဲ့ ငွေပမာဏကို ပြန်စစ်ဆေးကြည့်လေ။ အမေရိကန် ဒေါ်လာ သန်းနှစ်ဆယ်ကျော် ရောင်းနိုင်တဲ့ ပြပွဲက မရှိသလောက် ကို ရှားခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ဒေါ်လာငွေ နှစ်ဘီလီယံကျော် အထိရောင်းရတဲ့ ပွဲတောင် ရှိနေပါတယ်။ ဒီနေ့ ပြည်တွင်း ရတနာ ရောင်းအား မဆလခေတ်ထက် အဆပေါင်း တစ်ရာ ပိုများနေပါပြီ။
မှောင်ခို အရောင်းအဝယ် လုပ်ကြတဲ့ အတွက် ဘယ်သူတွေ အကျိုးရှိသလဲ။
မြန်မာတွေ သွားရောင်းကြတဲ့ နိုင်ငံတွေက အဓိက အကျိုးရှိ တာပေါ့ခင်ဗျား။
ဒီလို အကျိုးရှိလို့လည်း သူတို့နိုင်ငံထဲ တရားမဝင် လာကြတဲ့ ကုန်သည်တွေကို ဘယ်တော့မှ မဖမ်းဘူး။ ယာယီ သွားလာခွင့် လက်မှတ်တောင် ထုတ်ပေးကြသေးတယ်။
ပထမဆုံး သူတို့ ဝယ်ရတဲ့ကျောက်က မြန်မာနိုင်ငံက အခွန်လွတ် ထွက်လာတဲ့ကျောက်။ မြန်မာအစိုးရ အိတ်ထဲ ရောက်ရမယ့် ငွေအားလုံး သူတို့နိုင်ငံ အစိုးရ လက်ထဲ ရောက်သွားပြီ။ နောက် ... သူတို့က သူတို့ဝယ်တဲ့ မြန်မာကျောက်ကို သူတို့ နိုင်ငံမှ တစ်ဆင့် တရားဝင် ပြည်ပကို ပြန်ရောင်းကြတာ။ အဲဒီလို ပြန်ရောင်းတဲ့ အခါမှာလည်း သူတို့ နိုင်ငံတော် အစိုးရက ပြည်ပပို့ကုန် အခွန်အနေ နဲ့ ငွေထပ်ရပြန်တာပေါ့ခင်ဗျား။
မြန်မာအစိုးရက တစ်ပြားမှမရဘဲ သူတို့ အစိုးရကတော့ နှစ်ခါစားပေါ့ ခင်ဗျား။
အဲဒီခေတ်က ကျွန်တော်တို့ မြန်မာ ရတနာ ကုန်သည်တွေ ရယ်စရာ ပြောတဲ့ စကားရှိခဲ့ပါတယ်။
"ဟေ့ ... ဇင်းမယ်မြို့ကြီးကို ကမ္ဘာ့မြို့ကြီး တစ်ခု ဖြစ်လာအောင် တည်ထောင်ခဲ့ကြတာက မြန်မာကျောက်စိမ်း ကုန်သည်တွေ။ ဘန်ကောက် မြို့ကြီးကို ကမ္ဘာ့ ရတနာမြို့တော်ကြီး ဘဝကို ရောက်အောင် လုပ်ပေးခဲ့ ကြတာက မိုးကုတ်မြို့သား ပတ္တမြား၊ နီလာ ကုန်သည်တွေ" ... တဲ့။
မှတ်ရောပေါ့ ခင်ဗျား။
မှန်ပါတယ်။ (ဂျေဒိုက်)ကျောက်စိမ်း လုံးဝမထွက်ဘဲ (ဇင်းမယ်) မြို့က ကျောက်စိမ်း အရိုင်းမြို့တော် (The city of Rough Jade) တဲ့။ အဖိုးတန်ရောင်စုံကျောက် လုံးဝမထွက်ဘဲ ဘန်ကောက်မြို့က ရောင်စုံ ကျောက်မြို့တော် (city of Color Stones) တဲ့။
ဒါ ကျွန်တော် ကိုယ်တိုင် ပါဝင်ပြီး လုပ်ခဲ့၊ ဖြစ်ခဲ့တာတွေကို ပြန်ရေးပြ နေတာပါ။
ကျွန်တော် ပြောပြချင်တာက ကျွန်တော်ကိုယ်တိုင် မှောင်ခို ကုန်သည်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ အတွက် မှောင်ခိုကုန် သွယ်မှုရဲ့အဆိုးအကောင်းတွေကို အကုန်သိပါတယ်။
ကုန်သွယ်ရေး ဝန်ကြီး ဦးဝင်းမြင့်ရဲ့ ထုတ်ဖော် ပြောပြချက် အရ ဒီနေ့လည်း မှောင်ခိုကုန်သွယ်မှုက ရှိနေကြတုန်းတဲ့။ ရှိနေတာမှ နည်း နည်းလေး ရှိတာ မဟုတ်ပါဘူး။ တရားဝင် ကုန်သွယ်မှုရဲ့ ဆယ်ဆက အဆ နှစ်ဆယ် ပမာဏ အထိကို ရှိနေတယ်တဲ့။ တကယ်တော့ ဒီနေ့ ခေတ်က မြန်မာနိုင်ငံမှာ မှောင်ခို ကုန်သွယ်မှုက ဆက်ပြီး ရှိနေရမယ့် ခေတ် မဟုတ်တော့ပါဘူး။
ကျွန်တော်အလွန် စိတ်မကောင်းပါဘူး။
ဒီပြဿနာ မရှိအောင်၊ ဒီကုန်သွယ်မှု ပပျောက်သွားအောင် ဒီနေ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အုပ်ချုပ်တဲ့ ခေတ်မှာ လုပ်လို့ ရပါတယ်။
ဒီနေ့ကုန်သွယ်မှုနှင့် ပတ်သက်ပြီး သက်ရောက်မှုရှိတဲ့ အောက်ခြေ ဝန်ထမ်း တစ်ဝက်ကျော်မှာ အားနည်းချက်တွေ ရှိနေပါတယ်။ ကုန်သွယ်ရေး ဝန်ထမ်းတွေကိုပဲ ပြောတာမဟုတ်ပါဘူး။ ဌာနပေါင်းစုံက ဝန်ထမ်းတွေကို ပြောတာပါ။ ဒီနေ့ ဝန်ထမ်းတွေကြောင့် တရားဝင် ကုန်သွယ်မှုတွေ ပြုလုပ်ကြရတာ ချောမွေ့မှု မရှိပါဘူး။ တရားဝင်အောင် ပြုလုပ်ချင်လေ စိတ်ဆင်းရဲရလေ ဖြစ်နေပါတယ်။
မှောင်ခို အရောင်းအဝယ် အလုပ်ဆိုတာ လက်တွေ့လုပ်ရတာ မလွယ်ပါဘူး။ မလွှဲသာလို့ လုပ်နေကြရတာပါ။ ပထမဆုံး ကုန်ကျ စရိတ် အနေနှင့်လည်း မိမိနိုင်ငံဘက်မှာလည်း ပေးရ၊ တစ်ဖက် နိုင်ငံဘက်မှာလည်း ပေးရနှင့် နိုင်ငံတော်ကို တရားဝင် အခွန်ဆောင်ရတဲ့ ပမာဏထက် ပိုများပါတယ်။
နောက်ဆုံး စွန့်လုံး ကလည်း အမျိုးစုံ ရှိပါတယ်။ တစ်ခါတစ်ရံ အသက်ပါ စွန့်ရပါမယ်။ ကျွန်တော် ပိုပြောနေတာ မဟုတ်ပါဘူး။ တကယ် ပြောပြနေတာပါ။ အညို့အစ်ကို ...ကျွန်တော့်ယောက်ဖ ကိုမောင်ကို ဆိုရင် အဲဒီလိုစွန့်စားပြီး လုပ်ကိုင်ရင်းနှင့် နယ်စပ်မှာ အသက်ဆုံး ခဲ့ရဖူးပါတယ်။
သူလည်း တပ်မတော်သား စစ်သည်တော်ဟောင်း ...။ ဗြိတိန် နိုင်ငံကို ရဲညွန့် အဖြစ် လေးနှစ် ပညာသင်သွားခဲ့ဖူးပြီး စစ်အင်ဂျင်နီယာ တပ်မှာ ဆယ်နှစ်ကျော် အမှုထမ်း ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်။မတန်ပါဘူး။
မှောင်ခို ကုန်သွယ်မှုကို လုပ်ကိုင်ရတဲ့ ပုဂ္ဂိုလ် အားလုံးက ဘယ်သူမှ စိတ်မချမ်းသာ ရပါဘူး။ နိုင်ငံတော် အတွက် အကျိုးမရှိ သလို ကုန်သည် အတွက်လည်း အကျိုးမရှိ လှပါဘူး။သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက်သာ လုပ်ကိုင် နေကြရတာပါ။
မဆလ အာဏာပိုင် တွေက မှောင်ခို ကုန်သည်တွေကို သူခိုး အကြီးစားတွေ အဖြစ် သတ်မှတ်ထားတယ်။ ဒါကြောင့် ကျွန်တော် လည်း အဲဒီခေတ်က သူခိုး အကြီးစား ပေါ့ခင်ဗျား။ကုန်သွယ်ရေး ဝန်ကြီး ဦးဝင်းမြင့် ခင်ဗျား။
ကျွန်တော် အကြံတစ်ခု ပေးချင်ပါတယ်။ မှောင်ခိုနဲ့ မကင်းတဲ့ ကုန်သွယ်ရေး လုပ်နေကြတဲ့ ကုန်သည်ကြီးတွေကို ဝန်ကြီး ရုံးခန်းကို ပိတ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ပါ။ ဒီနေ့ ကျွန်တော် အသက်ကြီးသွားတဲ့ အတွက် မှောင်ခိုရတနာ ကုန်သည် အလုပ်ကို မလုပ်ပါဘူး။ ဒါပေမဲ့ ဒီအလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော် အလွန် ကျွမ်းကျင်ပါတယ်။ ကမှ အ အထိ ကျွန်တော် သိပါတယ်။ ကျွန်တော့် ကိုလည်း ဖိတ်ပါ။ မှောင်ခိုကုန်သည်ဟောင်းကြီး တစ်ယောက်အနေ နဲ့ ကျွန်တော် တက်ရောက်ပါမယ်။
ဒီနေ့ တရားဝင် ကုန်သွယ်မှုမှာ ကုန်သည်တွေ လက်တွေ့လုပ်ရ ခက်ခဲနေတာ တွေ ရှိပါတယ်။ ဆွေးနွေးကြည့်တဲ့ အခါ ကြားရပါလိမ့် မယ်။အဲဒီဆွေးနွေးပွဲက ဝိုင်းပြီး တင်ပြကြတာတွေကို သမ္မတကြီးထံ တင်ပြပြီး ပြင်သင့်တာတွေကို ပြင်ပေါ့ ခင်ဗျား။
ပြင်ဆင် သင့်တာတွေကို ချက်ချင်း ရဲရဲ ပြင်လိုက်ပါ။
မှောင်ခို ကုန်သွယ်မှု ပမာဏ ချက်ချင်း လျော့ကျ သွားပါလိမ့် မယ်။ နောက် ... မှောင်ခိုလုပ်ငန်း ဆိုတာ ဥပဒေ စိုးမိုးမှု ရှိရေး ပြဿနာ နဲ့လည်း တိုက်ရိုက် သက်ဆိုင် နေပါတယ်။


Copy From The Voice Weekly Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free