ဒီကနေ့ကာလကို “အသွင်ကူးပြောင်းရေးကာလ” လို့ ပြောပြောနေတာတွေ ကြားကြားနေရတယ်။ အထင်ကရ ဒီမိုကရေစီရေးလှုပ်ရှားသူ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တချို့တချို့ရဲ့အမြင်မှာတောင် နယ်ပယ်အသီးသီးမှာ ဒီမိုကရေစီအသွင်းကူးပြောင်းရေးတွေ စတင်နေပြီလို့ အထင်ရောက်နေကြတာကို သူတို့ရဲ့ ပြောဆိုဖြေကြားချက်တွေကတဆင့် သိနေရတယ်။

ကျနော်အနေနဲ့ ပြောရရင် … အင်း … အသွင်ကူးပြောင်းရေးကာလတော့ … အသွင်ကူးပြောင်းရေးကာလပဲ။ ဘယ်လို အသွင်ကူးပြောင်းရေးကာလလဲဆိုတော့ ကြံ့ဖွံ့စစ်အုပ်စုက မစို့မပို့ အလျှော့ပေး၊ ပြဿနာတွေ ပိုရှုပ်ထွေးအောင်လုပ်၊ မျှော်လင့်ချက်အတုအယောင်တွေ ဖန်တီးလုပ်ဆောင် လမ်းလွှဲပေးပြီး သူတို့သွားချင်တဲ့ ဒီမိုကရေစီအရေခြုံ စစ်အာဏာရှင်ပုံစံသစ်တမျိုးဆီ ချီတက်ဖို့ အသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ ကာလလို့ပဲ ရှင်းရှင်းလင်းလင်း မြင်မိကြောင်း ပြောလိုပါတယ်။


“လူထုတိုက်ပွဲလို့ ပြောလိုက်ရင် ခေါင်းဆောင်တချို့ အပါအ၀င် အများစုရဲ့အမြင်မှာ လမ်းမပေါ်ထွက်ပြီး သေနတ်နဲ့ တဒိုင်းဒိုင်း အပစ်ခံ၊ ဘက်နက်နဲ့ ထိုးပြီး အသေခံ၊ တင့်ကားနဲ့ အကြိတ်ခံ၊ လူတွေ တောင်ပုံရာပုံ အသေခံရတာတွေကိုပဲ မျက်စိထဲ မြင်ယောင်ပြီး ထိတ်လန့်နေကြပုံပေါ်တယ်။ အဲသလို ထိတ်လန့်နေတာကိုလည်း ဆိုးတယ်လို့ မဆိုသာပေဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုရဲ့ ဆိုက်ဝါးတွေကလည်း အဲဒီလိုပုံရိပ်တွေ မြင်ယောင်ပြီး လူထုတိုက်ပွဲ မဆင်နွှဲရဲအောင် ၀ါဒဖြန့်တယ်။ ပြည်ပက လူတွေက လူထုတိုက်ပွဲဆင်နွှဲဖို့ အကြံပြုရင်လည်း မင်းတို့ကိုယ်တိုင် ၀င်မလုပ်ရတိုင်း မြှောက်ပေးမနေနဲ့ဆိုတာမျိုး လူထုတိုက်ပွဲ လိုအပ်မှုရဲ့အနေအထားကို မသိနားမလည်သူတချို့က အရိုးခံ တုံ့ပြန်ကြသလို စစ်အုပ်စု ဆိုက်ဝါးတွေကလည်း ကူပြီး ပြက်ရယ်ပြုပေးကြပေသကိုး။”

အဲဒီလို ကြံ့ဖွံ့စစ်အုပ်စု သွားနေတဲ့ အသွင်းကူးပြောင်းရေး လုပ်ဆောင်မှုကနေ ကျနော်တို့ ပြည်သူတွေ အမှန်ကယ် လိုလားတဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေး လုပ်ဆောင်နိုင်တဲ့ ကာလကို မရောက်နိုင်ဘူးလားဆိုတော့ ရောက်နိုင်ပါတယ်။ ရောက်ချင်တယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို မျှော်ရင်း အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့မယ့် လူထုအရေးကိစ္စတွေကို ရှောင်လွှဲနေလို့ မရပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ‘ကာလုံ’ ၊ ‘ဦးပိုင်’ ဖျက်သိမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်ရေး … ဆိုတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဓိက အတားအဆီးတွေဖြစ်နေတဲ့ ထစ်ကြီး ၃ ထစ်ကို လူထုအားနဲ့ တိုက်ပွဲဝင်ဖို့ လိုကိုလိုပါမယ် (အသံထွက်အမှန်အတိုင်း ပြောရရင် ထစ်နေတဲ့ ‘ဒစ်’ တွေ ဖြုတ်ဖို့ လိုမယ်ပေါ့ဗျာ)။

လူထုတိုက်ပွဲလို့ ပြောလိုက်ရင် ခေါင်းဆောင်တချို့ အပါအ၀င် အများစုရဲ့အမြင်မှာ လမ်းမပေါ်ထွက်ပြီး သေနတ်နဲ့ တဒိုင်းဒိုင်း အပစ်ခံ၊ ဘက်နက်နဲ့ ထိုးပြီး အသေခံ၊ တင့်ကားနဲ့ အကြိတ်ခံ၊ လူတွေ တောင်ပုံရာပုံ အသေခံရတာတွေကိုပဲ မျက်စိထဲ မြင်ယောင်ပြီး ထိတ်လန့်နေကြပုံပေါ်တယ်။ အဲသလို ထိတ်လန့်နေတာကိုလည်း ဆိုးတယ်လို့ မဆိုသာပေဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုရဲ့ ဆိုက်ဝါးတွေကလည်း အဲဒီလိုပုံရိပ်တွေ မြင်ယောင်ပြီး လူထုတိုက်ပွဲ မဆင်နွှဲရဲအောင် ၀ါဒဖြန့်တယ်။ ပြည်ပက လူတွေက လူထုတိုက်ပွဲဆင်နွှဲဖို့ အကြံပြုရင်လည်း မင်းတို့ကိုယ်တိုင် ၀င်မလုပ်ရတိုင်း မြှောက်ပေးမနေနဲ့ဆိုတာမျိုး လူထုတိုက်ပွဲ လိုအပ်မှုရဲ့အနေအထားကို မသိနားမလည်သူတချို့က အရိုးခံ တုံ့ပြန်ကြသလို စစ်အုပ်စု ဆိုက်ဝါးတွေကလည်း ကူပြီး ပြက်ရယ်ပြုပေးကြပေသကိုး။

ဒါပေမယ့် ဘယ်လိုပဲ ဆိုက်ဝါးလွှတ်လွှတ်၊ ဘယ်လိုပဲ ပြက်ရယ်ပြုပြု ပြည်သူလူထုဟာ အမှန်တကယ် ဒုက္ခခံစားလာရပြီဆိုရင်တော့ မကြောက်တတ်ဘူး၊ ခေါင်းဆောင်တွေ ဦးမဆောင်လည်း လမ်းမတွေပေါ် ထွက်ရဲတယ် ဆိုတာကို ပြီးခဲ့တဲ့ လျှပ်စစ်မီးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စီတန်းလမ်းလျှောက်ပွဲနဲ့ လတ်တလော ဖြစ်ပွားနေတဲ့ အလုပ်သမား၊ လယ်သမားအရေး ဆန္ဒဖော်ထုတ်ပွဲတွေကို ကြည့်ရင် အထင်းသား တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အထင်ကရ ခေါင်းဆောင်တွေက စနစ်တကျ ဦးဆောင်မှုပေးရင် ပိုထိရောက်ပြီး လိုအပ်တဲ့ တောင်းဆိုမှုတွေ ပိုမြန်မြန်ရနိုင်ခြေရှိတာရယ်၊ ခေါင်းဆောင်တွေအနေနဲ့ လူထုတိုက်ပွဲကို မသိသလို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေရင် မထင်မှတ်ဘဲ လူထုတိုက်ပွဲတွေ အရှိန်မြင့်လာတဲ့အခါမှာ အာဏာပိုင်တွေနဲ့ လူထုကြား ညပ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ သမိုင်းကွေးကိန်းတွေ ရှိနေတာရယ်ကြောင့် တသက်လုံး ပေးဆပ်ခဲ့သမျှတွေ သဲထဲရေသွန် မဖြစ်စေရေး အထင်ကရ ခေါင်းဆောင်တွေကို ဦးဆောင်မှုပေးဖို့ အကြံပြုနေရခြင်းဖြစ်ပါတယ်။

မြစ်ဆုံးစီမံကိန်း ရပ်ဆိုင်းရေး လုပ်ဆောင်တုန်းက လူထုတိုက်ပွဲအနေအထားကိုလည်း ကြည့်ပါ။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လုပ်ဆောင်တုန်းက ပြည်သူလူထုအလွှာအသီးသီးက ပါဝင်ပြောဆို ဆန္ဒဖော်ထုတ်လာအောင် နည်းပညာအကူအညီနဲ့ မီဒီယာအသီးသီးကနေ လှုံ့ဆော်ဆောင်ရွက်ခဲ့တာလည်း သိမ်မွေ့တဲ့ လူထုတိုက်ပွဲ အမျိုးအစားတခုလို့ပဲ မြင်ပါတယ်။ အောင်မြင်ခဲ့တာပဲ မဟုတ်လား။ အဲသလို လူထုတိုက်ပွဲ နည်းလမ်းမျိုးစုံနဲ့ နယ်ပယ်အသီးသီး၊ ပြည်သူလူထုအလွှာအသီးသီးက ပြည်သူတွေ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ပြီး ‘ကာလုံ’ ၊ ‘ဦးပိုင်’ ဖျက်သိမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆိုတဲ့ ထစ်ကြီး ၃ ထစ်ကို အောင်အောင်မြင်မြင် ချိုးဖျက် ကျော်ဖြတ်နိုင်မှသာ ၂၀၀၅ ရွေးကောက်ပွဲအပြီးမှာ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးကာလ အစစ်အမှန်ကို ရောက်ရှိပြီး အသွင်းကူးပြောင်းရေး လုပ်ငန်းဆောင်တာတွေကို ရှောရှောရှူရှူ အားကောင်းမောင်းသန် လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ အဲဒီလို တိုက်ပွဲဝင်သင့်တဲ့ အရေးအရာတွေကို တိုက်ပွဲဝင်ဖို့ စိတ်မကူးဘဲ၊ တိုက်ပွဲဝင်နေတဲ့ အလုပ်သမား လယ်သမား ပြည်သူလူထုအလွှာအသီးသီးကို စနစ်တကျ ဦးဆောင်မှုပေးဖို့လည်း စိတ်မကူးဘဲ ကြံ့ဖွံ့စစ်အုပ်စု ရွှေ့တဲ့ (ဟထားပေးတဲ့) ၂၀၁၅ ရွေးကောက်ပွဲအရောက် ချီတက်ရေးဆိုတဲ့ အကွက်နောက်ကိုပဲ ဖော်လိုလိုက်ပြီး လိုအပ်တဲ့ လူထုတိုက်ပွဲတွေကို ဆင်နွှဲဖို့ အရှောင်အတိမ်း ဂျက်စီဂျိမ်း လုပ်နေကြမယ်ဆိုရင်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ အတိုက်အခံတွေ ခြေမှုန်းခံရနိုင်ကိန်း ရှိနေသလို ၂၀၁၅ ကို ကျော်ဖြတ်နိုင်ခဲ့ရင်လည်း ‘ကာလုံ’ ၊ ‘ဦးပိုင်’ နဲ့ ၂၀၀၈ အခြေခံဥပဒေတွေကို မဖြိုဖျက်နိုင်သေးတဲ့အတွက် အခုလို ကြံ့ဖွံ့စစ်အုပ်စုရဲ့ ကစားကွက်ထဲမှာပဲ ဖတ်သီဖတ်သီနဲ့ ဒုက္ခဆက်ခံနေရဦးမယ်လို့ မြင်မိပါကြောင်း …။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ


ဒေါက်တာလွဏ်းဆွေ ရေးသားထားတဲ့ ဘလော့ကို သူ့ဘလော့မှ ခွင့်မတောင်းပဲ ကျွန်ုပ်မှ ကူးယူဖော်ပြသည်။


မှတ်သားဖွယ်ဖြစ်သလို မည်သို့စဉ်းစားထားမှန်းမသိတဲ့ အကောင်းမမြင်ဝါဒီတစ်ဦးရဲ့ အရေးအသား ဒီမိုကရေစီသမားတစ်ဦး၏ စိတ်ဓာတ်များ ထင်ဟပ်နေပေသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free