)
သေနတ်ကိုင်ထားသော ဗိုလ်ကြီး မင်းဌေး လက်များ တုန်နေသည်။ ရှေ့တွင် ရှိသော ပိန်ပိန်ပါးပါး အမျိုးသမီး တစ်ဦးကို မပစ်ရဲ။ သူက ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူက ချိန်ထားသော သေနတ်ကို ဂရုမစိုက်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ဖြတ်ကျော် သွားသည်။ ယင်းမြင်ကွင်းမှာ သမိုင်းအလွဲများကို ရိုက်ကူး ထားသည်ဟု မြန်မာနိုင်ငံ သားများက တူညီစွာ မှတ်ချက်ပြု ပြောဆိုနေကြသည့် The Lady ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်း တစ်ခုဖြစ်သည်။ ယင်း ဇာတ်ဝင်ခန်းတွင် သရုပ်ဆောင်ခဲ့သော ကိုမင်းဌေး သည် လက်ရှိတွင် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်လွတ်လပ်ရေး တပ်မတော်နှင့် မဟာမိတ်တပ် အဖြစ် ရပ်တည်နေသော ABSDF (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) မြောက်ပိုင်းတပ်တွင် ဗိုလ်မှူးအဆင့်ဖြင့် တိုက်ပွဲ များကို ဆင်နွှဲနေသည်။ "၁ဝ၅ မမ အမြောက်တွေ ခေါင်းပေါ်မှာ ဝဲ နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဟိုပင်(မြို့)က တပ်ရင်း ၄ဝ နဲ့ တိုက်ကြသေးတယ်"ဟု စက်တင် ဘာလကုန်ပိုင်း အခြေအနေကို ကိုမင်းဌေးက ပြော ပြသည်။
 ကိုမင်းဌေးသည် ၁၉၉၈ စက်တင်ဘာတွင် စစ်တပ်မှ အာဏာ သိမ်းလိုက်သည့်အတွက် မိုးကောင်း မြို့တွင် ဒသမတန်း သင်ယူနေရာမှ လက်နက်ကိုင် တော်လှန်ရေး လုပ်ရန်အတွက် တောခိုခဲ့သည်။ တပ်မတော်အစိုးရက အာဏာ သိမ်းလိုက်ခြင်းကို လက်နက်ကိုင်ကာ ပြည်သူ့အစိုးရ သို့မဟုတ် ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေး အတွက် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ချပြီး တော်လှန်ရေး စစ်သားအဖြစ် သို့ ရောက်ရှိလာခြင်းဖြစ်သည်။ "ကျွန်တော်က စစ်သားဖြစ်ချင်စိတ်လည်း မရှိဘူး။ စစ်နဲ့ ပတ်သက်တာတွေကိုလည်း ကြိုက် နှစ်သက်ခဲ့တာ မဟုတ်ဘူး"ဟု ကိုမင်းဌေးက ရင်ဖွင့် သည်။

သူသည် အထက်တန်း ကျောင်းသား ဘဝတွင် မောင်စိန်ဝင်း (ပုတီးကုန်း)၏ ရန်ကုန်တက္ကသိုလ် အကြောင်း ရေးသားထားသည့် စာအုပ်များကို ဖတ် ခဲ့ရသည့်အတွက် ရန်ကုန်တက္ကသိုလ် ကို ရောက်ချင် သည့် စိတ်ပြင်းပြခဲ့ကာ ဒသမတန်း တစ်ခါ ကျရှုံး သည်ကိုပင် နောက်တစ်ကြိမ် ပြန်တက်ကာ ကြိုးစား နေသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ယူပြီး ကချင်ပြည် နယ်တွင် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ရန်မှာ ၄င်း၏ အိပ်မက်ဖြစ်သည်။ "၁၉၈၈ အရေးတော်ပုံ ပေါ်လာပြီးတဲ့နောက် ပိုင်းမှာ ကျွန်တော့်အိပ်မက် ပြောင်းပြန် ဖြစ်ကုန် တယ်"ဟု သူကဆိုသည်။

၁၉၉၀ တွင် တပ်မတော် အစိုးရ တပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲပေါင်း များစွာတွင် တပ်စုမှူး တာဝန် ယူကာ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာ ရခဲ့သည်များလည်း ရှိသည်။ သို့သော် တိုက်ပွဲတစ်ခုကို သူမေ့လို့မရ။ ဖားကန့်မြို့နယ် ရွှေတွင်း တစ်ခု အနီးရှိ ရှေ့တန်းစခန်း တွင် တပ်မတော် အစိုးရတပ်များ ပေါက်ထွက်လာကာ အနီးကပ် ပစ်ခတ်ခဲ့ရာ သူနှင့် နေကြာစေ့ အတူတူ စားနေသော တပ်သား တစ်ယောက်၏ ဗိုက်တွင် သေနတ်မှန်ခဲ့သည်။ လက်တစ်ကမ်း အလိုမှ ပစ်ခတ် ခြင်းဖြစ်သည့်အတွက် သူသည် ချက်ချင်း လှိမ့်ထွက် လိုက်ပြီး လျှိုအတွင်းသို့ ကျသွားကာ ဒဏ်ရာရ တပ်သားကို ကယ်ထုတ်ရန် ကြိုးစားသည်။ "ဗိုက်ကနေ ထွက်လာတဲ့ အူတွေကို ကိုင်ပြီး သူလဲကျသွားတယ်။ အဲဒါကို ကျွန်တော်က ချက်ချင်း ထမ်းပြီး ပြေးတယ်။ ဒါပေမဲ့ ကျွန်တော့်လက်ပေါ်မှာ သူကျဆုံးသွားတယ်။ ကောင်းကောင်းမသင်္ဂြိုဟ်လိုက် ရဘူး။ အဲဒီအတွက် ကျွန်တော် တာဝန်မကင်းသလို ခံစားရတယ်" ဟု သူ၏ ခံစားချက်ကို ရင်ဖွင့်သည်။

သူသည် ရှေ့တန်းစခန်းတွင် တိုက်ပွဲဝင်နေ သည့် ကာလ၌ ဌာနချုပ်၌မူ လတ်တလော လူတိုင်း စိတ်ဝင်စားနေသည့် မြောက်ပိုင်းပါဂျောင် လူသတ် ပွဲကြီးဖြစ်ပွားနေသည်။ ရှေ့တန်း စခန်းတွင် ကျဆုံးမှု များလာခြင်းသည် တပ်အတွင်းသို့ အစိုးရ ထောက်လှမ်း ရေး သူလျှိုများ ရောက်လာသည်ဟူသော ခေါင်းစဉ် ဖြင့် ရက်ရက်စက်စက် လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုအကွဲအပြဲ လူသတ်မှုကြီး ပြီးဆုံးသွားပြီး တပ်မတော် အစိုးရနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) တို့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးသည့် ကာလတွင် ကနဦး ကတည်းက လက်နက် ထောက်ပံ့ပေးခဲ့သော ကေအိုင်အိုက ၄င်းတို့ နယ်မြေ အတွင်း ABSDF မြောက်ပိုင်းတပ်ကို မထားချင် တော့ပေ။ ယင်းကာလတွင် ကိုမင်းဌေးသည် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောက်လှမ်းရေးက လိုက်ဖမ်း သဖြင့် တောထဲသို့ ပြေးလာသည့် မနန်းနှင့် အိမ်ထောင်ကျကာ တောထဲတွင် ကလေးတစ်ယောက် ရရှိသော်လည်း မွေးမွေးချင်း သေဆုံးသွားခဲ့သည်။ "တောထဲမှာဆိုတော့ မွေးရခက်တယ်။ ဆေးဝါး ကိရိယာ မစုံတော့ လူကြီး (ဇနီး) အသက် ကိုပဲ ကယ်လိုက်နိုင်တယ်" ဟု ၄င်းက ဆွေးမြည့်စွာ ပြောပြသည်။

မျိုးဆက် ရတနာလေးကိုသာ ဆုံးရှုံးလိုက်ရ သည် မဟုတ်ဘဲ ဇနီးသည်ကလည်း ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည့် အတွက် တောထဲတွင် လက်နက် ကိုင်ကျန်ရစ်သည့် ကိုမင်းဌေးအဖို့ ကြေကွဲ ခံစား ခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် ABSDF မြောက်ပိုင်း တပ်ကို ဖျက်သိမ်းလိုက်ပြီး သူသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် ကြုံရာကျပန်း လုပ်ကာ ၂၀၀၀ ပြည့်နှစ်တွင် ဇနီးသည် ရှိရာကို လိုက်သွားပြီး ၂၀၀၄ ခုနှစ်၌ သမီးရတနာလေး တစ်ဦး မွေးဖွားခဲ့သည်။

ရဟန်း သံဃာတော်များနှင့် ပြည်သူများ အဖမ်းခံခဲ့ရသည့် ရွှေဝါရောင် တော်လှန်ရေးဖြစ်ခဲ့သော ၂၀၀၇ ခုနှစ်တွင် ကမ္ဘာကျော် မင်းသား စတားလုံး ပါဝင် သရုပ်ဆောင်ခဲ့သော Rambo4 တွင် တပ်ရင်းမှူး ဗိုလ်မှူးကြီး မောင်တင့်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ သူမှာ ကိုမင်းဌေးပင်ဖြစ်သည်။ "အနုပညာကိုတော့ ဝါသနာ ပါပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရိုက်မယ့် အဆင့်မျိုးအထိ တစ်ခါမှ မတွေးထားဘူး" ဟု ၄င်းက ဆိုသည်။ ယင်းရုပ်ရှင် ဇာတ်ကားသည် တပ်မတော်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့မှု အကြောင်းကို အခြေခံကာ ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။ ယင်း ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုဖူးသူ တို့သည် တပ်မတော်အစိုးရ ဖြတ်လေးဖြတ်တွင် ကိုမင်းဌေး၏ သရုပ်ဆောင်မှုသည် ပီပီပြင်ပြင် ရှိလှသည်ဟု မှတ်ချက်ပြုကြသည်။ သို့သော် ယင်းရုပ်ရှင်ကို ကြည့်ရှုဖူးသည့် တပ်မတော်မှ တပ်ရေးဗိုလ်ကြီး အဆင့်ရှိ အရာရှိ တစ်ဦးကမူ တစ်ဖက်သတ် ရိုက်ကူးထားသည့် ဇာတ် ကား ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

ယင်းနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ကမ္ဘာကျော် သရုပ်ဆောင် မီရှယ်ယိုး သရုပ်ဆောင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် The Lady ရုပ်ရှင် ဇာတ်ကားတွင်လည်း ကိုမင်းဌေးသည် ဗိုလ်ကြီး အဖြစ် သရုပ်ဆောင်ခဲ့သည်။

၂ဝ၁၁ ခုနှစ် ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့တွင် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေးတပ်မ တော် (ကေအိုင်အေ) တို့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ကတိကဝတ် ကျိုးပျက်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရာတွင် ABSDF မြောက်ပိုင်းတပ် သည် ပြန်လည် အသက်ဝင်လာသည်။

၂ဝ၁၁ ခုနှစ် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် ABSDF မြောက်ပိုင်းတပ်ကို ပြန်လည်ဖွဲ့စည်း ကာ ကေအိုင်အေ၏ မဟာမိတ်တပ် အနေဖြင့် ရပ် တည်ထားပြီး တပ်အင်အား ၅၀၀ ခန့် ရှိနေချိန် ကိုမင်းဌေးသည် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ထိုင်း နိုင်ငံမှ ABSDF မြောက်ပိုင်းတပ်သို့ ဗိုလ်မှူး အဖြစ် ပြန်လည် တာဝန်ယူခဲ့သည်။ ABSDF မြောက်ပိုင်း တပ်သည် အစိုးရ တပ်မတော်နှင့် ထိပ်တိုက် အနီးကပ် ရင်ဆိုင်တိုက်ပွဲ ခုနစ်ပွဲခန့် ဖြစ်ပွားထားပြီး သုံးဦး ကျဆုံးကာ တစ်ဦးဒဏ်ရာ ရထားကြောင်း ယင်း တပ်၏ မှတ်တမ်းများအရ သိရသည်။

ABSDF မြောက်ပိုင်းတပ်သည် တိုင်းရင်းသား အားလုံး တန်းတူ ညီမျှရေး၊ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးရရှိရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည် ထောင်စုပေါ်ပေါက်ရေးစသဖြင့် ရပ်တည်နေကြောင်း ၄င်းတို့၏ ဖွဲ့စည်းပုံတွင် ဖော်ပြထားသည်။ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများရပ်ကာ ငြိမ်းချမ်းရေး ရရှိရေးနှင့် ပတ်သက်၍လည်း ကိုမင်းဌေး က "စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့ တိုင်းရင်းသား အားလုံးကို တန်းတူ အခွင့်အရေးမျိုးနဲ့ ပူးပေါင်းမှ ရရှိ ပါလိမ့်မယ်" ဟု ဆိုသည်။ အစိုးရ တပ်မတော် အနေ နှင့်လည်း ကချင်လွတ်လပ်ရေး တပ်မတော်ကို ငြိမ်းချမ်းရေးလမ်းကြောင်း ဖော်ဆောင်မှုအတွက် ပြန်လည် ကမ်းလှမ်းနေပြီ ဖြစ်သည်။ ငြိမ်းချမ်းရေး အမှန်တကယ် ဆွေးနွေးနိုင်တော့မည်လော။

ကိုမင်းဌေးအဖို့မှာလည်း တိုက်ပွဲများ တိုက် ခိုက်နေရသော်လည်း တိုင်းရင်းသားများ တန်းတူ စုပေါင်း နေထိုင်ရေးကို မျှော်လင့်လျက် ရှိသည်။ Rambo4 စစ်ကားတွင် ဗိုလ်မှူးကြီးအဖြစ် ရက်စက်ပြခဲ့သူ၊ The Lady ဇာတ်ကားတွင် ဗိုလ်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နှင့် မပစ် ရဲခဲ့သူသည် လက်ရှိတွင်တော့ ရှေ့တန်း စစ်မျက်နှာ တွင် အသက်စွန့်ကာ တိုက်ပွဲဝင်နေရသည်။ သို့သော် သူ၏ စိတ်ကူးအိပ်မက်ကို အောက်ပါအတိုင်း ရင်ဖွင့်သည်။
"ငြိမ်းချမ်းတဲ့ အချိန်မှာ မိသားစုလေး နဲ့ အေးအေးချမ်းချမ်း နေချင်လှပြီ။ ရုပ်ဝတ္ထု ချမ်းသာ မှုထက် စိတ်ချမ်းသာမှု မျိုးလေးကို ပိုရချင်တယ်"


Copy From The Voice Weekly Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free