ရန်ကုန်မြို့လယ်ရှိ Grand Meeyahta Executive Residences, F.M.I Centre နှင့် မီးရထားရုံးချုပ် အဆောက်အအုံဟောင်းများကို ဖြိုဖျက်ကာ ရန်ကုန်မြို့၏ ထင်ရှားသော အမှတ်အသားနေရာ (Iconic Landmark) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သည့် F.M.I ကုမ္ပဏီ၏ ၂၀ ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အဆိုပါ ကုမ္ပဏီဥက္ကဌ ဦးသိမ်းဝေက ပြောကြားခဲ့သည်။
“ရန်ကုန်မြို့လယ်မှာရှိတဲ့ Grand Meeyahta တည်ရှိတဲ့နေရာကို ပြန်လည်ဖွံဖြိုး တိုးတက်အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအထဲမှာ မီးရထားဌာနချုပ် အဆောက်အဦး အဟောင်း၊ Grand Meeyahta Executive Residences နဲ F.M.I Centre တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီရန်ကုန်မြို့လယ်ရှိ အချက်အချာကျတဲ့ ၁၀ ဧက အကျယ်အ၀န်းရှိတဲ့ နေရာကို ဟိုတယ်နှစ်ခု၊ Condominium တစ်ခု၊ Serviced Apartment တစ်ခု၊ ရုံးခန်း အဆောက်အဦး ၂ ခုနဲ့ ရန်ကုန်မြို့ရဲ့ အကြီးဆုံး ရှော့ပင်းမောလ်တို့ ပါဝင်မယ့် ထင်ရှားတဲ့ အမှတ်အသား နေရာအဖြစ် ပြောင်းလဲပစ်ဖို့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်” ဟု F.M.I ကုမ္ပဏီ၏  ဥက္ကဌ ဦးသိမ်းဝေက ပြောကြားခဲ့သည်။
ယင်းအစီအစဉ်များကို နောက်ဆုံးအချောသတ်ပြီးဖြစ်၍ မကြာသောအချိန်တွင် စီမံကိန်း၏ ပထမအဆင့်ကို စတင်သွားမည်ဖြစ်ကြောင်း၊ F.M.I ကုမ္ပဏီသည် ယခုစီမံကိန်းတွင်း မိမိတို့ လက်ရှိပိုင်ဆိုင် သော F.M.I Centre တည်နေရာကိုပါ ထည့်သွင်းခြင်းဖြင့် ပါဝင်ရင်းနှီး မြှပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“F.M.I ကုမ္ပဏီက ဒီစီမံကိန်းရဲ့ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ဆက်ရှင်းပြပါမယ်။ စီမံကိန်း မြေတစ်ခုလုံးနဲ့ ဆက်စပ်ပြီး F.M.I Centre ရဲ့ နေရာကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ F.M.I Centre က မြေဧရိယာရဲ့ ၃၂ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါပေမယ့် အခုလို ဧရိယာများကို စီမံကိန်းဧရိယာကြီး တစ်ခုထဲအဖြစ် ပေါင်းစီးလိုက်တဲ့အခါမှာ F.M.I Centre ပိုင်ရှင်တွေကို ၁၁ ဒသမ ၈၅ ရာခိုင်နှုန်းပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါ့ကြောင့် F.M.I ကုမ္ပဏီအနေနဲ့ ၎င်းတို့ပိုင်ဆိုင်တဲ့ မြေနေရာကို စီမံကိန်းအသစ်ထဲ ထည့်သွင်းလိုက်ခြင်းဖြင့် စီမံကိန်း တစ်ခုလုံးရဲ့ စီးပွားရေးတန်ဖိုးထဲ ပါဝင်မှုဟာ စီမံကိန်းတစ်ခုလုံး တန်ဖိုးရဲ့ ၁၁ ဒသမ ၈၅ ရာခိုင်နှုန်း ဖြစ်သွားပါတယ်။ မူလက F.M.I ကုမ္ပဏီဟာ F.M.I ရဲ့ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး SPA ကုမ္ပဏီကနေ ၂၀ ရာခိုင်နှုန်း ထပ်မံဝယ်ယူလိုက်တဲ့အတွက် အခုအချိန်မှာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းအသစ်ရဲ့ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းအား မည်သည့်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိသည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

Copy From Eleven Media Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free