သူ ငိုနေတာပဲ
ရှိုက်ငင်သံက ပဲ့တင်ထပ်လို့
မျက်လုံးတွေက အစ်မို့
အင်္ကျီတွေက ဖရိုဖရဲ
ဘေးက သူ့အစ်မလက်ကို တွဲရင်း……။
သမီးလေးပါလား
လက်ထဲမှာ ကော်ပတ်ရုပ်နဲ့
ပါးစပ်ထဲမှာ မုန့်တမြုံ့မြုံ
ခေါင်းလေးက လှုပ်တုတ်တုတ်
သူ့အဖွားလက်ပေါ်မှာ မျက်နှာစူပုတ်ပုတ်…..။
သားကြီးလဲပါတယ်
ခေါင်းလေးကို ငုံလို့
မျက်ရည်ကျမှာ စိုးလို့
အံကိုကြိတ်ရင်း အားကိုတင်းတဲ့
ရှားရှားပါးပါး အဖေတူသား….။
မေမေ ဘာလို့လိုက်လာတာလဲ
မြေးလေးကို ချီဆဲ
မျက်ရည်တွေ လည်ရွှဲနဲ့
အသံမထွက် မျက်ရည်ကျတဲ့
ဝေဒနာခံစား မကြည့်ရက်စရာပါလား…..။
ဖေဖေကို တွေ့ပြီး
မျက်ရည်တွေရစ်ဝဲ
မျက်တောင်မခတ်ပဲ
မျက်ရည်မကျအောင် တောင့်ခံ
အားလုံးရဲ့သူရဲကောင်း ဖေဖေ….။
အမျိုးတွေ စုံပြီ
စုတ်သတ်တဲ့ သူသတ်
တီးတိုးပြောတဲ့ ပါးစပ်နဲ့
ယပ်တောင်ယူရက်တဲ့
ထူးထူးခြားခြား နှစ်ဖက်အမျိုးများ……။
အချိန်ကျပြီ
တွန်းလှဲကိုတွန်း
တံခါးကို ပိတ်တော့
ကြားလိုက်ရတဲ့ စကား
“ ဒီဘဝ ဒီမျှနဲ့ အမျှ အမျှ အမျှ” ပါတဲ့လား…..။
ကျွန်တော် အသူဘ သိပ်မပို့ဖူးပါဘူး အခု အသက် ၂၂ နှစ်ရောက်နေပါပြီ ၅ခုထက် ပိုပြီး မပို့ဖူးသေးဘူး။ တကယ်လို့ ကျွန်တော် အိမ်ထောင် ကျခဲ့ရင်၊ တကယ်လို့ သားသမီးများရခဲ့ရင်၊ တကယ်လို့ ကျွန်တော်သာ အချိန်မတိုင်ခင် သေခဲ့ရင် ဒီလိုပုံစံမျိုး အသုဘဖြစ်မှာတော့ သေချာတယ်။ ထူးထူးဆန်းဆန်း ဒီလို တွေးမိတာက ဗယ်လင်တိုင်း ညဖက်မှာပါ။ ညတစ်နာရီလောက်ကြီး အိပ်မပျော်တာနဲ့ ချရေးထားတဲ့ ကဗျာ တစ်ပုဒ်ပါ။ အထီးကျန်ခြင်းရဲ့ ရလဒ်က သေခြင်းတရားကိုများ ဦးတည်နေပါသလား။

Tags:
ကဗျာ
Leave a comment