ချစ်သူခြွေချ၊
အပြုံးပွင့်က
ထာဝစဉ်အေး၊
ရေကြည်အေးသွင်
ရင်ခွင်ကိုဖောက်၊
နှလုံးရောက်၍
တိမ်သားအလား၊
ဖြူစဉ်စေသည်။
သူ၏အချစ်က
မှန်း၍မရ
တွေး၍ခက်ခဲ
ပုစ္ဆာတစ်ပုဒ်ပဲ
ဖြေ၍မမှန်
တွက်ရန်မဖြစ်
ကြာလျှင်ရူးမည်
ချစ်သူ။
တွေးတိုင်း
သူ့အကြောင်း
ကဗျာတိုင်း
သူ့အတွက်
အရာရာ သူပိုင်
ကဗျာမနိုင်
စာပန်းချီရှုံးသည့်
သူသည်သာ ထာဝရချစ်သူ။
ရက်စက်သမျှ
အရာတွေက
ပန်းနှင့်ပေါက်သလား
ခံစားမိပြီး
ဥပက္ခာတရား
သူကိုင်ထားလဲ
နွေးထွေးမှုနဲ့
ဖြည့်ဆည်း
ခွင့်လွှတ်ပြီးတော့
ဖာထေး
သူ့ကိုတိုက်ကျွေး
အချစ်ဆေးပေါ့။
သတိရခြင်း
များစွာ
လွမ်းဆွတ်ခြင်းက
အပြည့်
တမ်းတခြင်း
တပုံတပင်နှင့်
တစ်ရက်တာအား
တစ်သက်ကမ္ဘာအလား
ရှည်ကြာမှတ်ဆွဲ
ကျော်ကာဖြစ်ဆဲ
ကြည်နူးအသွင်
အပြုံးဆင်၍
သူပေးမည့်
အဖြေစကား
နာယူမှတ်သားဖို့
စောင့်ကာမျှော်နေပြီ။

Tags:
ကဗျာ
Leave a comment