“ဟော ဟိုမှာလာနေပြီ အင်္ကျီအ၀ါလေးနဲ့ တွေ့လား? ငါပြောတာက အဲဒီကောင်မလေးကိုပဲ
သူ့နံမည်က သက်နွယ်တဲ့ ဘယ်လိုလဲ”
 ကောင်မလေးကို မေးငေါ့ပြရင်း သီရီကို မေးလိုက်တယ်။
“အင်း မဆိုးပါဘူး။ နင်က အဲဒီကောင်မလေးကို တကယ်ကြွေနေတာလား?”
သီရီက ကျွန်တော့်ရဲ့ မျက်လုံးတွေကို စေ့စေ့ကြည့်ရင်း မေးတယ်။
“ဟုတ်တယ်ဟ။ ငါသူ့ကို တကယ်ကိုကြွေနေတာ၊ ဒါပေမယ့် သူက ငါကြွေနေမှန်းတောင်
သိပုံမပေါ်ဘူး။ နင်ငါ့ကို ကူညီပေးပါဟာ သူက နင်တို့အတန်းထဲကပဲဟာကို”
“ငါက နင့်ကို ဘယ်လိုကူညီပေးရမှာလဲ? နင့်အစား အဲဒီကောင်မလေးကို
ရည်းစားစကားပြောပေးရမှာလား?”
“ဟာ! သီရီကလည်း အဲဒီလို မဟုတ်ဘူးလေ။ နင်ကလည်း အ တဲ့နေရာကျတော့ အ ပြန်ပြီ။”
“နင်ကလည်း ငါမှ မသိတာကို”
သီရီပုံစံက တကယ်ပဲ မသိတဲ့ ပုံစံမျိုးပင်။
“ငါဆိုလိုတာက ဒီလိုမျိုးလေ။ သူက နင်တို့အတန်းထဲကဆိုတော့ နင်သူနဲ့
ရင်းနှီးအောင်လုပ် ပြီးရင် ငါ့ကိုသူနဲ့ မိတ်ဆက်ပေးလေ။ ကျန်တဲ့
အပိုင်းကတော့ ငါ့ဘာသာ ငါကြည့်ပြီး စီစဉ်မယ်။”
သီရီက ကျွန်တော်ပြောတာကို နားထောင်ပြီး ဘယ်လိုအမည်တပ်ရမှန်းမသိတဲ့
အကြည့်တစ်မျိုးနဲ့ ကျွန်တော့် မျက်လုံးကို သေချာစိုက်ကြည့်ရင်း
“နင်တကယ်ပဲ အဲဒီကောင်မလေးကို စိတ်ဝင်စားရင် ငါကူညီပါ့မယ်၊ ဒါပေမယ့်
ငါ့ကို အချိန်ပေးဦးနော်။ ငါက သူနဲ့ သူငယ်ချင်းဖြစ်အောင်
အရင်လုပ်ရဦးမယ်လေ”
“အေးပါ ငါသိပါတယ်ဟ ဒါပေမယ့် သိပ်တော့ မကြာစေနဲ့နော် သိလား။ အားကိုးပါတယ်
သူငယ်ချင်းရယ် ငါ့မှာ အကူအညီတောင်းစရာ နင်ပဲရှိလို့ပါ”
သီရီကတော့ ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြတယ်။ ပြီးတော့ ကျွန်တော်တို့
နှစ်ယောက် ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေ ထွက်လာခဲ့ကြတယ်။ အဲဒီနေ့က
အိမ်ပြန်လမ်းတစ်လျှောက်လုံး ကျွန်တော့်ကို သီရီ ဘာစကားမှမပြောခဲ့ဘူး။
       တကယ်တော့ သီရီက ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း။ တစ်နည်းပြောရရင်
သီရီက ကျွန်တော့်ရဲ့ အနိုင်ကျင့်ဖော် အနိုင်ကျင့်ဖက်။ ကျွန်တော့်အပေါ်ကို
အနစ်နာခံသူကို ပြပါဆိုရင် ရွေးနေစရာမလိုပါဘူး ကျွန်တော် သီရီကိုပဲ
ပြမိမှာပဲ။ အဲဒီလောက်ထိ သီရီက ကျွန်တော့်အပေါ်ကို ကောင်းခဲ့ပါတယ်။
ဒါပေမယ့် သီရီနဲ့ကျွန်တော်က ကလေးဘ၀ထဲက သူငယ်ချင်းဖြစ်ခဲ့ကြတာတော့
မဟုတ်ပါဘူး။ သီရီ ၈တန်းနှစ်ကမှ ကျောင်းပြောင်းပြီး
ကျွန်တော်တို့ကျောင်းကို ရောက်လာခဲ့တယ်။ အဲဒီတုန်းက သီရီပုံစံက
သိပ်ကိုရီိစရာကောင်းတယ်။ ခန္ဓာကိုယ်က အရမ်းဝပြီး မျက်နှာမှာလည်း
ဝက်ခြံတွေနဲ့ ပြည့်နှက်နေတာပဲ။ တခြားမိန်းကလေးတွေက အလှအပကို
ခုံမင်နေကြချိန်မှာ သီရီကတော့ အလှအပထက် အရသာရှိတဲ့ ဟန်ဘာဂါတစ်လုံးကိုပဲ
ပိုပြီးမက်မောလေ့ရှိတဲ့ မိန်းကလေးမျိုးပါ။ သီရီမှာ ယောကျာ်းလေးတွေ
ကြိုက်လောက်တဲ့ အချက်မပြောနဲ့၊ ရွက်ကြမ်းရေကျိုဆိုတဲ့ မျက်နှာမျိုးတောင်
မပိုင်ဆိုင်ပါဘူး။ ကျွန်တော်တို့ကျောင်းမှာ အကျင့်တစ်ခုရှိတယ်။ အဲဒါကတော့
အသစ်ရောက်လာတဲ့သူကို ကျောင်းမှာရှိတဲ့ အထာခပ်ကြီးကြီး ကျောင်းသား၊
ကျောင်းသူတချို့က တစ်နည်းမဟုတ်တစ်နည်း ပညာပြတာပါပဲ။
ကျွန်တော်တို့ကျောင်းမှာ ပိုက်ဆံရှိတဲ့မိဘတွေရဲ့ သားသမီးတွေများတာမို့
ဂုဏ်ခြင်း၊ အလှအပခြင်းတွေက အပြိုင်အဆိုင်ပါပဲ။ ရုပ်ဆိုးတဲ့သူဆိုရင်
အပေါင်းအသင်းမလုပ်ချင်ကြတာမို့ ကျောင်းမှာရှိတဲ့ ကျောင်းသား၊
ကျောင်းသူတွေကြားမှာ သီရီတစ်ယောက် တော်တော်ကို ဒုက္ခရောက်ခဲ့ရတယ်။
ကျွန်တော်ကလည်း အဲဒီလို ဂုဏ်တွေ အလှအပတွေ ပြိုင်ဆိုင်တာကို
သိပ်မုန်းတဲ့သူ ဆိုတော့ စာသင်ခန်းထဲမှာ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ
တစ်ယောက်တည်း အေးဆေးပဲ နေခဲ့တယ်။ ခပ်ချောချောကျောင်းသူတွေကြားမှာ
အနှိမ်ခံရတဲ့ သီရီကို ကြည့်ရင်းနဲ့ ကျွန်တော်သနားလာခဲ့တယ်။
ဘ၀ပေးကုသိုလ်ကြောင့် မလှမပဖြစ်နေပေမယ့် သီရီပုံစံက ကြည့်လိုက်ရုံနဲ့
လူကုန်ထံအသိုင်းအ၀ိုင်းကမှန်း သိသာပါတယ်။ တစ်နေ့တော့
ကျွန်တော်နေမကောင်းဖြစ်လို့ တစ်ပတ်လောက်ကျောင်းပျက်လိုက်
ရတယ်။
ကျောင်းပြန်တက်တော့ ကျွန်တော့်မှာ ကျောင်းပျက်တုန်းက စာတွေကူးဖို့အတွက်
စာအုပ်ငှားဖို့ သူငယ်ချင်းမရှိခဲ့ဘူး။ ဘယ်သူနဲ့မှ
အပေါင်းအသင်းမလုပ်ချင်တဲ့ ကျွန်တော့်ကို စာအုပ်ငှားမယ့် သူငယ်ချင်းမရှိတာ
အဆန်းတော့ မဟုတ်ပါဘူး။ တစ်ပတ်လုံးလုံးကျောင်းပျက်ထားတာမို့
ဘယ်သင်ခန်းစာတွေရောက်နေမှန်း မသိဘဲ အူကြောင်ကြောင်ဖြစ်နေတဲ့
ကျွန်တော့်ကို သီရီက ကူညီခဲ့ပါတယ်။ ကျောင်းပျက်ရက်က သင်ခဲ့တဲ့
စာတွေကိုလည်း ကျွန်တော့်ကို ကူပြီး ကူးပေးတာမျိုးတွေ လုပ်ပေးခဲ့ပါတယ်။
အဲဒီအချိန်ကတည်းကစပြီး သီရီနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်ခဲ့ပါတယ်။
       ဆယ်တန်းအောင်တော့ သီရီက ဒီဇိုင်းကို ၀ါသနာပါတာကြောင့် ကျောင်းဆက်မတက်ဘဲ
သင်တန်းတွေတက်ပြီး အလုပ်ဝင်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်ကတော့
ကျောင်းကိုပဲဆက်တက်ခဲ့တယ်။ ဒီလိုနဲ့ သီရီက သူဝါသနာပါတဲ့ပညာရပ်မှာ
တော်တော်ကိုထူးချွန်လာပြီး နံမည်တစ်လုံး နည်းနည်းရလာခဲ့တယ်။
အဲဒီအချိန်မှာ ထူးချွန်နေပြီဖြစ်တဲ့ ပညာရပ်ကို ထပ်ပြီး
လေ့လာချင်သေးတဲ့အတွက် နိုင်ငံခြားမှာ သွားသင်ဖို့ သီရီ ကျွန်တော့်ကို
အကူအညီတောင်းခဲ့တယ်။  အဲဒါက သီရီ ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်လို့
ကျွန်တော့်ကို သီရီတစ်ခါပြောပြဖူးတယ်။ နိုင်ငံခြားမှာ အလုပ်တစ်ဖက်နဲ့
ပညာသင်ချင်တဲ့ သီရီအတွက် ကျွန်တော်ကူညီပေးခဲ့ပါတယ်။ နိုင်ငံခြားက
ကုမ္မဏီတော်တော်များများက သီရီ ကို လာရောက်အလုပ်လုပ်ဖို့ ဖိတ်ခေါ်ကြပေမယ့်
သီရီ ကတော့ ဘာကြောင့်မှန်းမသိ အားလုံးကို ငြင်းပစ်ပါတယ်။ ကျွန်တော်က
သီရီကို မေးတော့လည်း နိုင်ငံခြားမသွားချင်တော့လို့ပါဆိုတဲ့ စကားကလွဲပြီး
တိကျတဲ့ အဖြေကို မရခဲ့ပါဘူး။ သီရီဘာကြောင့် သူမရဲ့
အခွင့်အရေးကောင်းတွေကို လက်လွှတ်ခဲ့လည်း ကျွန်တော်ဒီနေ့အထိ လုံးဝကို
နားမလည်ခဲ့ပါဘူး။
       ကျွန်တော့်ဘ၀မှာ ကျွန်တော့်အပေါ်ကို ကောင်းတဲ့သူက ကျွန်တော့်မိဘကလွဲရင်
သီရီပါပဲ။ ကျွန်တော် သီရီကို ဘယ်လောက်ပဲ ရစ်ရစ်၊ ဘယ်လောက်ပဲ နှိမ်နှိမ်
သီရီကတော့ အပြုံးတောင် မပျက်ခဲ့ပါ။ ကျွန်တော် မှတ်မိသေးတယ်
ကျွန်တော်တို့နှစ်ယောက် ဆယ်တန်းဖြေပြီး အောင်စရင်းမထွက်သေးတဲ့
အချိန်အတွင်းမှာ သင်တန်းတစ်ခုကို အတူတူကို တက်ခဲ့တဲ့ အချိန်တုန်းကပေါ့။
အလှအပကို ဂရုမစိုက်တတ်တဲ့ သီရီရဲ့ အကျင့်အတိုင်းပဲ ကျွန်တော်နဲ့
အတူသင်တန်းတက်ရင် ဖရိုဖရဲနဲ့ သီရီရဲ့ ပုံစံက သိပ်ကို
ရီစရာကောင်းလွန်းပါတယ်။ မြင်သူတိုင်း စချင်တဲ့စိတ်ဖြစ်အောင်
သီရီရဲ့ပုံစံက တကယ်ပဲ အဲဒီလိုဖြစ်နေတာပါ။ တစ်နေ့တော့
ကျွန်တော်တို့နှစ်ယောက် သင်တန်းကို လမ်းလျှောက်သွားရင်း
ဘေးနားဖြတ်သွားတဲ့ လူတွေတော်တော်များများက သီရီရဲ့ပုံစံကို ကြည့်ပြီး
ပြုံးစိစိနဲ့ လုပ်သွားကြတယ်။ တချို့ဆိုရင် စနောက်ပြောတောင် ပြောသွားတယ်။
ကျွန်တော့်ဘေးကနေ မနားမနေစကားတွေ တစ်ခွန်းပြီးတစ်ခွန်းပြောနေတဲ့
သီရီကတော့ ဘယ်သိပါ့မလဲ။ ကြာလာတော့ ကျွန်တော် တင်းလာခဲ့တယ်။
မိန်းကလေးဖြစ်ပြီး သပ်သပ်ရပ်ရပ် မနေတတ်တဲ့ သီရီကို ဒေါသဖြစ်မိတာတော့
အမှန်ပဲ။ လူတွေရဲ့ မျက်လုံးမှာ ကျွန်တော်တို့နှစ်ယောက်ကို
မလိုက်ဖက်တဲ့စုံတွဲလို့ ယူဆနေတဲ့ မျက်ဝန်းတွေကိုလည်း ကျွန်တော်
သည်းမခံနိုင်တော့တာ အမှန်ပါပဲ။ ဘယ်သူပဲဖြစ်ဖြစ်လေ ရုပ်မချောမလှရင်တောင်မှ
သပ်သပ်ရပ်ရပ်နေတတ်တဲ့ မိန်းကလေးကိုပဲ စိတ်ဝင်စားကြတာမဟုတ်လား။ အဲဒီနေ့က
မသပ်မရပ်ဖြစ်နေတဲ့ သီရီနဲ့ ကျွန်တော့်ကို တလွဲထင်နေတဲ့ လူတွေကို
မကျေမနပ်ဖြစ်တာလား? မိန်းကလေးဖြစ်ပြီး အလှအပကို စိတ်မ၀င်စားတဲ့ သီရီကိုပဲ
ဒေါသထွက်တာလား မပြောတတ်ဘူး။ ကျွန်တော် သီရီကို အကြောင်းမရှိ
အကြောင်းရှာရစ်ပြီး သင်တန်းမတက်ဘဲ လမ်းတစ်ဝက်နဲ့တင် အိမ်ကို
ပြန်လာခဲ့တယ်။ သီရီကတော့ ကျွန်တော့်ကို နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့
ကြည့်ပြီး လမ်းလယ်ခေါင်မှာ တစ်ယောက်တည်း ကျန်ခဲ့တာပေါ့။ ညဘက်ကျတော့
ကျွန်တော့်ဆီကို သီရီ ဖုန်းဆက်လာတယ်။ သူ့ကို စိတ်မဆိုးဖို့ ကျွန်တော့်ကို
တောင်းပန်တာပေါ့။ ကျွန်တော်လည်း တော်တော်ကို မကျေမနပ်တာက တစ်ကြောင်း၊
သီရီကို မိန်းကလေး ပီပီသသဖြစ်စေချင်တာ တစ်ကြောင်းနဲ့
သပ်သပ်ရပ်ရပ်လေးနေဖို့ပြောလိုက်တယ်။ အဲဒီအချိန်ကစပြီး သီရီရဲ့ ပုံစံက
အရင်နဲ့ မတူဘဲ ပြောင်းလဲလာတာကို ကျွန်တော်သတိထားမိလာခဲ့တယ်။
       အခုဆိုရင် သီရီက အရင်လို မသပ်မရပ်နဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ဘူး။
ဘ၀ပေးတဲ့ ကုသိုလ်ကြောင့် မလှမပမျက်နှာကို ပိုင်ဆိုင်ထားရပေမယ့်
ကြည့်ပျော်ရှုပျော် မိန်းကလေးတစ်ယောက်အဖြစ် သီရီ ပြောင်းလဲလာခဲ့တာအမှန်ပဲ။
ကျောင်းတုန်းကလို ၀၀တုတ်တုတ်နဲ့ အစားကိုပဲ ခုံမင်ပြီး ဖရိုဖရဲနေတတ်တဲ့
သီရီ မဟုတ်တော့ဘဲ သွယ်သွယ်လှလှနဲ့ ကြည့်လို့လှတာတော့ အမှန်ပဲ။
ပြောင်းလဲလာတဲ့ သီရီရဲ့ ပုံစံကြောင့် သီရီကို ချည်းကပ်လာတဲ့
ယောကျာ်းလေးတွေ ရှိလာခဲ့တယ်။ ဒါပေမယ့် အားလုံးကို သီရီက
ငြင်းပစ်ခဲ့တာချည်းပဲ။ တစ်ခါတစ်လေ ကျွန်တော်က နောက်ပြောင်ပြီး သီရီရယ်
နင်ရည်းစားလေးတစ်ယောက်လောက် ထားကြည့်ပါလားလို့ ပြောရင် သီရီက
ကျွန်တော့်မျက်လုံးကို စေ့စေ့ကြည့်ပြီး ငါတစ်ယောက်တည်းပဲ နေချင်တယ်လို့
ပြန်ပြောခဲ့တာလည်း အခါခါပါပဲ။ သီရီ တကယ်ပဲ ယောကျာ်းလေးတွေကို
စိတ်မ၀င်စားတာလား? ချစ်တဲ့သူမတွေ့သေးတာလား? ကျွန်တော်ကိုယ်တိုင်တောင်
သေချာမသိတာ အမှန်ပါပဲ။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့
ခင်မင်မှုသက်တမ်းလေး ၁၀ နှစ်ကျော်လာခဲ့တယ်။ အဲဒီအချိန်ထိ
ကျွန်တော်တို့နှစ်ယောက်လုံး ရည်းစားမထားဖူးကြသေးပါဘူး။
        သီရီနဲ့ ကျွန်တော်က အလုပ်ခြင်းမတူပေမယ့် အမြဲတမ်းလိုလို
တွေ့ဖြစ်ခဲ့ကြတယ်။ ကျွန်တော်ကလည်း သီရီရဲ့ သင်တန်းတွေ သွားတတ်သလို၊
သီရီကလည်း ကျွန်တော့်ရဲ့ သင်တန်းတွေ ခဏခဏလာတတ်ပါတယ်။ တစ်နေ့တော့
ကျွန်တော် သီရီဆီကို အလုပ်ကိစ္စနဲ့သွားတွေ့ရင်း သက်နွယ်နဲ့
အမှတ်မထင်တွေ့ခဲ့တယ်။ သက်နွယ်ကို တွေ့တွေ့ချင်းမှာ တစ်ခါမှ မဖြစ်ဖူးတဲ့
ခံစားမှုကို ကျွန်တော်ခံစားလိုက်ရတယ်။ သက်နွယ်ရဲ့ ပုံစံက
သိပ်ပြီးမရိုးရှင်းပေမယ့် သူမနဲ့ အရမ်းကို လိုက်ဖက်တဲ့ပုံစံမျိုးပါပဲ။
သွက်သွက်လက်လက်နဲ့ မြင်သူတိုင်း ရင်အေးစေမယ့် မျက်နှာတစ်ခုမှာ
ရိုးရှင်းတဲ့ အပြုံးလေးပိုင်ဆိုင်ထားတာက သက်နွယ် ကျွန်တော့်ကို
ဆွဲဆောင်နိုင်တဲ့ အချက်လို့ ကျွန်တော်ထင်မိတယ်။ အဲဒီအတွက်ကြောင့်မို့
ကျွန်တော် သီရီရဲ့ အကူအညီနဲ့ သက်နွယ်အနားကို ချည်းကပ်ဖို့ကြိုးစားခဲ့တယ်။
ကျွန်တော့်အတွက်ဆိုရင် အမြဲအနစ်နာခံ ကူညီပေးနေတဲ့ သီရီကတော့ ဒီတစ်ခါလည်း
ကျွန်တော့်အတွက် အကောင်းဆုံးဖြည့်စီးပေးခဲ့တယ်။
“သီရီ စားလေ၊ ထည့်စားအားမနာနဲ့”
“အေးပါဟာ ငါစားပါ့မယ် ဒါပေမယ့် ငါ့ကို ဘာကြောင့်ဒီလိုဆိုင်ကို ခေါ်လာပြီး
ထူးထူးခြားခြားကျွေးရတာလဲဟ ဘာလဲ နင်အလုပ်သစ်ရလို့လား? နင်
အလုပ်သစ်လျှောက်တယ်လို့လည်း ငါမကြားမိပါဘူး။”
ဈေးကြီးပြီး အစားအသောက်ကောင်းတဲ့ စားသောက်ဆိုင်မှာ လိုက်ကျွေးတာမို့
သီရီအတွက် ထူးခြားနေတာပေါ့။
“ငါအလုပ်သစ်ရလို့ မဟုတ်ပါဘူး၊ ဘယ်အလုပ်သစ်မှလည်း ငါမလျှောက်ပါဘူး။ အခုဟာက
နင်င့ါကို ကူညီပေးထားတဲ့ သက်နွယ်ကိစ္စလေ ငါဒီနေ့ပဲ သက်နွယ်ဆီက
အဖြေရခဲ့တယ်။ ဒီနေ့ပဲ ငါတို့နှစ်ယောက်ချစ်သူဖြစ်သွားပြီ။ အဲဒါကြောင့်
ငါနင့်ကို ကျေးဇူးတင်လို့ ကျွေးတာပါ။”
စားနေဆဲ သီရီရဲ့ လက်တွေ ရုတ်တရက်တွန့်ဆုတ်သွားတာ ကျွန်တော်သတိထားမိလိုက်တယ်။
“ဒါဆိုရင် သက်နွယ်က နင့်ကို ချစ်တယ်လို့ အဖြေပေးလိုက်ပြီပေါ့ ဟုတ်လား”
သီရီရဲ့ အမေးကို ကျွန်တော် ပျော်ရွှင်မှုတွေ အပြည့်မျက်နှာနဲ့
ခေါင်းငြိမ့်ပြလိုက်တယ်။
“နင့်အတွက် ငါဂုဏ်ယူပါတယ် လင်းထိုက်”
စားနေဆဲ ထမင်းကို လက်စသတ်ရင်း ကျွန်တော့်မျက်လုံးတွေကို စေ့စေ့ကြည့်ရင်း
သီရီက အဲဒီစကားကိုပြောတယ်။ အဲဒီအချိန်က သီရီရဲ့ မျက်လုံးတွေထဲမှာ
အမည်မသိတဲ့ အကြည့်တစ်မျိုးပါဝင်နေခဲ့တာကို ကျွန်တော်သိနေတယ်။
“စားဦးလေ သီရီ တော်ပြီလား? ”
ကျွန်တော့်အမေးကို သီရီက ခေါင်းငြိမ့်ပြရင်း
“အင်း ငါဝပြီ၊ ရင်ပြည့်သလိုဖြစ်နေလို့ ငါသိပ်မစားနိုင်ဘူး။ နင်က
ငါ့ကိုဒီလိုကျွေးမယ်ဆိုလည်း ကြိုပြောမှပေါ့”
 သီရီ ကြိုးစားပြီးတော့ ပြုံးရှာပါတယ်။ ဒါပေမယ့် အပြုံးကတော့ အသက်မပါဘူးဖြစ်နေတယ်။
“ငါအလုပ်ကိစ္စချိန်းထားတာ ရှိသေးလို့ သွားတော့မယ် လင်းထိုက်”
ပြောရင်း သီရီက ဆိုင်ထဲက ထွက်သွားဖို့ ပြင်လိုက်တယ်။
“ငါနောက်မှဖုန်းဆက်လိုက်မယ် သွားပြီနော်”
ကျွန်တော် စကားပြန်ပြောဖို့ ပြင်နေတုန်းမှာပဲ သီရီကတော့ စားပွဲထပြီး
ဆိုင်အပြင်တောင် ရောက်နှင့်နေပြီ။ အရင်က ဒီလိုမဟုတ်တဲ့ သီရီက
အခုဒီလိုမျိုးလုပ်သွားတော့ ကျွန်တော့်ရင်ထဲမှာ ဟာတာတာနဲ့ ကျန်ခဲ့တယ်။
ဆိုင်ရဲ့ စားပွဲမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင်နဲ့
ဘယ်လောက်ကြာသွားလဲ ကျွန်တော့်ကိုယ်ကျွန်တော်တောင် မသိလိုက်ဘူး
သက်နွယ်ဖုန်းဆက်မှပဲ ကျွန်တော် ညနေဘက်မှာ သက်နွယ်နဲ့ ချိန်းထားတာကို
သတိရပြီး ဆိုင်ကနေ အပြေးထွက်ပြီး ကျွန်တော်သိပ်ချစ်တဲ့ ချစ်သူလေး
သက်နွယ်ဆီကို အရောက်သွားခဲ့တယ်။ အဲဒီနေ့က သက်နွယ်နဲ့ ကျွန်တော်တစ်ညနေလုံး
အတူတူအချိန်ဖြုန်းပြီး ည၇နာရီလောက်မှ သက်နွယ်ကို အိမ်ပြန်ပို့ပေးပြီး
ကျွန်တော့်အိမ်ကို ပြန်ခဲ့တယ်။ အိမ်အပြန်လမ်းတစ်လျှောက်လုံး သာမက
အဲဒီညတစ်ညလုံးပါ ကျွန်တော့်အတွေးထဲမှာ သက်နွယ်တစ်ယောက်ပဲ
စိုးမိုးနေခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော် သက်နွယ်ကို သိပ်ချစ်တယ်။ သက်နွယ်က
ကျွန်တော့်ဘ၀ရဲ့ အချစ်ဦးလည်းဖြစ်သလို၊ ကျွန်တော့်ရဲ့
လက်တွဲဖော်အဖြစ်လည်း ကျွန်တော်ရည်ရွယ်ခဲ့တယ်။ ကျွန်တော်နဲ့
သက်နွယ်တွဲသွားရင် ကျွန်တော်တို့နှစ်ယောက်ကို အားကျပြီး ကြည့်ရတဲ့
လူတွေရဲ့ မျက်လုံးတွေကို ကျွန်တော်ကျေနပ်သလို၊
ဒီလိုရုပ်ရည်ချောမောလှပခြင်းနဲ့ ပြည့်စုံတဲ့သက်နွယ်ရဲ့
ချစ်သူဖြစ်ခွင့်ရတာကိုလည်း ကျွန်တော့်ကိုယ်ကျွန်တော်ဂုဏ်ယူမိတယ်။
အချိန်တိုင်း အမြဲတမ်း သွက်သွက်လက်လက်နဲ့ ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့
အလှတရားကို လက်ကိုင်ထားနိုင်တဲ့ သက်နွယ်ကို ကျွန်တော်ချစ်မိတာ
ကျွန်တော်မမှားဘူးလို့ ကိုယ့်ကိုကိုယ်ထင်ခဲ့မိတယ်။
ကျွန်တော်နဲ့ သက်နွယ် ချစ်သူဖြစ်ခဲ့ပေမယ့်လည်း သီရီနဲ့ ကျွန်တော်
အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ အရင်လိုပဲ ခင်သလို၊ အရင်လိုပဲ သီရီနဲ့
ကျွန်တော်မကြာခဏဆိုသလို သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ရိုးရိုးသားသားတွေ့ဖြစ်ကြတုန်းပဲ။ တွေ့ဖြစ်ကြတိုင်းလည်း အရင်လို
တစ်ယောက်တည်းမဟုတ်တဲ့ ကျွန်တော်က ကျွန်တော်သိပ်ချစ်တဲ့
သက်နွယ်အကြောင်းတွေကို အပ်ကြောင်းထပ်မက သီရီကို ပြောပြပြီးရင်ဖွင့်တယ်။
အဲဒီလိုအချိန်တိုင်း သီရီက ကျွန်တော့်ခံစားချက်တွေကို နားထောင်ပေးပြီး
ကျွန်တော့်ကို အမည်မသိတဲ့ မျက်လုံးမျိုးနဲ့ ကြည့်လေ့ရှိတယ်။ အဲဒါက
ဘယ်လိုအကြည့်မျိုးလဲဆိုတာ ကျွန်တော်မသိပေမယ့် အဲဒီအကြည့်ကတစ်ဆင့်
ဝမ်းနည်းနေတယ်ဆိုတဲ့ အငွေ့အသက်ကို ကျွန်တော်ဖတ်မိတာ အမှန်ပဲ။ အေးလေ
သီရီဘက်က ကြည့်ရင် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ကျွန်တော်က
ချစ်သူရှိနေပြီဆိုတော့ သီရီလည်း ကျွန်တော့်ကို အားကျမှာပေါ့လို့
လွယ်လွယ်ပဲ တွေးခဲ့မိတယ်။ ဘယ်အချိန်၊ ဘယ်နေရာပဲဖြစ်ဖြစ် ကျွန်တော်ကို
တွေ့ရင် အမြဲတမ်း တက်တက်ကြွကြွနဲ့ ခေါ်ပြောနှုတ်ဆက်နေကြ သီရီက ကျွန်တော်နဲ့
သက်နွယ် လျှောက်သွားရင်း အမှတ်တမဲ့ သီရီနဲ့တွေ့တဲ့အခါ
မမြင်ချင်ယောင်ဆောင်ပြီး ကျွန်တော့်ကို မခေါ်ဘဲ တခြားဘက်ကို
လှည့်ထွက်သွားတာမျိုး ကျွန်တော်ခဏခဏကြုံဖူးတယ်။ အကြောင်းကတော့
ကျွန်တော်တို့နှစ်ယောက်ကို အနှောင့်အယှက်မပေးချင်တဲ့ သဘောပါပဲ။ သီရီက
အဲဒီလောက်ထိ ကျွန်တော့်အပေါ်ကို အလိုက်သိပေးခဲ့ဖူးတဲ့
သူငယ်ချင်းကောင်းပါပဲ။ ဒီကမ္ဘာမှာ ကျွန်တော့်အကြောင်းကိုသိတာ
ကျွန်တော်ပြီးရင် သီရီဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။
ကျွန်တော့်ချစ်သူဖြစ်တဲ့ သက်နွယ်မသိတဲ့ ကျွန်တော့်အကြောင်းတွေကိုတောင်
ဒီလိုနဲ့ ကျွန်တော်တို့ ချစ်သူဖြစ်တာ ၆လ ကျော်လာခဲ့တယ်။
အချိန်နည်းနည်းလေး ကြာလာတော့ သက်နွယ်အကြောင်းကို ကျွန်တော်ပိုပြီး
သိလာခဲ့ရတယ်။ နဂိုက သွက်သွက်လက်လက်နဲ့ ထက်မြက်မှုကြောင့် သက်နွယ်မှာ
အပေါင်းအသင်းများမှန်း ကျွန်တော်သိခဲ့ပေမယ့် အချိန်ကြာလာတော့ သက်နွယ်က
အချစ်ရေးမှာ ဆရာတစ်ဆူဖြစ်နေမှန်း တော်တော်ကို နောက်ကျမှ
ကျွန်တော်သိလိုက်ရတယ်။
အဲဒီနေ့က ကျွန်တော် အလုပ်ကိစ္စနဲ့ နယ်ဘက်ကို သွားဖို့ ကိစ္စဖြစ်လာတယ်။
အလုပ်ကိစ္စနဲ့ ခရီးသွားတာကတော့ မကြာခဏဆိုသလို သွားနေကြမို့
ကျွန်တော့်အတွက် အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သိပ်မဝေးတဲ့ခရီးတွေသွားတိုင်း
ကျွန်တော့်ကားနဲ့ ကျွန်တော်ပဲ သွားလေ့ရှိတယ်။ အခုတော့ ကျွန်တော့်ကားက
အင်ဂျင်ချထားတာမို့ ကျွန်တော့်ကားနဲ့သွားဖို့ မဖြစ်နိုင်၊ သွားရမှာကလည်း
သိပ်မဝေးဘဲ ကိုယ်တိုင်ကိုယ်ကျမောင်းသွားရင် နေ့ချင်းပြန်လို့ရတဲ့
ခရီးမျိုးဖြစ်လို့ ကျွန်တော်ကိုယ်တိုင်ပဲကားမောင်းပြီး သွားချင်တယ်။
အဲဒီအတွက်ကြောင့်လည်း ကျွန်တော့်ရဲ့ သူငယ်ချင်း သီရီကို
နှိပ်စက်ရပြန်တယ်။ ကျွန်တော့်ဘေးနားမှာ သီရီရှိရင် ကျွန်တော့်အတွက်
အရာရာက အဆင်ပြေသလိုပါပဲ။ ဒီလိုနဲ့ သီရီ ကားကို ယူပြီး ကျွန်တော်
ခရီးသွားခဲ့တယ်။ အလုပ်ကိစ္စက တော်တော်နဲ့ မပြီးပြတ်သေးတာမို့
ညနေစောင်းလောက်မှ ပြန်ခဲ့ရတယ်။ အပြန်လမ်းမှာ မိုးကလည်း သည်းကြီးမဲကြီးကို
ရွာနေတော့ အရင်လို ကားကို အရှိန်ပြင်းပြင်းနဲ့ မမောင်းနိုင်ခဲ့ဘူး။
ဂရုစိုက်မောင်းနေတဲ့ကြားကပဲ ရုတ်တရက်ကားက ထိုးရပ်သွားတယ်။
ကျွန်တော်ဆိုတဲ့ကောင်ကလည်း ကားကို မောင်းရုံပဲမောင်းတတ်တယ်။
ပြင်ဖို့ဆိုတာ ဝေးလို့ ကားဘိန်းတောင် မလဲတတ်တဲ့ အဖြစ်။ မိုးကလည်း
သည်းကြီးမဲကြီးရွာနေတဲ့မို့ ကားအပြင်ဘက်ကိုလည်း ထွက်လို့မရ၊
ကားစက်ပူနေလို့များလားလို့ စိတ်ထဲထင်ပြီး ခဏလေး
စက်ကိုအေးအောင်စောင့်ကြည့်ရင်း ကားစက်ကို ပြန်နှိုးကြည့်တယ်။ ဒါပေမယ့်
မရဘူး။ ၊ အကူအညီတောင်းစရာဆိုလို့ ဘာအရိပ်အရောင်မှ မတွေ့ရဘူး။
ပတ်ဝန်းကျင်တစ်ခုလုံးက မိုးသံ၊ လေသံတွေ ဖုံးလွှမ်းလို့၊ ဒီနေ့
သက်နွယ်ရှိုးပွဲသွားမယ်လို့ ပြောတယ်။ ကျွန်တော်က အလုပ်ကိစ္စရှိလို့
ဒီနေ့တော့ သက်နွယ်သူငယ်ချင်းတစ်အုပ်စုနဲ့ သွားလိမ့်မယ်။ နာရီကို
ကြည့်လိုက်တော့ ၉ နာရီ ဒီအချိန်ဆိုရင်တော့ ရှိုးပွဲပြီးလောက်ပြီ ထင်တယ်။
သက်နွယ်ကားနဲ့ ကျွန်တော့်ဆီကို လာဖို့ သက်နွယ်ဆီကို ဖုန်းဆက်ကြည့်တယ်။
ဒါပေမယ့် ဖုန်းလုံးဝမကိုင်ဘူး။ အကြိမ်ကြိမ် ကြိုးစားပြီးဆက်ပေမယ့်
သက်နွယ်ရဲ့ အသံကို လုံးဝမကြားရဘူး။ ဒါနဲ့ ကျွန်တော် သီရီဆီကို
ဖုန်းဆက်ပြီး ဒီညတော့ ကားကို ပြန်မပို့ပေးနိုင်တဲ့အကြောင်း
ပြောပြလိုက်တယ်။ ကားပျက်တဲ့ အကြောင်းကိုပြောတော့ သီရီက စိုးရိမ်တဲ့အသံနဲ့
ဘယ်နားမှာလဲ၊ ဘာလုပ်ပေးရမလဲ အတင်းမေးတာပဲ။ ကျွန်တော့်ကို စိတ်မပူဖို့နဲ့
သက်နွယ်ကို လာခေါ်ဖို့ ပြောထားတယ်လို့ သီရီကို ပြောလိုက်တယ်။ ဒီတော့မှ
သီရီက စိတ်ချသွားတယ်ထင်တယ်။ ကျွန်တော့်ကို ဂရုစိုက်ဖို့ပြောပြီး
ဖုန်းချသွားတယ်။ သီရီနဲ့ ဖုန်းပြောပြီးလို့ သက်နွယ်ဆီကို
ကျွန်တော်ဖုန်းပြန်ဆက်တယ်။ ဒါပေမယ့် လုံးဝကို ခေါ်လို့မရခဲ့ဘူး။
သေချာပါတယ် ဒီညတော့ ကျွန်တော် ဒီနေရာမှာပဲ မိုးတွေလေတွေကြားထဲမှာ
ဖြတ်သန်းရတော့မယ်။
တစ်နေကုန် အလုပ်ကိစ္စနဲ့ လုံးပန်းနေရတာမို့ လူလည်းတော်တော်ချည်းကို
ပင်ပန်းနှုံးခွေနေပြီ။ ရာသီဥတုကလည်း ချမ်းစိမ့်စိမ့်နဲ့မို့
ကျွန်တော်ကားပေါ်မှာ အိပ်ပျော်မှန်းမသိပျော်သွားခဲ့တယ်။
“ဒေါက်  ဒေါက်  ဒေါက်”
ဒီအသံက တစ်စုံတစ်ရောက် ကားမှန်တံခါးကို လာခေါက်တဲ့အသံပဲ။
ကျွန်တော့်စိတ်ထဲမှာ အိမ်မက်ထဲက အသံလိုလို၊ တကယ့်လက်တွေ့လိုလို၊
နောက်တစ်ခါ အဲဒီအသံကို ထပ်ပြီးကြားရတော့မှ ကျွန်တော်အိပ်ရာကနေ
နိုးလာခဲ့တယ်။ အခုချိန်ထိ မိုးကလည်း ရွာလို့ကောင်းတုန်းပဲ။ အသံလာရာကို
လှည့်ကြည့်လိုက်တော့ တစ်ကိုယ်လုံး မိုးရေတွေ ရွှဲစိုနေတဲ့ သီရီ၊
ထီးဆောင်းထားပေမယ့် ဒီလောက်သည်းတဲ့မိုးကို ထီးက အကာအကွယ်မပေးနိုင်၊
“သီရီ ဘာလို့လိုက်လာတာလဲ။ မိုးရေတွေ ရွှဲကုန်ပြီ။ လာ ကားထဲဝင်လေ”
“ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ ကားကိုယူလာခဲ့တယ်။ နင်လိုအပ်တဲ့ ပစ္စည်းပဲ
ယူပြီး ငါနဲ့လိုက်ခဲ့ ကားကိုတော့ ဒီမှာပဲ ထားခဲ့လိုက်တော့”
ကျွန်တော်လည်း လိုအပ်တဲ့ ပစ္စည်းတွေကိုယူပြီး သီရီနဲ့ ရန်ကုန်ကို ပြန်ခဲ့တယ်။
“နင်ဘာဖြစ်လို့ လိုက်လာတာလဲ သီရီ”
“နင်နဲ့ဖုန်းပြောပြီး ခဏနေတော့ နင့်ဆီကို ငါဖုန်းပြန်ဆက်သေးတယ်။ ဒါပေမယ့်
နင့်ဖုန်းက စက်ပိတ်ထားတယ်တဲ့။ ကြည့်ရတာ နင့်ဖုန်းအားကုန်သွားလို့
ငါထင်တယ်။ အဲဒါနဲ့ ငါ သက်နွယ်ဆီကို ဖုန်းဆက်တယ်။ သူက ဖုန်းမကိုင်ဘူး။
တော်တော်ကြာကြာမှ ဖုန်းဆက်လို့ရတယ်။ အဲဒီတော့ ငါကနင်ဖုန်းဆက်သေးလားလို့
မေးတော့ သက်နွယ်က နင်ဖုန်းဆက်ထားတော့တွေ့တယ်တဲ့။ အဲဒါနဲ့ ငါလည်း
နင်သက်နွယ်ဆီ ဖုန်းဆက်လို့မရဘူးဆိုတာကို ငါသိရတာ။ နောက်ပြီး မိုးတွေကလည်း
အရမ်းကို သည်းနေတော့ ငါနင့်ကို စိတ်မချတာနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့
ကားကို ခဏဆိုပြီး ယူလာခဲ့လိုက်တာ”
တစ်ကိုယ်လုံး မိုးရေတွေနဲ့ ရွှဲနေတာမို့ ခိုက်ခိုက်တုန်ရင်း သီရီက
ကျွန်တော်မေးတာကို ပြန်ဖြေနေတယ်။ သီရီရဲ့ မျက်နှာကို
ကျွန်တော်လှန်းကြည့်လိုက်တော့ မိုးမိထားလို့ ထင်တယ်။ နှုတ်ခမ်းတွေ
ပြာပြီး၊ မျက်နှာတစ်ခုလုံးဖြူဖပ်ဖြူရော်ဖြစ်နေတယ်။
ဒီလောက်မိုးကြီးလေကြီးဖြစ်နေတဲ့ အချိန်မှာ ကျွန်တော့်အတွက် စိတ်ပူပြီး
မိန်းကလေးတစ်ယောက်တည်း အဝေးပြေးလမ်းမပေါ်ကို ကားမောင်းလာခဲ့တဲ့ သီရီကို
ကျွန်တော်သိပ်ပြီး ကျေးဇူးတင်မိသလို၊ အခက်အခဲဖြစ်နေချိန်မှာ
ကျွန်တော့်ဖုန်းကို မကိုင်နိုင်အောင် ရှိုးပွဲကြည့်နေတာကို မပျက်မခံတဲ့
ကျွန်တော့်ကို ချစ်ပါတယ်လို့ တစ်ဖွဖွပြောလေ့ရှိတဲ့ ကျွန်တော့်ချစ်သူကို
တော်တော်လေး ဒေါသထွက်မိတယ်။
       ရန်ကုန်ပြန်ရောက်တော့ မိုးက နည်းနည်းလေးစဲနေပြီ။ အချိန်ကတော့
ည၂နာရီရှိနေပြီမို့ အိမ်ကို မပြန်ဘဲ သီရီ အိမ်မှာပဲ ကျွန်တော်အိပ်ဖို့
ဆုံးဖြတ်လိုက်တယ်။ သီရီရဲ့အိမ်မှာ သီရီရဲ့ မောင်လေးပဲရှိတယ်။ သီရီရဲ့
အဖေ၊အမေက နိုင်ငံခြားကို သွားလိုက်ပြန်လိုက်နဲ့မို့ အိမ်မှာမရှိတာက
များတယ်။ သီရီရဲ့ မောင်လေးကလည်း သီရီနဲ့ အသက်တစ်နှစ်ပဲကွာတာမို့
ကျွန်တော်နဲ့လည်း သူငယ်ချင်းလိုဖြစ်နေတယ်။ သီရီကတော့
သူ့မိန်းကလေးသူငယ်ချင်းတစ်ယောက်နဲ့အတူ သူ့အခန်းမှာ သပ်သပ်အိပ်ပြီး
ကျွန်တော်နဲ့သီရီမောင်လေးကတော့ တစ်ခန်းပေါ့။ နောက်နေ့မနက် ကျွန်တော်
အိပ်ရာနိုးတော့ သီရီက အိမ်မှာမရှိတော့ဘူး။ အလုပ်ကို သွားနှင့်ပြီ။
ကျွန်တော်နဲ့သီရိမောင်လေးပဲ ရှိတာမို့ အဲဒီမှာပဲ မနက်စာစားပြီး
ကျွန်တော်အိမ်ကို ပြန်ခဲ့တယ်။ မနေ့ညက မိုးမိတာရော၊ မနေ့က ပင်ပန်းတာရော
ပေါင်းပြီး သိပ်နေမကောင်းချင်တာမို့ အိမ်ရောက်ရောက်ချင်းပဲ
အိပ်ပစ်လိုက်တာ နောက်နေ့ မနက်ကျမှပဲ ကျွန်တော်နိုးတော့တယ်။
အိပ်ရာကနိုးတော့ သက်နွယ် ကျွန်တော့်ဆီကို ဖုန်းဆက်ထားသေးလားလို့ ဖုန်းကို
ကြည့်မိတယ်။ အလုပ်ကဆက်ထားတဲ့ ဖုန်းတွေသာတွေ့ပြီး သက်နွယ်ဆီကတော့
စာလေးတစ်စောင်တောင် ရောက်မလာခဲ့ဘူး။ သြော်…ဒါလား နင့်ရဲ့ အချစ်ဆိုတာ…
ငါ့ကို သိပ်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေးရယ်……
       အလုပ်ကိစ္စတွေကို နေ့လည်ကတည်းက အပြီးသတ်ပြီး သီရီဆီကို သွားဖို့
စဉ်းစားလိုက်တယ်။ ဟိုတစ်နေ့က သီရီရဲ့ ကားကို ကျွန်တော်ပြင်ပေးရဦးမယ်လေ။
သီရီဆီကို ဖုန်းဆက်လိုက်တော့ သီရီရဲ့ မောင်လေးနဲ့ပဲတွေ့တယ်။ အဲဒီတော့မှ
သီရီ နေမကောင်းလို့ ဆေးရုံတင်ထားရမှန်း သီရီ မောင်လေး ပြောပြလို့
ကျွန်တော်သိခဲ့ရတယ်။ အဲဒီသတင်းကို ကြားကြားခြင်း ကျွန်တော်သိပ်ကို
စိတ်ပူသွားခဲ့တယ်။ မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စကို ထားခဲ့ပြီး သီရီဆီကို
သွားဖို့ပဲ ကျွန်တော့်စိတ်ထဲမှာရှိနေခဲ့တယ်။ အင်ဂျင်ချထားတဲ့
ကျွန်တော့်ကားပြန်ရပြီမို့ သီရီ တက်နေတဲ့ ဆေးရုံကို သွားခဲ့တယ်။
လမ်းတစ်လျှောက်လုံးလည်း ကားကို အရှိန်ပြင်းပြင်းမောင်းရင်း စိတ်ထဲမှာ
သီရီ အန္တရာယ်ကင်းဖို့ပဲ ဆုတောင်းနေခဲ့မိတယ်။ အလျင်လိုရင် အနှေးရဆိုသလိုပဲ
သီရီဆီကို အမြန်ရောက်ချင်မှပဲ မီးပွိုင့်တွေက တစ်ခုပြီးတစ်ခုမိနေတယ်။
ကျွန်တော်ပဲ စိတ်လောနေတာလား? အချိန်ကပဲ ကျွန်တော့်ကို လှည့်စားနေလား
မပြောတတ်ဘူး ပုံမှန်ဆိုရင် နာရီဝက်လောက်ပဲ မောင်းရတဲ့ခရီးကို အခုချိန်မှာ
တော်တော်ကို ကြာနေတယ်လို့ ကျွန်တော်ထင်မိတယ်။ ဆေးရုံရောက်ဖို့
နည်းနည်းအလိုလောက်မှာ မီးနီတစ်ခုနဲ့ ကြုံလို့ ကားရပ်ထားတုန်း
ကျွန်တော့်ဆီကို ဖုန်းတစ်ခုဝင်လာခဲ့တယ်။ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့
သက်နွယ် ဆက်တာပဲ။
“ဟဲလို သက်နွယ်ပြော”
အေးစက်စက်နဲ့ပဲ သက်နွယ်ရဲ့ဖုန်းကို ဖြေလိုက်တယ်။ အပေါင်းအသင်းဆန့်ဝင်တဲ့
သက်နွယ်က ကျွန်တော့်အသံကို နားထောင်ရင်း ကျွန်တော်စိတ်ထဲမှာ သူမကို
မကျေမနပ်ဖြစ်နေမှန်းသိသွားပုံရတယ်။
“ဟိုနေ့က ဖုန်းမကိုင်ဖြစ်တဲ့အကြောင်းကို တောင်းပန်မလို့ပါ”
အခုချိန်မှာတော့ ကျွန်တော့်စိတ်ထဲမှာ သီရီဆီကို အမြန်ရောက်ချင်တဲ့စိတ်က
စိုးမိုးနေတာမို့ သက်နွယ်နဲု့ဖုန်းထပ်ပြီး မပြောချင်တာအမှန်ပဲ။
“သြော်….   အဲဒီကိစ္စလား အဲဒါဆိုရင် နောက်မှပြန်ဆက်လိုက်တော့
အခုငါမအားဘူးဖြစ်နေလို့”
ပြောပြီးပြီးချင်းပဲ သက်နွယ်ဘက်က ဘာပြန်ပြောမယ်ကို
ကျွန်တော်နားမထောင်တော့ဘဲ ဖုန်းကိုချပစ်လိုက်တယ်။ အလိုမကျရင်
စိတ်ကောက်ပြီး ချော့ရခက်တဲ့ သက်နွယ် စိတ်ကောက်မှာကို
ကျွန်တော်မစိုးရိမ်တော့ဘူး။ သက်နွယ်က တစ်ခါတစ်ခါ
သိပ်ကိုချစ်ဖို့ကောင်းပေမယ့် စိတ်ကောက်၊စိတ်ဆိုးတဲ့ဘာသာမှာလည်း
တော်တော်ကို ကျွမ်းကျင်တတ်မြောက်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ
သက်နွယ်စိတ်ဆိုးမှာကိုလည်း ကျွန်တော့်စိတ်ထဲမှာမရှိသလို၊ မပြီးပြတ်သေးတဲ့
အလုပ်တွေကို ထားပြီး ထွက်လာတဲ့အတွက် ကျွန်တော့်အထက်က လူကြီးနဲ့
စကားများရမှာကိုလည်း ကျွန်တော်မတွေးမိပါဘူး။ အခု ကျွန်တော့်စိတ်ထဲမှာ
ရှိနေတဲ့ဆန္ဒတစ်ခုက သီရီဆီကို အမြန်ဆုံးရောက်ဖို့ပါပဲ။ သီရီ
အခုလိုဆေးရုံတက်ရတာ ကျွန်တော့်အပြစ်လို့ ခံစားနေရတယ်။ အဲဒီညက သီရီသာ
ကျွန်တော့်ဆီကို လိုက်မလာခဲ့ရင် သီရီ အခုလိုဖြစ်မှာမဟုတ်ဘူးလို့
ကျွန်တော်ထင်နေမိတယ်။
       ဆေးရုံကိုရောက်တော့ ဖြူဖွေးနေတဲ့ အိပ်ရာခင်းနဲ့ အပြိုင် ဖြူရော်နေတဲ့
သီရီရဲ့ အသားအရည်ဟာ ကျွန်တော့်ရဲ့ ရင်ထဲမှာ ဆို့နစ်မှုကို ခံစားလိုက်ရတယ်။
ကျွန်တော်ရောက်နေတာတောင် သီရီက မသိနိုင်အောင်ကို အိပ်မောကျနေတယ်။
နစ်ပ်တစ်ယောက်ရဲ့ အပြောအရ သီရီ ညတုန်းက အဖျားတက်နေလို့
ကောင်းကောင်းအိပ်မရမှန်း သိလိုက်ရတယ်။ ပင်ဂိုက အာရုံကြောအားနည်းတာမို့
ဆရာဝန်က သီရီကို ကားကြာကြာမမောင်းဖို့ သတိပေးခဲ့ပြီးသား၊ ဟိုနေ့ညက
ကျွန်တော့်ဆီကို သီရီ လာခဲ့တာ အနည်းဆုံးမကြာဘူးဆိုရင် နှစ်နာရီလောက်
ကားမောင်းခဲ့ရတယ်။ နောက်ပြီး အဲဒီညက သီရီ မိုးမိခဲ့သေးတယ်။
ပြန်စဉ်းစားရင် အားလုံးက ကျွန်တော့်ကြောင့်လို့ပဲ
တစ်ထစ်ချပြောလို့ရလောက်အောင်ပဲ။ ကုတင်ဘေးမှာ ထိုင်ရင်း ဖြူဖျော့နေတဲ့
သီရီရဲ့ လက်ကလေးကို ဖွဖွလေး ဆုပ်ကိုင်မိတယ်။ ကိုယ်ပူရှိန်ကြောင့်
နွေးနေတဲ့ သီရီရဲ့လက်ကလေးက ပူလောင်နေတဲ့ ကျွန်တော့်ရင်ထဲကို အမည်မသိတဲ့
အေးမြမှုကို ခံစားလိုက်ရတာတော့ အမှန်ပဲ။ ကျွန်တော်လည်း အချိန်သိပ်မရလို့
သီရီဆီမှာ ခဏလေးနေပြီး ပြန်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးတော့ စိတ်ထဲမှာ
ခံစားမှုအပေါင်းရှုပ်ထွေးလျှက်ပေါ့။
       ညနေစောင်း အလုပ်က ဆင်းချိန်လောက်မှာ ကျွန်တော့်ဆီကို
သက်နွယ်ဖုန်းဆက်လာပြန်တယ်။ အသံကတော့ မနက်တုန်းကလို
ကြည်ကြည်လင်လင်အသံမျိုးမဟုတ်ပေမယ့် သူ့ဘက်က အမှားကိုတော့
တောင်းပန်ချင်နေပုံပဲ။ ရှေးကအချစ်ရေးမှာ အတွေ့အကြုံရှိတဲ့ လူတွေ
ပြောခဲ့ကြတာ အချစ်ရေးမှာ အချစ်ကြီးတဲ့သူက ရှုံးတယ်တဲ့။ ဒီလိုပါပဲ
ကျွန်တော်လည်း ကျွန်တော်ချစ်တဲ့ သက်နွယ်ကို အရှုံးပေးလိုက်ရတာ
အဆန်းတော့မဟုတ်ပါဘူး။ အလုပ်ကနေ အိမ်အပြန် သီရီဆီ သွားဦးမယ်လို့
စိတ်ကူးရင်း ကားကို ဆေးရုံဆီကို မောင်းနေတုန်း ကျွန်တော့်ဆီကို သီရီ
ဖုန်းဆက်လာတယ်။ သီရီနဲ့ ဖုန်းပြောပြီး အခြေအနေက
သိပ်မစိုးရိမ်ရတော့ဘူးလို့ ထင်လို့ ကျွန်တော်အိမ်ကိုပဲ ပြန်ခဲ့တယ်။
အဲဒီညက ကျွန်တော့်အတွေးထဲမှာ သီရီကို စိတ်ပူတာနဲ့ သုံးရက်လောက်
မတွေ့ရတာဖြစ်တဲ့ ကျွန်တော့်ချစ်သူ သက်နွယ်ကို သတိရတဲ့စိတ်တွေ
လွန်ဆွဲနေခဲ့တယ်။
       နောက်နေ့ကို အိပ်ရာစောစောထပြီး မနက်ဘက်လမ်းထလျှောက်တတ်တဲ့ သက်နွယ်ကို
သွားတွေ့ဖို့ ပြင်ဆင်လိုက်တယ်။ ခါတိုင်း သက်နွယ်လေ့ကျင့်ခန်းတဲ့
နေရာတွေကို သွားရင် ကျွန်တော်လိုက်သွားလေ့ရှိတာမို့ သက်နွယ်မရောက်ခင်
အရင်ရောက်နှင့်အောင် မနက်အစောကြီးထပြီး အဲဒီနေရာမှာ သွားစောင့်နေခဲ့တယ်။
သက်နွယ်ကတော့ သူမ လာနေကြအချိန် အတိအကျအတိုင်းပဲ
အဲဒီနေရာကိုရောက်လာခဲ့တယ်။ ဒါပေမယ့် သက်နွယ်တစ်ယောက်တည်းတော့ မဟုတ်ခဲ့ဘူး
သက်နွယ်ဘေးမှာ ခပ်ချောချောကောင်လေး တစ်ယောက်နဲ့ အတူတူလာတာကို
ကျွန်တော်မြင်လိုက်ရတော့ သ၀န်တိုသလို ရင်ထဲမှာလည်း အောင့်သက်သက်နဲ့။
သက်နွယ်က ကျွန်တော့်ကို အခုချိန်ထိ မမြင်သေးဘူး၊ သူ့ဘေးက ကောင်လေးနဲ့
အကြည်စိုက်လို့ ကောင်းတုန်းပေါ့။ ကျွန်တော့်ကို တွေ့သွားတော့ သက်နွယ်က
ဘာမှမဖြစ်သလို ပြုံးပြပြီး သူ့ဘေးက ကောင်လေးကို နှုတ်ဆက်ပြီး
ကျွန်တော့်ဆီကို လာခဲ့တယ်။ ဒါပေမယ့်လည်း ခေတ်စကားနဲ့ပြောမယ်ဆိုရင်
အထာကျပြီး ဆရာဖြစ်တဲ့ သက်နွယ်ကို ကျွန်တော် ဘယ်လိုလုပ်ပြီးတော့များ
ရင်ဆိုင်နိုင်မှာလဲ?
       သီရီလည်း ဆေးရုံက ဆင်းပြီး အလုပ်တောင် ပြန်ဝင်နေပြီ။ အခြေအနေအားလုံးလည်း
ပုံမှန်လို အဆင်ပြေနေခဲ့ပြီ။ ကျွန်တော်နဲ့ သက်နွယ်လည်း ချစ်သူဘ၀ကို
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်းပေါ့။ တစ်နေ့တော့ သီရီ ကျွန်တော့်ဆီကို
လာပြီး သူနိုင်ငံခြားကို အပြီးထွက်သွားတော့မယ် အကြောင်းပြောတယ်။
ရုတ်တရက်မို့ ကျွန်တော် အံ့အားသင့်ပြီး ဘာစကားမှ ပြန်မပြောနိုင်ခဲ့ဘူး။
သီရီကတော့ အရင်လို တည်တည်ငြိမ်ငြိမ်နဲ့ပဲ။ ဘယ်တော့သွားရမှာလဲလို့
ကျွန်တော်က မေးလိုက်တော့ နောက်တစ်ပတ်နေရင်တဲ့။ ကျွန်တော့်ရင်ထဲမှာ
ဒိန်းကနဲဆိုပြီး ဖြစ်သွားတယ်။ တကယ်တော့ တစ်ပတ်ဆိုတဲ့ အချိန်ဟာ
ခဏလေးနဲ့ပြီးသွားမှာပဲ မဟုတ်ဘူးလား။ သီရီရဲ့ အဖေနဲ့ အမေက
နိုင်ငံခြားမှာဆိုတော့ သီရီအတွက်လည်း အဆင်ပြေတယ်လို့ သူမက ၀မ်းမနည်းသလို
ဟန်ဆောင်ပြီး ပြောနေပေမယ့် သူမရဲ့ မျက်ဝန်းဟာ အသက်မဲ့နေမှန်း အဲဒီနေ့က
ကျွန်တော်ဖတ်နိုင်ခဲ့တယ်။ အဲဒီနေ့က ကျွန်တော်တို့ နှစ်ယောက်စလုံး
ပြောစရာစကားတွေ များနေပေမယ့် သိပ်မပြောဖြစ်ခဲ့ကြဘူး။ အဲဒီနေ့က
အိမ်ပြန်လမ်းမှာ ကျွန်တော်ဟာ ဆွံ့အသူတစ်ယောက်လုံးလုံးကို ဖြစ်နေခဲ့တယ်။
       အိမ်ပြန်ရောက်တော့ အ၀တ်အစားတောင် မလဲနိုင်ဘဲ အိပ်ရာပေါ်ကို ဘုန်းကနဲ
ပစ်လှဲလိုက်တယ်။ ရင်ထဲမှာ အရင်းနှီးဆုံး သူငယ်ချင်းကို
ဘယ်အချိန်ပြန်တွေ့မှန်း မသိအောင် ခွဲခွာရမှာကို ၀မ်းနည်းနေတာလား?
ကျွန်တော့်ရဲ့ မရှိမဖြစ်လိုဖြစ်နေတဲ့ အရာတစ်ခုကို ဆုံးရှုံးရမှာမို့လို့
ကျွန်တော်ကြောက်နေတာလား? ကျွန်တော့်ကိုယ်ကျွန်တော်တောင် ဝေခွဲမရအောင်
ကျွန်တော့်စိတ်တွေ အလုပ်ရှုပ်တဲ့ညတစ်ည ဖြစ်နေခဲ့တယ်။ တချိန်လုံးမြည်နေတဲ့
ဖုန်းကို ကိုင်ပြီး စကားပြောဖို့ ဝေးလို့ ဘယ်သူဆက်မှန်း သိအောင်တောင်
ဖုန်းကို လှည့်မကြည့်ခဲ့မိဘူး။ နောက်ပြီး အဲဒီညက အိပ်ခြင်းကို
နှစ်သက်တဲ့ကျွန်တော့်အတွက် ဘ၀မှာ ပထမဆုံး အိပ်မရတဲ့ညလည်း ဖြစ်တယ်။
တစ်ညလုံး ကျွန်တော့်ကိုယ်ကျွန်တော် အိပ်ရာထက်မှာ ဘာတွေတွေးလို့
တွေးနေမိမှန်း မသိအောင်ကို စိတ်နဲ့ကိုယ်နဲ့ ကင်းကွာနေတဲ့ ညလည်းဖြစ်တယ်။
       နောက်နေ့မနက်ထိ ကျွန်တော့်စိတ်ထဲမှာ ဝေခွဲရခက်တဲ့ ခံစားမှုကို
ခံစားနေရတုန်းပဲ။ ညတုန်းက ဖုန်းဆက်တာကို မကိုင်လို့ စိတ်ဆိုးနေတဲ့
သက်နွယ်ကို ချော့ဖို့ ကျွန်တော် သတိမရသလို၊ ကျွန်တော့်အတွက်ဆိုတဲ့
အရာတွေကို လုပ်ဖို့တောင် ကျွန်တော် မေ့နေခဲ့တယ်။ ကျွန်တော့်အတွေး၊
ကျွန်တော့်အာရုံထဲမှာ သီရီက မကြာခင် ကျွန်တော့်ဘေးက
ထွက်သွားတော့မှာလားဆိုတဲ့ ၀မ်းနည်းမှုကို ခံစားရတာ အမှန်ပဲ။ အဲဒီနေ့က
ကျွန်တော် အလုပ်ကို မသွားခဲ့ဘူး။ တစ်နေကုန် အိမ်ထဲမှာပဲ နေပြီး၊
ဘယ်သူ့ဖုန်းမှလည်း လက်ခံစကားမပြောခဲ့ဘူး။ ကျွန်တော်သိပ်ချစ်ပါတယ်ဆိုတဲ့
သက်နွယ်ဆီကို ချော့ဖို့လည်း ကျွန်တော်မသွားခဲ့သလို၊ ဖုန်းဆက်ပြီး
တောင်းပန်ဖို့လည်း ကျွန်တော်မကြိုးစားခဲ့ဘူး။ ဒါပေမယ့် ခွဲခွာခါနီး
သူငယ်ချင်းအတွက် နှုတ်ဆက်ပွဲလေးတော့ လုပ်သင့်တယ်လို့ ကျွန်တော်ယူဆတဲ့အတွက်
သီရီဆီကို ညနေစောင်းမှာ ကျွန်တော်ထွက်လာခဲ့တယ်။
       အဲဒီညနေက သီရီနဲ့ ကျွန်တော်ဆိုင်တစ်ဆိုင်ကို သွားပြီး စားသောက်ရင်း
စကားတွေ အများကြီးပြောဖြစ်ခဲ့ကြတယ်။ အများဆုံးကတော့
ကျွန်တော်တို့နှစ်ယောက်ရဲ့ ငယ်ဘ၀တွေပေါ့။ ကျွန်တော့်ရင်ထဲက ခံစားချက်တွေ
သက်သာအောင် သီရီကို ခွင့်တောင်းပြီး ကျွန်တော် အရက်သောက်ခဲ့တယ်။
သောက်လေ့သောက်ထမရှိတဲ့ ကျွန်တော့်အတွက် အဲဒီညနေက သိပ်ကို မူးတဲ့ညနေပေါ့။
သီရီက အများကြီးမသောက်ဖို့ တားပေမယ့် ကျွန်တော်အများကြီးသောက်လိုက်မိတယ်။
အဲဒီညနေက ကျွန်တော့်ဘ၀မှာ ပထမဆုံးနဲ့ အဆိုးဝါးဆုံး မူးတဲ့နေ့လည်း
ဖြစ်ခဲ့တယ်။
       နောက်နေ့မနက် ကျွန်တော်နှိုးတော့ ခေါင်းတွေ အရမ်းကို ကိုက်နေခဲ့တယ်။
တော်တော်နဲ့ အိပ်ရာမထနိုင်ခဲ့ဘူး။ မျက်လုံးကို ကြိုးစားပြီး
ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် သီရီ အိမ်ကို ရောက်နေမှန်း
ကျွန်တော်သိလိုက်ရတယ်။ ဘေးကို ကြည့်လိုက်တော့ သီရီ မောင်လေးက
ကျွန်တော့်အပေါ်ကို ခြေထောက်တစ်ချောင်းတင်ရက်သားနဲ့ အိပ်မောကျနေလေရဲ့။
နာရီကို လှန်းကြည့်မိလိုက်တော့ ၆ နာရီပဲရှိသေးတယ်။ မျက်နှာသစ်ဖို့
အိပ်ရာကနေဆင်းလို့ လုပ်နေတုန်း ခြေထောက်အောက်မှာ တစ်စုံတစ်ခုကို
နင်းမိလိုက်တယ်။ ကြည့်လိုက်တော့ ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်ပဲ။
သိချင်စိတ်နဲ့ ကျွန်တော် စာအုပ်ကို ကောက်ကိုင်ပြီး အထဲကို
လှန်ကြည့်မိလိုက်တယ်။ ဘာတွေရေးထားမှန်းကို မဖတ်ကြည့်မိပေမယ့် လက်ရေးကို
မြင်လိုက်ရုံနဲ့ သီရီရဲ့ စာအုပ်မှန်း ကျွန်တော်သိလိုက်တယ်။
ဒိုင်ယာရီဆိုတာ လူတစ်ယောက်ရဲ့ ခံစားချက်တွေကို ချရေးထားတာ မဟုတ်လား။
အထူးသဖြင့် တခြားတစ်ယောက်ရဲ့ ဒိုင်ယာရီကို ပိုင်ရှင်မသိဘဲ ဖတ်တာက
ရိုင်းစိုင်းတဲ့အပြုအမူမှန်း ကျွန်တော်သိတဲ့အတွက် မဖတ်ဘဲ ပိတ်လိုက်ဖို့
ပြင်လိုက်တယ်။ ဒါပေမယ့် အမှတ်တမဲ့ ဖတ်မိတဲ့ စာလေးတစ်ကြောင်းကြောင့်
ကျွန်တော့်မျက်လုံးတွေ ၀ိုင်းစက်သွားခဲ့တယ်။
“လင်းထိုက် နင်တကယ်ပဲ ငါ့ခံစားချက်တွေကို မသိတာလား? လောကမှာ
ဝေးကွာခြင်းဆိုတာ နီးခြင်း၊ဝေးခြင်းမဟုတ်ဘူး။ နင့်ဘေးမှာ နင့်ကိုချစ်တဲ့
ငါရှိနေတယ်ဆိုတာကို နင်မသိတာပဲဖြစ်တယ်ဆိုတဲ့ စကားကို ငါတကယ်ပဲ အခုမှ
သဘောပေါက်တော့တယ်။ ငါ့ခံစားချက်တွေကို နင်သိအောင် ငါဘယ်လိုလုပ်ပေးရမလဲ ”
မရည်ရွယ်ဘဲ ဖတ်မိတဲ့ အဲဒီစာကလည်းနေ သီရီရဲ့ ဒိုင်ယာရီ စာအုပ်ကို
ဖတ်ချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်သွားလိုက်တာ ကျွန်တော် မျက်နှာမသစ်ဘဲ
စာအုပ်ကလေးကိုပဲ ထိုင်ပြီးဖတ်မိနေခဲ့တယ်။ ဒိုင်ယာရီ တစ်အုပ်လုံးနီးပါး
ကျွန်တော့်အကြောင်းတွေနဲ့ ပြည့်နှက်နေတယ်။ ကျွန်တော့်ကို သူမ
ဘယ်လောက်ချစ်ကြောင်း၊ ကျွန်တော် ဘယ်လောက်ပဲ သူမအပေါ်ဆိုးဆိုး သူမကတော့
အချစ်မလျော့ဘူးဆိုတာတွေရော အများကြီးပဲ။ သီရီရဲ့ဒိုင်ယာရီကိုဖတ်ရင်း
ကျွန်တော့်ရင်တွေ ခုန်မှန်းမသိခုန်နေခဲ့တယ်။ ဒိုင်ယာရီကို ဖတ်နေရင်း သူမ
ကျွန်တော့်အပေါ် ဘယ်လိုအနစ်နာခံခဲ့တာတွေကို ကျွန်တော့်မျက်လုံးထဲမှာ
အလိုလိုနေရင်း ပြန်ပြီး မြင်လာခဲ့တယ်။ ကျွန်တော်နဲ့ သက်နွယ်ကို အပြင်မှာ
အမှတ်တမဲ့တွေ့မိရင် မသိချင်ယောင်ဆောင်သွားခဲ့တာက သူမရဲ့ အလိုက်သိမှုလို့
ထင်ခဲ့တဲ့ ကျွန်တော့်အထင်က မှားနေတယ်ဆိုတာ အဲဒီတော့မှ
ကျွန်တော်သိခဲ့ရတယ်။
“ငါချစ်တဲ့ နင့်ကို တခြားသူရဲ့ ရင်ခွင်ထဲမှာ မြင်ရတာ ငါသိပ်ရင်နာပဲ
လင်းထိုက်ရယ်…..  ဒါပေမယ့် နင်ရဲ့ အပြုံးကို မြင်ရတော့
နင်ပျော်နေတယ်ဆိုတာ ငါသိလိုက်ရတယ်။ နင်ပျော်ရင် ငါကျေနပ်ပါတယ်။ ငါဟာ
နင်ကြိုက်တဲ့ ခပ်ချောချော ကောင်မလေးမှ မဟုတ်ခဲ့တာပဲ”
သီရီရဲ့ ဒိုင်ယာရီကို ဖတ်ရင်း သူမ ခံစားရသလို၊ ကျွန်တော်လည်း
ခံစားနေရသလိုပဲ။ ဖတ်ရင်းနဲ့မှ ကျွန်တော့်ရင်ကို နင့်နေအောင်
ခံစားရတာကတော့ ကျွန်တော်ကားပျက်တဲ့ညက အကြောင်းပေါ့။ အဲဒီညက
ကျွန်တော်သူမဆီကို ဖုန်းဆက်လိုက်တဲ့အချိန်မှာ သူမက ဆေးခန်းမှာ
အားနည်းနေလို့ ဆရာဝန်က ကလူးကိုစ့်ပုလင်းချိတ်ခိုင်းလို့ ချိတ်နေတဲ့
အချိန်၊ ကျွန်တော့်ဖုန်းဆက်ပြီးတဲ့နောက် သူမစိတ်တွေပူလို့ ဆေးခန်းကနေ
အိမ်ကို မပြန်ဘဲ ကျွန်တော့်ဆီကို တန်းလာခဲ့မှန်း ကျွန်တော်သိလိုက်ရတယ်။
နောက်တော့ အားနည်းတဲ့ကြားက မိုးမိတဲ့အတွက် အဖျားဝင်ပြီး
ဆေးရုံတက်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ သူမရဲ့ ဒိုင်ယာရီ စာအုပ်ကို
ဖတ်ရင်း ကျွန်တော့် ပါးပြင်မှာ စိုစွတ်လာခဲ့တယ်။ ပါးပြင်ကို
လက်နဲ့စမ်းကြည့်ရင်း ငါမျက်ရည်တွေ ကျနေပါလားလို့ သတိထားမိတဲ့အချိန်
စာအုပ်ကို ပိတ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် မေးခွန်းတွေ
အများကြီးမေးဖြစ်ခဲ့တယ်။
“ဘာလို့ ဒီမျက်ရည်တွေ ကျရတာလဲ?”
“ဘာကြောင့် သီရီထွက်သွားမယ်ပြောတုန်းက ကျွန်တော် ၀မ်းနည်းရတာလဲ?”
“ဘာကြောင့် ကျွန်တော်……………………..”
ကျွန်တော့်မေးခွန်းတွေကို ကျွန်တော်ကိုယ်တိုင်တောင် အဖြေမသိသလို၊
အခုချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ဘာဖြစ်ချင်မှန်း၊
ဘာလုပ်ချင်မှန်းလည်း ကျွန်တော်မသိခဲ့ဘူး။ ဒိုင်ယာရီ စာအုပ်ကလေးကို
ပိတ်ပြီး စားပွဲပေါ်တင်ကာ ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲ တိတ်တိတ်ကလေး ကျွန်တော်
အိမ်ကို ပြန်လာခဲ့တယ်။ ကျွန်တော်အိမ်ရောက်ပြီး သိပ်မကြာပါဘူး။ သီရီ
ကျွန်တော့်ဆီကို ဖုန်းဆက်လာခဲ့တယ်။ သူအိပ်ရာက နိုးလာတော့ ကျွန်တော့်ကို
မတွေ့လို့ လိုက်ရှာနေတဲ့အကြောင်းပြောပြီး
ကျွန်တော်အိမ်ပြန်ရောက်နေပြီမို့ စိတ်ချစွာနဲ့ ဖုန်းချသွားခဲ့တယ်။
အဲဒီနေ့ တစ်နေ့လုံး ကျွန်တော့်ကိုယ်ကျွန်တော် မေးခွန်းတွေကြားမှာပဲ
နစ်မွန်းနေခဲ့တယ်။ ဘာကိုရွေးချယ်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့တယ်။
ညနေစောင်းလောက်မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို
ကျွန်တော်လိုက်နိုင်ခဲ့တယ်။ သက်နွယ်ကို တွေ့ဖို့ချိန်းပြီး သက်နွယ်ဆီမှာ
တစ်စုံတစ်ခုကို ရင်ဖွင့်ဖို့ ကျွန်တော်ကြိုးစားလိုက်တယ်။
       ချိန်းထားတဲ့နေရာကို ကျွန်တော့်ထက် သက်နွယ်က အရင်ရောက်နေခဲ့တယ်။
ကျွန်တော့်ကို မြင်တော့ ပြုံးပြရင်း သက်နွယ်က နေရာဖယ်ပေးတယ်။
“ဘာသောက်မလဲ တစ်ခုခုမှာလေ”
“ငါမသောက်တော့ဘူး။ တစ်နေရာ သွားစရာရှိသေးလို့ အချိန်သိပ်မရဘူး။”
“အင်း။ ဒါဆိုရင် ပြောစရာရှိတာပြောလေ”
“ငါတို့လမ်းခွဲရအောင်”
ကျွန်တော့်စကားကြောင့် သက်နွယ်ရဲ့ မျက်နှာက ပျက်မသွားတာမျိုး၊
မမျှော်လင့်တဲ့စကားကို ကြားလိုက်ရလို့ အံ့သြတာမျိုး လုံးဝကို
မတွေ့ရပါဘူး။ ကျွန်တော့်ကို ပြုံးရင်း
“ကောင်းတယ်။ အဲဒီစကားကို ဒီနေ့ပဲ သက်နွယ်လည်း ပြောမလို့”
ဒီလိုနဲ့ပဲ လူအများအမြင်မှာ သိပ်ချစ်ကြပါတယ်ဆိုတဲ့ ကျွန်တော်နဲ့သက်နွယ်
လမ်းခွဲလိုက်ကြတယ်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အဆုံးသတ်ကို
ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်မိကြမှာမဟုတ်ပါဘူး။ သက်နွယ်နဲ့ ပြောစရာ
စကားလည်းမရှိတော့ပြီမို့ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို စတင်ပြီး
အကောင်အထည်ဖော်ပါတယ်။ သီရီဆီကို ဖုန်းလှမ်းဆက်ပြီး အရင်က
ကျွန်တော်တို့နှစ်ယောက် တွေ့နေကြဆိုင်ကို ချိန်းလိုက်တယ်။
ကျွန်တော်ရောက်သွားတော့ သီရီက ရောက်နှင့်နေပြီ။ အရင်က ဒီဆိုင်မှာ သီရီနဲ့
ကျွန်တော်တွေ့ရင် ဘေးချင်းကပ်ထိုင်ကြတာများတယ်။ ဒီနေ့တော့ သီရီရဲ့
မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တယ်။
“သီရီ နင်နိုင်ငံခြားကို မသွားပါနဲ့လား”
ရုတ်တရက် ပြောလိုက်တာမို့ သီရီ ကြောင်သွားပုံရတယ်။
“ဘာဖြစ်လို့လဲ လင်းထိုက်”
“ငါနင့်ကို မသွားစေချင်လို့ပေါ့၊ နင်ဒီမှာလည်း အဆင်ပြေနေတာပဲ
ဖြစ်နိုင်ရင် မသွားနဲ့”
ကျွန်တော့်ဆီက မမျှော်လင့်ထားတဲ့ စကားကို ကြားလိုက်ရတာမို့ သီရီ
မျက်နှာမှာ အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်နေတာပေါ့။
“ငါသွားဖို့ အားလုံး စီစဉ်ပြီးပြီဟ။ ရက်ကလည်း နီးနေပြီလေ”
“ငါမသွားဖို့တားရင်ကော နင်သွားမှာပဲလား သီရီ”
သီရီရဲ့ မျက်နှာကို စေ့စေ့ကြည့်ရင်း မေးလိုက်မိတယ်။
“နင်က ငါ့ကို ဘာလို့ မသွားဖို့တားရတာလဲ?”
သီရီကလည်း ကျွန်တော့်မျက်လုံးကို စေ့စေ့ကြည့်ရင်း ပြန်မေးတယ်။ သူမရဲ့
အကြည့်ထဲမှာ ကျွန်တော့်မျက်လုံးထဲက တစ်စုံတစ်ခုကို ရှာဖွေနေသလို
ကျွန်တော်ခံစားမိတယ်။
“ငါနင့်ကို ချစ်လို့ မသွားစေချင်တာ”
ရဲရဲတင်းတင်းကြီးပဲ ကျွန်တော် ဖြေလိုက်မိတယ်။ ကျွန်တော့်အဖြေကြောင့် သူမ
မျက်နှာ ပန်းရောင်သန်းသွားပြီး ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်ကို
လွဲလိုက်တယ်။ မျက်နှာချင်းဆိုင်ထိုင်နေရာက သူမဘေးကို ကျွန်တော်ထသွားပြီး
သူမဘေးမှာ ဒူးထောက်ထိုင်ချလိုက်တယ်။ ဘာလုပ်မလို့လဲဆိုတဲ့ အကြည့်မျိုးနဲ့
သူမက ကျွန်တော့်ကို ကြည့်နေဆဲ
“ငါနင့်ကို လက်ထက်ပါရစေ သီရီ”
သူမထံမှ လက်ထက်ခွင့်ကို တောင်းရင်း သူမရဲ့ လက်ကိုတော့ ခွင့်မတောင်းပဲ
ကျွန်တော် ဆုပ်ကိုင်လိုက်မိတယ်။ သူမကလည်း မရုန်းသလို၊ ကျွန်တော်ကလည်း
မလွှတ်မိပါဘူး။ တင်းတင်းကျပ်ကျပ်လေး ဆုပ်ကိုင်ထားလျက်ပေါ့။ အရင်က
ဒီနေရာလေးကို ကျွန်တော်တို့နှစ်ယောက် အကြိမ်ပေါင်းများစွာ လာဖူးပေမယ့်
ဒီနေရာလေးက အရင်ထက် ပိုပြီး ထူးထူးခြားခြား အဲဒီညနေက လှပလို့နေတယ်။
အဲဒီညနေက ဆောင်းရာသီရဲ့ ညနေစောင်းထဲက တစ်ခုဖြစ်ပေမယ့်
ကျွန်တော်တို့နှစ်ယောက်စလုံးအတွက်တော့ နွေးထွေးနေခဲ့တာ အမှန်ပါပဲ…….

ဆက်လက်ကြိုးစားပါဦးမည်။
Written By Rukia(May Khine)
(16.12.11/9:30PM)

မှော်ဆရာမေးဂရုမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free