အပျော်လား ဝမ်းနည်းမှုလား



ဒီတပတ် သုံးလေးရက်အတွင်း အပြောင်းအလဲတွေက မြန်လွန်းလှပါတယ်။ တနင်္လာနေ့က ထွက်ခဲ့တဲ့ weekly Eleven ဂျာနယ်ထဲမှာ ယခင်က အစိုးရဝန်ထမ်းတွေကို ချပေးခဲ့တဲ့ ဒဂုံအရှေ့ပိုင်းမှ မြေကွက်တွေကို အထူးစက်မှုလည်ယာစီမံကိန်းအတွက်ဆိုကာ ပြန်လည်သိမ်းယူခဲ့တယ်လို့ ပါရှိပါတယ်။ ထိုကဲ့သို့ သိမ်းယူရာမှာ မူလချပေးခဲ့စဉ်က သွင်းယူခဲ့သော တန်ဖိုးငွေကိုသာ ပြန်လည်ပေးအပ်မှာဖြစ်ပြီး မတ်လ၃၁ရက်နေ့အထိအတွင်း ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော မြေကွက်ပိုင်ရှင်များကို မြေချပါမစ်များ၊ မြေငှားစာချုပ်များ စရင်းမှ ထုတ်ပယ်မှာဖြစ်ပြီး မူလတန်ဖိုးကိုပင် ပြန်လည်ပေးအပ်မည် မဟုတ်ဟု သိရသည်။ အသိမ်းခံရမည့် မြေကွက်များမှာ မြေတိုင်းအမှတ် (၁၂၁) (၁၂၂) (၁၂၃) (၁၂၆) (၁၂၇) (၁၂၈) (၁၂၉) (၁၅၇) (၁၅၈)  (၁၅၉) နှင့် (၁၆၀)တို့ဖြစ်ကြသည်။
ပင်စင်ယူရင် ဂရက်ဂျူရီလေးနဲ့ အဲ့မှာ ပျဉ်ထောင်အိမ်ပဲရရ တဲပဲရရ ရတာဆောက်ပြီး နေရမှာ ခုတော့ နေစရာခက်ပါပြီဟု ၅၉နှစ်အရွယ် ရဲတပ်ကြပ်ကြီးတစ်ယောက်မှ မနေ့က အိမ်တွင် လာရောက် ညီးတွားနေတာကို တွေ့လိုက်ရတယ်။
သွင်းတုန်းကတော့ ၁၂၀၀၀ပဲရှိတယ်၊ ခု၁၂၀၀၀ ပြန်ရမယ်တဲ့။ ၁၂၀၀၀ကို ဘာလုပ်ရမှာလဲ အဲ့တုန်းကတော့ နေစရာ ကိုယ်ပိုင်မြေလေးရပြီဆိုပြီး ပျော်ခဲ့တာဟု ရဲအရာခံဗိုလ်တစ်ယောက် ပြောတာကိုလဲ ကျွန်တော် ကြားခဲ့ပါတယ်။
 “ အရင်လကမှ သိန်း၃၀ပေးဝယ်ခဲ့တာ ခုတော့ ဆုံးပြီဟု ကျွန်တော့် အသိတစ်ယောက်က ကျွန်တော့်ကို ဖုန်းဆက်မေးတုန်းက ပြောခဲ့ပါသေးတယ်။
  ဝန်ထမ်းလုပ်သက် ၂၀ကျော်မှ ပေးခဲ့သော ထိုမြေကွက်များမှာ လက်ရှိပေါက်ဈေး သိန်း၂၀ဝန်းကျန်ခန့်ရှိနေပြီး ထိုကဲ့သို့ မူလပေါက်ဈေးသာ ပြန်လည် ပေးအပ်ခြင်းမှာ မျှတသော လုပ်ရပ်တစ်ခုဟု မြင်သူမရှိဖြစ်နေပြီး ထိုဈေးနှုန်းနှင့် မည်သည့်နေရာတွင်မှ မြေကွက်ပြန်ဝယ်၍ မရလဲ ဖြစ်နေသည်။ ထိုမြေကွက်တွေ ချထားပေးအပ်ခြင်း ခံခဲ့ရသော ပိုင်ရှင်များမှာ ရာထူးကြီး ဝန်ထမ်းများမဟုတ်ပဲ အောက်ခြေနှင့် သာမာန်လက်လုပ်လက်စား အဆင့်သာသာ ရာထူးငယ် ဝန်ထမ်းများသာဖြစ်ပြီး မမျှတဟု ခံစားရကြောင်းလဲ ပြောပြကြသည်။ မနှစ်ကလဲ ဒဂုံအရှေ့ပိုင်းမှာ ချပေးသော မြေကွက်များကို လအနည်းငယ်အတွင်း ပြန်လည်သိမ်းယူခြင်းများ ကြုံခဲ့ပြီး ဝန်ထမ်းအများစုမှာ ထိုငွေကို မသွင်းနိုင်သဖြင့် စလစ်များကို ရောင်းစားကြပြီး ဝယ်ထားမိသောသူများ ဆုံးရှုံးနှစ်နာမှုများလဲ ရှိခဲ့သည်ဟု သိရသည်။
 နေပြည်တော်တွင်လည်း အခြားအဆင့် ရာထူးငယ်ဝန်ထမ်းများမှာ မြေကွက်များကို ပိုက်ဆံမသွင်းနိုင်သဖြင့် ရောင်းစားကြပြီး စစ်တပ်မှ ရာထူးငယ် ဝန်ထမ်းများအတွက်မူ လစဉ်ပေး စနစ်ဖြင့် အိမ်ယာများပေးအပ်ခြင်း အပေါ် မကျေနပ်ချက်များလဲ ရှိခဲ့ဖူးသည်။ ထိုစဉ်က ကျွန်တော်၏အဖေ ၃သိန်းသွင်းထားသော မြေကွက်လေးတစ်ကွက်လည်း ပြန်လည်အသိမ်းခံခဲ့ရသည်။ အပြင်မှ ဝယ်သော မြေကွက်များမှာ မူ သိမ်းဖို့ ဝေးစွ အစိုးရ ထုတ်ဈေးကို ပင် မြှင့်တင်ပေးခြင်းဖြင့် ချမ်းသာအောင် လုပ်ပေးနေသည်။ ကျွန်တော် သိန်း၂၀ အစိုးရ သွင်းပြီး ဝယ်ခဲ့သော မြေကွက်မှာ လက်ရှိအစိုးရ သွင်းဈေးကိုပင် သိန်း ၃၅၀ အထိမြှင့်ပေးခဲ့ပြီး ပေါက်ဈေး ၅၀၀ ကျော်အထိဖြစ်နေပြီ ဖြစ်သည်။
 အင်္ဂါနေ့က နေပြည်တော်မှ ဝန်ထမ်းများကို တန်ဖိုးနည်းဖုန်း လပေးစနစ်လျှောက်လွှာများ ချပေးခဲ့သည်။ တစ်လလျှင် ၅၀၀၀မျှသာ လစာထဲက ဖြတ်မည်ဖြစ်သော ထိုဖုန်းလျှောက်လွှာများမှာ ဝန်ထမ်းငယ်များအတွက် ထီသိန်းဆုကြီးပေါက်သည်ထက် ပို၍ ဝမ်းသာဖွယ် သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ သို့သော ရန်ကုန်တိုင်းကဲ့သို့ နယ်ဘက်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ဆက်လက်ချပေးမည် မချပေးဘူး မသိရသေးချေ။ နှစ်ရစ်ခွဲ၍ ချပေးသော ထိုဖုန်းများကို ပထမအရစ်အဖြစ် ၂၈ရက်နေ့တွင် ပြန်တမ်းဝန် အရာရှိအပိုင်းအဖြစ်ချပေးမည် ဖြစ်ပြီး ဒုတိယအရစ်အဖြစ် နောက်လ ၉ရက်နေ့တွင် အခြားအဆင့် ဝန်ထမ်းများကို ဆက်လက်ချပေးမည်ဟု နေပြည်တော် ပြည်ထဲရေးဋ္ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
 “ပျော်လိုက်တာ အစ်မရယ် ကျွန်မဖုန်းကိုင်ဖို့ မမျှော်လင့်ထားမိဘူးဟု နေပြည်တော်တွင် ယဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ်တစ်ယောက်၏ ဇနီးက မေမေ့ကိုပြောပြနေသည်ကို တွေ့လိုက်ရသည်။
 “နောက်လဆို ကျွန်တော် ဖုန်းရတော့မယ်ဟု မနေ့က ခွင့်ဖြင့်ပြန်လာတဲ့ ရဲဘော်လေးတစ်ယောက်ကလည်း ကျွန်တော့်ကို နှုတ်ဆက်ရင်း ပြောပြခဲ့သေးသည်။
  ၅၀၀၀တန်ဖုန်းမဟုတ်သော်လည်း တစ်လ၅၀၀၀မျှသာ ဖြတ်မည် ဖြစ်သဖြင့် ဝန်ထမ်းများ အားလုံးနီးပါး ဖုန်းကိုင်နိုင်သွားမည်ဟု ခန့်မှန်းရပြီး တစ်ဦးလျှင် တစ်လုံးမျှသာ လျှောက်လွှာတင်ခွင့်ရခြင်းဖြင့် မှောင်ခိုပုံစံ တဆင့်ပြန်လည် ရောင်းချခြင်းကို ကာကွယ်သွားသည်ကိုလဲ သတိပြုမိသည်။
   ဗုဒ္ဓဟူးနေ့က ဝန်ထမ်းအားလုံးကို လစာ ၃၀၀၀၀ ခန့်ထပ်တိုးပေးမည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး၊  ထိုလစာမှာ ဧပြီလတွင် စတင်အသက်ဝင်မည် ဖြစ်သည်။ ဝန်ထမ်းလောကအတွက် ချက်ချင်းလက်ငင်း အထူးရေပန်းအစားဆုံး သတင်းဖြစ်သွားခဲ့သည်။ ရာထူးကြီးသော ဝန်ထမ်းများ အချို့ ရပေါက်ရလမ်းများသော ဝန်ထမ်းများအတွက် မသိသာသော်လည်း ရပေါက်ရလမ်းမရှိသော ဝန်ထမ်းများ သာမာန် အောက်ခြေဝန်ထမ်းများအတွက်မူ ဦးသိန်းစိန်၏ ထိုဆုံးဖြတ်ချက်မှာ မဟာကယ်တင်ရှင်ကြီး ဖြစ်စေခဲ့သည်။
   “ ကျွန်တော်တို့ လစာတစ်သိန်းကျော်တော့မယ်ဟု အရာခံကြီးတစ်ဦးက ကျွန်တော့်ကို မြို့ထဲက အပြန် ကားဂိတ်တွင်ပြောပြသည်။
   “ ကျွန်တော် အရက်သောက်ဖို့ ရပြီဟု အပေါက်ဝမှ လုံခြုံရေးရဲဘော်လေးကလဲ ဝမ်းသာတကြီးနဲ့ ကျွန်တော်ကို ပြောပြသည်။
   “ နည်းနည်းတော့ ပိုပြီးချောင်လည်နိုင်တာပေါ့ဟု တပ်ကြပ်ဇနီးတစ်ယောက်က မေမေ့ကို ပြောပြနေသည်ကိုလဲ ကျွန်တော်ကြားရသည်။
 ဝန်ထမ်းအရေအတွက် ၃သန်းမျှသာ ရှိသည်ဟုဆိုသော်လည်း ထိုသုံးသန်းကို မှီခိုနေသော မိသားစု အရေအတွက်မှာ ၁၀သန်းမျှ အနည်းဆုံးရှိပြီး ယခုလက်ရှိ လစာတိုးခြင်း၊ ဖုန်းချပေးခြင်းနှင့် မြေကွက်များ ပြန်လည်သိမ်းယူခြင်းတို့မှာ ထို လူ၁၃သန်းကျော်ပေါ်ကို သက်ရောက်မည်ဖြစ်သည်။
 ထို လူ၁၃သန်းသည်လည်း မြန်မာပြည်သူပြည်သားများ ဖြစ်သည်။ ထို၁၃သန်းအတွက် ရည်ရွယ်ပြီး ဖြစ်ပျက်ခဲ့သမျှသည် တပတ်အတွင်း အထူးပြောင်းလဲခဲ့သည်။ ဝမ်းနည်းမှု နာခိုရာမဲ့မှုတွေကို ခံစားစေခဲ့ရသလို အပျော်များ ပီတီများကိုလဲ ခံစားခဲ့ရသည်။ ထို့ကြောင့် မတ်လ ဒုတိယအပတ်သည် ဝန်ထမ်းအသိုင်းအဝိုင်း အတွက် အတက်အဆင်းကြမ်းသော ကာလတစ်ခုလဲ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ကျွန်တော် တွေးမိတာ တစ်ခုရှိပါတယ်။ လတ်တလော ဝန်ထမ်းတွေရဲ့ စိတ်ထဲမှား ဝမ်းနည်းနေမလား ဝမ်းသာနေမလားပေါ့။ မည်သို့ပင်ဖြစ်စေ လတ်တလော ထိုသတင်းများမှာ ဝန်ထမ်းတွေအဖို့တော့ လာမည့်လ ကြားဖြစ်ရွေးကောက်ပွဲအတွက် စိတ်လှုပ်ရှားမှုကောင်းနေမှာကတော့ အသေအချာပင် ဖြစ်သည်။


These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free